ချစ်သူဟောင်းအပေါ် ခံစားချက်ကို သီချင်းတစ်ပုဒ်အဖြစ် ဖန်တီးရေးဖွဲ့မည့် အဆိုတော်ကောင်းကောင်း

ရှစ်နှစ်ကြာတွဲခဲ့သည့် ချစ်သူဟောင်းအပေါ်ခံစားချက်ကို သီချင်းသစ်တစ်ပုဒ်အဖြစ် ဖန်တီးရေးဖွဲ့ကာ အွန်လိုင်းပေါ်တွင် နှစ်ပတ်အတွင်းဖြန့်ချိသွားရန် အစီအစဉ်ရှိကြောင်း အဆိုတော်ကောင်းကောင်းက  Tomorrow ဂျာနယ်သို့ ပြောသည်။

“လတ်တလောအကြောင်းအရာ တိုက်ဆိုင်တဲ့သီချင်းကို အွန်လိုင်းမှာ ဖြန့်သွားမှာပါ။ တွဲလာတာကြာပြီးမှ ဒီလို လုပ်စရာလား ပြောနေကြတဲ့သူတွေရှိတယ်။ တချို့က အကြောင်းအရာကို သေချာမသိတာလည်းဖြစ်မယ်။ အခုက ဆုံးဖြတ်လို့မရတဲ့ အခြေအနေတွေကြောင့် ဆုံးဖြတ်လိုက်ရတာပါ။ ကိုယ့်ဘက်က ကြည့်ရင်တော့ ရှေ့ဆက်ပြီးသွားဖို့ အဆင်မပြေတော့လို့ပါ။ ကိုယ့်ဘက်ကကြည့်ရင်တော့ မှန်တယ်လို့ပဲမြင်တယ်။ သူနဲ့   ကျွန်တော်အေးခဲနေတာလည်း ကြာပါပြီ”ဟု ၄င်းကပြောသည်။

လတ်တလောအချစ်ရေးကို ပရိသတ်များ ဝေဖန်ပြောဆိုနေကြသော်လည်း လက်ရှိတွဲနေသည့်မိန်းကလေး၏ ဂုဏ်သိက္ခာကို ငဲညှာသောအားဖြင့် အိမ်ထောင်ပြုမည့်အစီအစဉ်ကို ယခင်ကထက် ကြန့်ကြာခြင်းမရှိဘဲ အမြန်ဆုံး စီစဉ်သွားမည်ဖြစ်ကြောင်း သိရပြီး လက်ရှိ ချုပ်ချယ်နှောင်ဖွဲ့မှုကင်းစွာဖြင့် အနုပညာလုပ်ငန်းများ ဖန်တီးချင်သောကြောင့် လမ်းခွဲရခြင်းဖြစ်ကြောင်း ကောင်းကောင်းက ပြောသည်။

“သူနဲ့တွဲတာက ရှစ်လလောက်ပဲ ရှိပါတယ်။ ကိုယ့်ကောင်မလေးဘက်က မဟုတ်တာခံရတဲ့ အပိုင်းလည်းရှိတယ်။ ဒါကြောင့် ကောင်မလေးရဲ့ ဂုဏ်သိက္ခာဘက်ကို ကြည့်ပြီး အိမ်ထောင်ပြုဖို့ အရင်ထက်စာရင် အစောဆုံးဖြစ်လာမှာပါ”ဟု အဆိုတော်ကောင်းကောင်းက လက်ရှိတွဲနေသည့်ချစ်သူအပေါ် ခံစားချက်ကို ပြောသည်။

အဆိုတော်ကောင်းကောင်းသည် Melody World ပြိုင်ပွဲမှ အနုပညာလောကထဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ဗီဒီယိုနောက်ခံတေးများ၌ သီဆိုနေသည့်အပြင် “မတူညီသောညီမျှခြင်း” အမည်ဖြင့် တစ်ကိုယ်တော်တေးစီးရီးထွက်ရှိရန် စီစဉ်နေကြောင်း သိရသည်။

ဇင်မင်း

 

Category: 

Share