ဇာဂနာ မရယ်ရတော့ဘူး (၁၉) - ဇာဂနာ

ဒီစာကို ပန်းမြို့တော် ပြင်ဦးလွင်က ရေးတာပါခင်ဗျ။ မရေးဘဲနေလို့လည်း မရပါဘူး။ ဆရာဇော်သက်ထွေးက ဖုန်းဆက်ပြီး အတင်းရေးခိုင်းတယ်ခင်ဗျာ။ သူတို့လို ၀တ်ဖြူစင်ကြယ်နဲ့ ဘုရားထီးတော်တင်နေတဲ့ ဥပသကာတွေကို ကြောက်ရတယ်ခင်ဗျ။ ပြီးတော့သူက မဘသ (မင်းဘူးသား) ပါခင်ဗျာ။ မင်းဘူးသား မင်းထင်ကိုကိုကြီးတို့၊ မင်းဘူးသား မောင်းလွမ်းဏီတို့၊ မင်းဘူးသား မောင်နီဦးတို့ အားလုံးကို ဇာဂနာ ကြောက်ရပါတယ်။ ကြောက်ကြောက်နဲ့ရေးတဲ့ စာပါ။
ပညတ်သွားရာ ဓာတ်သက်ပါ ဆိုသလိုပေါ့။ ဒါရိုက်တာမီးပွားနဲ့ ပြဿနာဆိုတဲ့ ရုပ်ရှင်ကား ရိုက်လိုက်တာ တစ်ရက်တည်းပဲ ရိုက်ရပါသေးတယ်။ ဆေးရုံပေါ် တန်းရောက်သွားတော့တာပါခင်ဗျာ။ ဒီတုန်းက ပျက်ကွက်ခဲ့လို့ အစားထိုးလျော်ကြေးပေးတဲ့အနေနဲ့ ခုမေလမှာ မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်မှာ လာရိုက်နေရတာပါ။

ပြင်ဦးလွင်ကို ရောက်ရောက်ချင်း ဇာဂနာ သိပ်ပျော်တာပါပဲ။ လျှပ်စစ်မီးမလာဘူးခင်ဗျ။ လာပြန်တော့လည်း မလင်းပြန်ဘူး။ မီးအားကျနေလို့တဲ့။ မလင်းမယ့်သာ မလင်းတာနော် ခဏခဏပြတ်သေး။ အမလေး ဇာဂနာဖြင့် ၀မ်းသာလိုက်တာ၊ တို့ရန်ကုန်တစ်မြို့တည်း ပျက်တာမဟုတ်၊ မေမြို့လည်း ပျက်တယ်ဟလို့ ကြံဖန် ကြေးတိုက်လိုက်တာပေါ့။

ဇာဂနာ ငယ်ငယ်ကတည်းက မေမြို့ကို သိပ်ကြိုက်တာပေါ့။ မေမြို့သွားရမယ်ဆို ပျော်နေတော့တာ။ ရုပ်ရှင် ရိုက်ရမယ်ဆိုလည်း သုံးကား၊ လေးကား  ဆက်ရိုက်ပစ်လိုက်တာ။ အေးတာကိုး၊ မွှေးတာကိုး။ ခုတော့ မအေးတော့ဘူးခင်ဗျ။ ချွေးပြိုက်ပြိုက်ကျနေရပြီ။ မွှေးလည်း မမွှေးနိုင်တော့ပါဘူး။ ကန်တော်ကြီး ရောက်ရောက်၊ ရုက္ခဗေဒဥယျာဉ် ရောက်ရောက် ဟောင်နေတာ အရက်နံ့တွေခင်ဗျ။ ကဆုန်လပြည့်လို နေ့ထူးနေ့မြတ်မှာတောင် အရက်နံ့တွေကြိုင်လို့ လှိုင်လို့။ ဆိုင်ကယ်မောင်းတဲ့ လူကလည်းမူး၊ မြင်းလှည်းဆရာကလည်းမူး၊ စီးတဲ့လူကလည်းမူး။ ကားတွေလည်း မောင်းချင်သလိုမောင်း၊ တိုက်ချင်သလိုတိုက်၊ ပန်းမြို့တော်အစား မူးမြို့တော်လို့တောင် ပြောင်းဖို့ကောင်းနေပါပြီ။ မြို့ခံတွေတော့ ဘယ်လိုနေမယ်မသိ။ ဇာဂနာတို့လို ဧည့်သည်တွေတောင် မခံနိုင်ဘူးခင်ဗျ။

ဇာဂနာတို့တိုင်းပြည်မှာ အတက်ဆုံးအရာက ကုန်ဈေးနှုန်းလို လူပြက်တွေ ပြောပြောနေတာ သဘောမတူဘူးခင်ဗျ။ အတက်ဆုံးက အရက်သောက်နှုန်းပါ။ ဆယ့်လေးငါးနှစ်ကလေးတွေတောင် သောက်နေလိုက်ကြတာ။ တိုင်းပြည်ကို ကြီးပွားအောင်၊ တိုးတက်အောင် ဘယ်လိုလုပ်ချင်လုပ်ချင် ဒီလိုပုံစံမျိုးတွေနဲ့တော့ တန်းဆင်းဇုန်က ထွက်နိုင်ပါ့မလားလို့ စိတ်မသက်မသာ ဖြစ်နေမိတာအမှန်ပါ။ တန်းဆင်းဇုန်ကသာ မထွက်တာ ဖလားရမယ်လို့တော့ သူတို့က ပြောချင်သေး။
တစ်ခါ သတင်းငတ်တယ်။ သတင်းပြတ်တယ်ခင်ဗျ။ ထောင်ထဲမှာတောင် အဲဒီလောက် သတင်းမငတ်ပါဘူး ခင်ဗျာ။ ကြေးမုံ၊ မြန်မာ့အလင်းဆိုတာ နှစ်ရက်မှ တစ်ခါလောက်ဖတ်ရပါတယ်။ ခုလိုသတင်းခေတ်ကြီးထဲမှာ သတင်းနဲ့ဝေးတာတော့ တော်တော်မကောင်းပါဘူး။ မီးမလာ၊ တီဗီမကြည့်ရလို့၊ သတင်းမကြည့်ရ၊ သတင်းစာမလာလို့ သတင်းမသိရ။ ဒီတော့ ဖေ့စ်ဘွတ်ခ်ပေါ်က အတည်မပြုရတဲ့ သတင်းတွေကပဲ တကယ့်သတင်းတွေလို့ ထင်နေကြတာတော့ မခက်ပါလား။ ဇာဂနာ့ကို လာလာပြောတဲ့ လူတိုင်းက ဖေ့စ်ဘွတ်ခ်သတင်းကို  လက်ကိုင်ထားထားပြီး ပြောနေကြတာခင်ဗျ။ ဒါကြောင့်လည်း ခွေးတိုးပေါက်က ၀င်လာသူတွေကို ခြင်္သေ့လို့ ထင်ကုန်ကြတာ ဘယ်ဆန်းပါတော့မလဲ။ ပြန်ကြားရေးဝန်ကြီးဌာနကို အကြံပေးခွင့်ရရင် ပေးချင်ပါတယ်။ တယ်လီဖုန်းတွေထဲကို သတင်းအနှစ်ချုပ်လေးတွေ အခမဲ့ ပို့ပေးကြပါလားခင်ဗျ။ ပြည်သူတွေအတွက်လည်း အကျိုးရှိတာပေါ့။ ခုတော့ ဖားပြုတ်ကိုက်တာကို တရုတ်ရိုက်ပါတယ်လို့ ဖြစ်နေကြတာကိုးခင်ဗျ။

ဖေ့စ်ဘွတ်ခ်ဆိုလို့ တစ်လက်စတည်း ပြောချင်ပါသေးတယ်။ ပို့စ်မှ မတင်ရသေးဘူး။ Like၊ Share မယ်တွေက တော်တော်များနေပါပြီ။ ခုတော့ Public မတင်ရင် Share လို့ မရတော့ဘူးဆိုတာတော့ တော်တော်ကောင်းသွားပါပြီ။ ကိုယ်ဘာလုပ်နေတယ်၊ ဘယ်ရောက်နေတယ်။ ဘယ်သူတွေနဲ့ တွေ့နေတယ် စသဖြင့် အသုံးပြုကြရမယ့်အစား သူများကိုပုတ်ခတ်၊ အပုတ်ချ၊ ဟုတ်ဟုတ်မဟုတ်ဟုတ် ရေးထည့်လိုက်ရမှ ဆိုတာမျိုးတွေ များလာကြတာ တော်တော် စိတ်မသက်မသာဖြစ်စရာပါ။

ဇာဂနာတို့ ရုပ်ရှင်ရိုက်နေတုန်း ပရိသတ်တစ်ယောက်က လာပြတယ်ခင်ဗျ။ ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ရေကူးဝတ်စုံနဲ့ပို့စ်ပါ။ ရေးထားတာက စင်ကာပူမှာ သူ့ဘဲနဲ့ ဘယ်လိုပျော်ပါးနေတယ်ဆိုတာပေါ့။ နောက်မှာ ကုက်္ကိုင်းရေကူးကန်စာတန်းပြောင်းပြန်ကို တွေ့နေရပါတယ်။ အဲဒီလူကို ဇာဂနာ ဘယ်လိုရှင်းပြရမလဲ။ တစ်ခါ အဲဒီလိုတင်ထားတဲ့ ပို့စ်ကို Share လုပ်ထားတဲ့သူထဲမှာ စာရေးဆရာတစ်ယောက်ပါနေပါသေးတယ်။ ဒါကို ဟုတ်တယ်၊ မဟုတ်ဘူး၊ မှန်တယ် မမှန်ဘူးဆိုတာ ဆင်ခြင်သိနဲ့ မကြည့်ကြတော့ဘူးကိုးလို့ စိတ်မသက်မသာ ဖြစ်ရပြန်ပါတယ်။

ဇာဂနာလည်း စိတ်မသက်မသာတာတွေ များနေပြီထင်ပါတယ်။ ဒါလည်း အကျင့်ပါလို့ပါ။ ၁၉၈၈ တုန်းက သတင်းစာမှာရော ရုပ်မြင်သံကြားမှာပါ ဆရာတော်ကြီးများမှ စိတ်မသက်မသာ ဖြစ်ရပါသည်ဆိုတာ ခဏခဏ ဖတ်ခဲ့ကြားခဲ့ရတာကိုး။ ခုတော့ ဆရာတော်ကြီးတွေလည်း စိတ်မသက်မသာ မဖြစ်တော့ဘူးထင်ပါရဲ့။ ဒါကြောင့် ဇာဂနာမရယ်ရတာ ဘာဆန်းလဲခင်ဗျာ။
ဇာဂနာ

Category: 

Share