FDA မှ သတ်မှတ်ချက်များ မပါရှိသော စားသောက်ကုန်များကို သြဂုတ်လကုန်မှ စတင်အရေးယူမည်

အစားအသောက်များ၏ အမှတ်တံဆိပ်ဖော်ပြချက်တွင်  FDA မှ ထုတ်ပြန်ထားသည့် Leviling Law အရ သတ်မှတ်ထားသော အချက်များအနက် အချက် ၆ချက် မပါရှိပါက သြဂုတ်လကုန်မှစ၍ စိစစ်အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာန(  FDA) မှ သိရသည်။

“FDA က ထုတ်ထားတဲ့  Leviling Law ဆိုတာ ရှိတယ်။ အဲဒီထဲကမှ အနည်းဆုံးမဖြစ်မနေ အချက်(၆)ချက်တော့ ပါရမယ်ဆိုတာကို ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က အစည်းအဝေးလုပ်ဖို့ လုပ်ထားတယ်။ ဒါပေမဲ့ အဲဒီရက်မှာ ကုန်သည်တွေက အဆင်မပြေလို့ဆိုပြီး မလုပ်လိုက် ရဘူး။ အဲဒီကနေ ကုန်သည်တွေက ရက်ရွှေ့ပေးဖို့ပြောတော့ အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ရဲ့ ဗဟိုကော်မတီ အစည်းအဝေးကနေ နောက်သုံးလကျ လုပ်မယ်ပြောတယ်။ အဲတော့အစည်းအဝေးက လာမယ့် ဇွန်လမှာ လုပ်မယ်ဆိုတော့  အရေးယူဖို့က သြဂုတ်နောက်ဆုံးပတ်မဟုတ်ရင် စက်တင်ဘာလောက်ဖြစ်မှာပေါ့”ဟု FDA ၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးက ပြောကြားခဲ့သည်။

ယခုနှစ် ဇွန်လတွင် ပြုလုပ်မည့်  အဆိုပါ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ ဗဟို ကော်မတီအစည်းအဝေးသည် နိုင်ငံလုံးဆိုင်ရာ ပြုလုပ်မည်ဖြစ် ပြီး FDA ၊ အထွေထွေအုပ်ချူပ်ရေးမှူး၊ ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကုသရေး၊ စားသုံးသူရေးရာ၊ စည်ပင်သာယာရေးကော်မတီ အစရှိသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီအစည်းအဝေးကနေ  Food Safety နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ပေါ်လစီတွေ ချမှတ်ဖို့ပေါ့။ နောက် အစားအသောက်ဥပဒေကလည်း ဆွဲနေတာ မပြီးသေးဘူး။ အဲဒါလည်းပါမယ်။ ဖြေလျှော့စရာရှိတာတွေလည်း လျှော့ဖို့ ပါမယ်ပေါ့။ခုလောလောဆယ်ဆို  FDA မှာ မှတ်ပုံတင်ရင် ကြာတယ်ပေါ့။ အဲဒီတော့ မကြာအောင်ဘယ်လိုလုပ်မလဲ၊ အွန်လိုင်းစနစ် ဘယ်လိုလုပ်မလဲပေါ့။ Leviling Law မှာပါတယ်။ အချက် ၆ ချက်ရောပေါ့”ဟု ဒေါက်တာဥက္ကာဖြိုးက ဆက်လက်ပြောကြားခဲ့သည်။

အစားအသောက် ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်သည့် အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် (၁) ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ရက်စွဲ တိကျစွာဖော်ပြရန်၊ (၂) FDA ထောက်ခံချက်ရှိမရှိ (လျှောက်ထားဆဲဖြစ်ပါက လျှောက်ထဲဆဲဟု ဖော်ပြရန်)၊ (၃)လုပ်ငန်းလိုင်စင်အမှတ်၊ (၄) ပါဝင်သည့်ပစ္စည်းများကို မြန်မာဘာသာဖြင့် ရှင်းလင်းစွာ ထည့်သွင်းဖော်ပြရန်၊ (၅) ဆက်သွယ်ရန်ဖုန်း၊ Email ၊ (၆) လုပ်ငန်း တည်နေရာလိပ်စာ စသည့် အချက် ၆ ချက်ကို မဖြစ်မနေဖော်ပြ ရန် လိုအပ်ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၆ ခုနှစ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့သည့်အမှုပေါင်း ၁၀၀ကျော် ရှိကြောင်း၊ ဈေးကွက်အတွင်း ရောက်ရှိနေသော အန္တရာယ်ရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို ပိုက်စိပ်တိုက် ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရွှေရင်ငြိမ်းအေး

Category: 

Share