သရုပ်ဆောင်ရဲတိုက် အကျဉ်းထောင်မှ လွတ်မြောက်ရန် ခြောက်လခန့်သာလိုတော့ဟု ဒါရိုက်တာရီဇော်ပြော

မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံထားရသော သရုပ်ဆောင်ရဲတိုက်၏ ခံစားချက်စာကို ရေးသားထားမှုသည် အွန်လိုင်းစာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက တောင်ငူအကျဉ်းထောင်၌ သွားရောက် တွေ့ဆုံဖြစ်ခဲ့သော ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ရဲတိုက်လွတ်မြောက်ရန် ၆ လခန့်သာ လိုတော့ကြောင်း ပြောသည်။

“ပုံမှန်ဆိုသလို သွားတွေ့ဖြစ်ပါတယ်။ သူလွတ်ဖို့က ခန့်မှန်းကြည့်သလောက်ဆိုရင် ခြောက်လလောက်တော့ လိုဦးမယ်ထင်တယ်။ စာတိုလေးက သူ့ခံစားချက်လေးကိုရေးပြီး ထည့်ပေးလိုက်တာပါ။ လက်ရှိတော့ ကျန်းမာရေး ကောင်းမွန်နေပါတယ်။ သူလွတ်လာတဲ့အချိန်မှာပဲ ကျန်းမာရေးကောင်းမွန်စွာနဲ့ ဖြစ်ပါစေလို့ ဆုတောင်းတယ်။ သူ့အတွက် ဇာတ်ညွှန်းတွေလည်းရှိထားလို့ ချက်ချင်း ဇာတ်ကားရိုက်ကူးမှု ပြုလုပ် ဖြစ်မှာပါ”ဟု ၄င်းကပြောသည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ဆေးခြောက်အနည်းငယ် လက်ဝယ်တွေ့ရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းအမိန့်ကို အယူခံဝင်ခဲ့ရာ တစ်နှစ်လျှော့ပေါ့ ပေးခဲ့ခြင်းဖြင့် ငါးနှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ခရစ်ယာန်ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ၂၀၁၄ စက်တင်ဘာ၌ ဗိုလ်တထောင်မြို့နယ်တရားရုံးက ဘာသာသာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရပြီး နှစ်မှု ပေါင်း ထောင်ဒဏ်ခြောက်နှစ် ကျခံခဲ့ရခြင်းဖြစ်သည်။      

 

Category: 

Share