အလုပ်သင်ဆရာဝန်များ၏ သင်တန်းကာလ နှစ်နှစ်တိုးမည်ဆိုသည့်သတင်း ကောလာဟလသာဖြစ်

ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအကြား အလုပ်သင်ဆရာဝန်သင်တန်းကာလ နှစ်နှစ်တိုးမည်ဆိုသည့် သတင်းများထွက်ပေါ်နေမှုသည် မှန်ကန်မှုမရှိဘဲ ကောလာဟလသတင်းများသာ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားခဲ့သည်။

“အလုပ်သင်ဆရာဝန် သင်တန်းကာလ နှစ်နှစ်တိုးမယ်ဆိုတာ သိရသလောက် မဟုတ်ပါဘူး။ လုပ်ချင်တဲ့သူဆိုရင် ထပ်ပြီးလုပ်လို့ရအောင် Request လုပ်လို့ရတဲ့ သဘောပါ။ အတင်းအဓမ္မ မဟုတ်ပါဘူး။ အရင်ကလည်း အဲဒီလိုအသံတွေ ဖြစ်ဖူးတာပါပဲ”ဟု ရှင်းပြခဲ့သည်။

ထို့ပြင် ဆေးတက္ကသိုလ်များ၌ စာသင်နှစ်တစ်နှစ်လျှင် ကျောင်းသားဦးရေ လျှော့ချရန် အဆိုပြုထားကြောင်း သိရပြီး လက်ရှိ စာသင်နှစ် ခြောက်နှစ်အပါအ၀င် အလုပ်သင်တစ်နှစ်သာ ဆင်းရကြောင်း၊ ယခုနှစ် ဒီဇင်ဘာလအတွင်း Usual Curriculum မှ Integreated  Curriculum အဖြစ်သို့ ပြောင်းလဲသွားရန် ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်ဆေးတက္ကသိုလ် ၁၊ ရန်ကုန်ဆေးတက္ကသိုလ် ၂၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်၊ တောင်ကြီးဆေးတက္ကသိုလ်ဟူ၍ ဆေးတက္ကသိုလ်ငါးခုရှိပြီး ဆေးတက္ကသိုလ်တစ်ခု၏ စာသင်နှစ် တစ်နှစ်လျှင် ကျောင်းသားဦးရေ ၆၀၀ ခန့် မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်မင်း

 

Category: 

Share