ကမ္ဘောဇဘဏ်လီမိတက်မှ အမေရိကန်နိုင်ငံသား Mr. Mike DeNoma ကို Special Advisor to the Chairman, and CEO ခန့်အပ် ဦးအောင်ကျော်မျိုး၊ ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့် တို့အား Deputy CEO များအဖြစ် တိုးမြှင့် ခန့်အပ်

ရန်ကုန်မြို့၊ မေလ ၁၁ ရက်၊ ၂၀၁၇ ခုနှစ် - မြန်မာနိုင်ငံ၏ ဦးဆောင် ပုဂ္ဂလိကဘဏ်ကြီးဖြစ်သော ကမ္ဘောဇဘဏ်လီမိတက်မှ Mr. Mike DeNoma ကို Special Advisor to the Chairman, and CEO အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်သည်။
အမေရိကန်ဖွား Mr. Mike DeNoma သည် မြောက်အမေရိက၊ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပစသည့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းကြီးများတွင် ထိပ်တန်းရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

  Mr. Mike DeNoma သည် ကမ္ဘာ့အကြီးဆုံးဘဏ်ကြီးတစ်ခုဖြစ်သော Standard Chartered Bank Consumer Banking ၏ ကမ္ဘာလုံးဆိုင်ရာအမှုဆောင်အရာရှိချုပ် (Global CEO)၊ Standard Chartered Bank ၏ ဒါရိုက်တာအဖွဲ့ဝင် (Main Board Director)နှင့် Standard Chartered Asia ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ထိပ်တန်းရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ထိုင်ဝမ်နိုင်ငံမှ ဘဏ်ကြီးဖြစ်သည့် Chinatrust Commercial Bank (CTBC Bank) ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (CEO) ရာထူးဖြင့်လည်း တာဝန်ထမ်းဆောင်ခဲ့ကာ အချိန်တိုကာလအတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

Mr. MikeDeNoma သည် ကမ္ဘောဇဘဏ်တွင် စတင်တာဝန်မထမ်းဆောင်မီ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၏ အကြီးမားဆုံး ဟိုတယ်လုပ်ငန်းစုဖြစ်သည့် GLH Hotels ၏ အမှုဆောင် အရာရှိချုပ် (CEO)အဖြစ် Transformation များကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ ထို့အတူ Mr. Mike DeNomaသည် GLH Hotels ၏ မိခင်ကုမ္ပဏီဖြစ်သော GuocoLeisure (GL LIMITED) ၏ အမှုဆောင်အရာရှိချုပ် (CEO) လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍသည် လျင်မြန်စွာတိုးတက်နေပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ဘဏ်ဝန်ထမ်း ၅၀,၀၀၀ ကျော်မှ ၂၀၂၅ တွင် ၁၂၀,၀၀၀ ဦးအထိအလုပ်အကိုင် အခွင့်အလမ်းများ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ၄င်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍ တိုးတက်မှုတွင် ထိပ်ဆုံးမှ ဦးဆောင်ပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဟူသည့် အများယုံကြည် လက်ခံထားသည့် ဂုဏ်သိက္ခာကို နိုင်ငံတကာနှင့် ပြည်တွင်းမှ အရည်အချင်းရှိသူများ ပေါင်းစပ်ကာ တီထွင်ဆန်းသစ်မှုများနှင့်အတူ တည်ဆောက်လျက် ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘောဇဘဏ်လီမိတက်၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်မျိုးသည် Deputy CEO 1 အဖြစ်လည်းကောင်း၊ အမှုဆောင်ဒါရိုက်တာဒေါ်နန်းလိုင်းခမ်းက Deputy CEO 2 အဖြစ်လည်းကောင်း၊ အမှုဆောင်ဒါရိုက်တာဒေါ်နန်းခမ်းနောင့်က Deputy CEO 3 အဖြစ်လည်းကောင်း အသီးသီး ရာထူးတိုးမြင့် ထမ်းဆောင်သွားမည် ဖြစ်သည်။

ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက “Mr. Mike DeNoma ရဲ့  ကြွယ်ဝတဲ့ အတွေ့အကြုံတွေက ကမ္ဘောဇဘဏ်လီမိတက်ရဲ့ အတွေ့အကြုံတွေ ဖြစ်လာပါပြီ။ ဘဏ်လုပ်ငန်းဝန် ဆောင်မှုအသုံးပြုနေတဲ့ Customer များအတွက် ပြည်တွင်းဈေးကွက်နဲ့ ပြည်ပကအတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ပြီး အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ တီထွင်ဆန်းသစ်မှုတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ Mr. Mike DeNoma ဟာ မိသားစုပိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံကောင်းတွေ ရှိပြီး ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် Mr. Mike DeNoma မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အတွက် မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးနိုင်မှာဖြစ်တဲ့အပြင် အရည်အသွေးရှိတဲ့ လူငယ်များအနေနဲ့ ၎င်းထံကနေ လေ့လာသင်ယူပြီး အတွေ့အကြုံကောင်းတွေ ရှာဖွေသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

          ကမ္ဘောဇဘဏ်လီမိတက်၏ Special Advisor to the Chairman, and CEO ဖြစ်သူ Mr. Mike DeNoma က “ကျွန်တော့်အနေနဲ့ အာရှမှာ နှစ်ပေါင်း(၃၀)ခန့် အတွေ့အကြုံရှိခဲ့ပြီး အရှေ့တောင်အာရှဒေသက ဘဏ်တစ်ခုဆီမှာ တစ်ကျော့ပြန် တာဝန်ထမ်းဆောင်ခွင့်ရတာ အလွန်ကျေနပ်မိပါတယ်။ ဒါ့အပြင် ကမ္ဘောဇဘဏ်မှာ သိသာထင်ရှားတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေရှိနေပြီး မြန်မာနိုင်ငံစီးပွားရေးရဲ့ ဗဟိုချက်မလည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကမ္ဘောဇဘဏ်ကို မြန်မာနိုင်ငံရဲ့ ဦးဆောင်ဘဏ်ကြီးအဖြစ် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားနိုင်ရန်၊ ဘဏ်ရဲ့  Customer များအတွက် ၀န်ဆောင်မှုအသစ်များ ပေးအပ်သွားရန်၊ ဘဏ်ဝန်ဆောင်မှု အသုံးမပြုသေးသော ပြည်သူများကို ကူညီပေးသွားရန်၊ မြန်မာ့ဘဏ် လောကအတွက် အရည်အသွေးရှိတဲ့ မျိုးဆက်သစ်များ မွေးထုတ်သွားရန်နဲ့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုတိုးချဲ့တဲ့ နေရာတွေမှာ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ ဘဏ်ဥက္ကဋ္ဌကြီးမိသားစု၊ ဘဏ်ရဲ့ ထိပ်တန်းအရာရှိကြီးများနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

 

Category: 

Share