“အပျိုကြီးဖြစ်ဖို့များတယ်”ဟုဆိုသည့် အိုင်းရင်းဇင်မာမြင့် အချစ်ရေးနှင့် ပတ်သက်သည့်ခံစားချက်အား သီချင်းအဖြစ်ပြောင်းလဲရန် အစီအစဉ်မရှိဟုဆို

 ချစ်သူနှင့် ၇နှစ်ကြာလက်တွဲခဲ့ပြီးနောက် လမ်းခွဲပြတ်စဲခဲ့သည့် အဆိုတော်အိုင်းရင်းဇင်မာမြင့်သည် အနုပညာလုပ်ငန်းများကို အချိန်ပိုပေး၍ လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိ အသည်းကွဲခံစားချက်ကို သီချင်းအဖြစ် ပြောင်းလဲသွားရန် အစီအစဉ်မရှိဘဲ နောက်ပိုင်းအချစ်ရေးသည် အပျိုကြီးဖြစ်ရန် သေချာသလောက်ရှိသည်ဟုဆိုသည်။

“အသည်းကွဲသီချင်းတွေဆိုနေတဲ့ကျွန်မအတွက် သီချင်းတွေက တိုက်ဆိုင်သွားခဲ့တယ်။ ပြန်လှည့်မကြည့်ဘူးဆိုတဲ့ သီချင်းနဲ့တောင် ပိုပြီး တိုက်ဆိုင်သွားတယ်။ စိတ်ထဲမှာရှိတာ ပြောရရင် နောက်ပိုင်းအချစ်ရေးက အပျိုကြီးဖြစ်ဖို့များမယ်။ အခုလိုခံစားချက်ကို သီချင်းအဖြစ် ပြောင်းလဲသွားဖို့တော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ရေးတဲ့အခါကျရင် ကိုယ့်ဘက်က အမှန်ချည်းပဲ ရေးနေတာမျိုးတွေရှိမယ်။ သူများကို ကိုယ့်ခံစားချက်ရှိတယ်၊ ဒီလိုရေးပေးပါလို့လည်း မပြောချင်ဘူး။ ဒီကိစ္စအမှားအမှန် အချိန်တစ်ခုက အဖြေပေးသွားပါလိမ့်မယ်”ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အွန်လိုင်းကတဆင့် အချစ်ရေးနှင့်ပတ်သက်သော အကြောင်းအရာတို့ကို ဗီဒီယိုဖိုင်ဖြင့် ပြောဆိုခဲ့ပြီးနောက် အဆိုတော်ကောင်းကောင်းဘက်မှ လမ်းခွဲရသည့်အကြောင်းအရာကို ပြန်လည် ဖြေရှင်းထားမှုအပေါ်  ပရိသတ်များစိတ်ဝင်စားမှုရှိခဲ့ပြီး အွန်လိုင်းစာမျက်နှာ၌ နှစ်ဖက်ပရိသတ် ဝေဖန်ပြောဆိုရေးသားမှုများလည်း ရှိလာခဲ့သည်။  

 လတ်တလောတွင် အိုင်းရင်းဇင်မာမြင့်သည် ဒုတိယတစ်ကိုယ်တော်တေးစီးရီးကို ဇွန်လ ၃ ရက်နေ့တွင် ထွက်ရှိရန် စီစဉ်ထားကြောင်းသိရပြီး ပြန်လှည့်မကြည့်ဘူး၊ နှလုံးသားအရင်းအနှီး၊ အဖြည့်ခံ၊ ဘယ်လို အချစ်မျိုးလဲစသော တေးသီချင်းများဖြင့် အောင်မြင်ကျော်ကြားခဲ့သော တေးသံရှင်တစ်ဦးဖြစ်သည်။

ဇင်မင်း

Category: 

Share