ကနေဒါနှင့် အမေရိကန်တို့ ဂျပန်တွင် ထိုးသတ်မည့် ရိုးရာလက်ဝှေ့ချန်ပီယံလုပွဲ

မြန်မာမီဒီယာဂရု(ပ်)နှင့် အပြည်ပြည်ဆိုင်ရာလက်ဝှေ့ အဖွဲ့ချုပ်(ဂျပန်)တို့ စီစဉ်သည့် Lathwei in Japan -4 ကို ဇွန်လ ၁၆ ရက်နေ့တွင် Tokyo Dome Hall ၌ ကျင်းပမည်ဖြစ်ရာ လက်ရှိမြန်မာပြည်ချန်ပီယံ ဒေ့ဗ်(ကနေဒါ)နှင့် ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံဟောင်း အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်(၀ါရှင်တန်)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဟု သိရသည်။ ပွဲစီစဉ်သူ ဦးဝဏ္ဏက “ပထမတော့ ဒေ့ဗ်နဲ့ စောငမန်းနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ စောငမန်းတောင်းတဲ့ ထိုးသတ်ကြေးက များလွန်းတော့ ဂျပန်ဘက်က မပေးဘဲ တခြားသူတစ်ယောက် ရှာခိုင်းလို့ မြန်မာ့ရိုးရာလက်ဝှေ့ကို ကျွမ်းကျင်စွာ ထိုးသတ်တတ်တဲ့ ဆိုင်းရပ်စ်ကို  ဆက်သွယ်လိုက်တာပါ”ဟု ပြောသည်။

အဆိုပါပွဲတွင် တွဲဆိုင်း ၇ ဆိုင်း ပါဝင်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ အမျိုးသားရိုးရာလက်ဝှေ့ကျော်များဖြစ်သော ဖျံသွေး၊ သားအသည်းတစ်ပွင့်၊ ရာဇာ၊ ကျားဘဟိန်းတို့အပြင် အမျိုးသမီး လက်ဝှေ့ကျော်များဖြစ်သော ဆုလှိုင်ဦးနှင့် ဘရော်နီကာတို့လည်း ပါဝင်ထိုးသတ်မည်ဖြစ်သည်။ ထို့အပြင် အဆိုပါပွဲကို FIDE Abema နှင့် GRIT အင်တာနက်ရုပ်သံလိုင်းများက နိုင်ငံပေါင်း ၄၀ သို့ အခမဲ့ ထုတ်လွှင့်ပြသမည်ဟု သိရသည်။ မြန်မာနိုင်ငံအတွက်လည်း အခမဲ့ဖြစ်စေ လွန်စွာ သက်သာသောနှုန်းထားဖြင့်ဖြစ်စေ ပြသရန် စီစဉ်နေကြောင်း ဂျပန်ဘက်မှ ပွဲစီစဉ်သူ မစ္စတာနာကာမူရက Tomorrow သို့ ပြောကြားခဲ့သည်။ မြန်မာမီဒီယာဂရု(ပ်)နှင့် အပြည်ပြည်ဆိုင်ရာလက်ဝှေ့ အဖွဲ့ချုပ် (ဂျပန်) တို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာမှ ၂၀၁၇ အောက်တိုဘာအထိ ပွဲပေါင်း ၆ ပွဲ ထိုးသတ်ရန်နှင့် ၂၀၀၈ ခုနှစ်အတွင်း ပွဲပေါင်း ၄ ပွဲ ထိုးသတ်ရန် စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

 

Category: 

Share