ဆရာကြီးတွေ ကံကောင်းသွားတယ် - မာဂျေ

မာဂျေတို့ဆိုတာ ဆရာကြီးသိပ္ပံမောင်ဝတို့၊ ဆရာကြီးမောင်ထင်တို့၊ ဆရာကြီးမန်းတင်တို့ရဲ့ သရော်စာတွေ၊ ဆရာသော်တာဆွေတို့၊ ဆရာကြပ်ကလေးတို့ရဲ့ ဟာသတွေနဲ့ ကြီးပြင်ခဲ့သူတွေပါ။ တစ်ဖက်မှာလည်း ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးဒဂုန်ရွှေမျှားတို့ရဲ့ စုံထောက်ဝတ္တုတွေ ဖတ်ခဲ့တာပေါ့။ တကယ်တမ်းပြောရရင် အဲဒီဆရာကြီးတွေ လူဖြစ်တာ စောသွားလို့ နာမည်ကျော်တွေ ဖြစ်တာလို့ ထင်ပါသဗျ။ အခုခေတ်မှာသာ စာရေးဆရာဖြစ်ရင် ဒါမှမဟုတ် သူတို့ခေတ်ကတည်းက ဖေ့စ်ဘွတ်ခ်ဆိုတာပေါ်ခဲ့ရင် သူတို့အနေနဲ့ စာရေးဆရာဖြစ်ဖို့ နေနေသာသာ တရားချည်း အစွဲခံရင်ခံရ၊ တစ်ချိန်လုံး တောင်းပန်ချည်းနေရင်နေရ၊ တစ်ချိန်လုံး ဆန္ဒအပြချည်းခံရင်ခံရ တစ်ခုမဟုတ်တစ်ခုတော့ ကြုံတွေ့ရမယ်ထင်တယ်။
ဘာလို့လဲဆိုတော့ ကိုယ်တိုင်သာ ဘာမှမဖြစ်မရှိတာ။ မြန်မာလူမျိုးဆိုတာ သူများကို ဝေဖန်ရမယ်ဆိုရင်တော့ ထိပ်တန်းတွေကိုးဗျ။ ဆရာကြီးသိပ္ပံမောင်ဝဆိုရင် သူသိပ်ကြည့်မရတဲ့ တပေကုလားဆိုတဲ့ ရွာကိုများ ရေးထားလိုက်တာ ရစရာမရှိဘူး။ ဒီခေတ်လိုသာဆို တစ်ရွာလုံး ရန်ကုန်တက်ပြီး ဆန္ဒပြရင်ပြ၊ မပြရင် ဖွဘုတ်မှာ တပေကုလားချစ်သူများ (တလွဲလည်း တွေးမနေကြနဲ့ဦးဗျ။ တပေကုလားဆိုတာ ရွာနာမည်)ဆိုပြီး ၀က်ဝက်ကွဲ ဆူညံသွားမှာ အသေအချာ။ အဲဒီလိုပဲ ရှားလော့ဟုမ်းကို မြန်မာမှုပြုပြီး စုံထောက်ဦးစံရှားတို့ ရေးခဲ့တဲ့ ဆရာကြီးရွှေဥဒေါင်းတို့၊ စုံထောက်ဦးထင်ကျော်ဝတ္တုတွေရေးခဲ့တဲ့ ဆရာကြီးဒဂုန်ရွှေမျှားတို့ဆိုရင်လည်း တစ်ချိန်လုံး ဆန္ဒပြခံနေရမှာ။ ဘာလို့လဲဆိုရင် သူတို့ဇာတ်အိမ်တည်လိုက်ရင် ကင်းဘဲလမ်းတို့၊ ဘရုတ်ကင်းလမ်းတို့၊ သော်မဆင်လမ်းတို့မှာချည်း လူသတ်မှုတွေ အဖြစ်များတာကိုး။ မြို့ထဲမှာဆိုရင် ကသာတို့၊ ကောလင်းတို့၊ ထီးချိုင့်တို့ပေါ့။ ဒီခေတ်သာဆိုရင် ဖွဘုတ်ကနေ ဒီဆရာကြီးတွေရဲ့ ပုံတွေတင်ပြီး အပုပ်ချခံ ရမယ်။ အဲဒီမြို့တွေလမ်းတွေမှာနေတဲ့ သူတွေက လမ်းပေါ်ထွက်ပြီး သူတို့မြို့ကို၊ လမ်းကို  ရာဇ၀တ်ထူပြောတဲ့ မြို့တွေ၊ လမ်းတွေအဖြစ် စာထဲမှာရေးတာကို ကန့်ကွက်ကြလိမ့်မယ်။ ဒါမှမဟုတ် လမ်းအသရေဖျက်မှုတို့၊ မြို့အသရေဖျက်မှုတို့ ရွာသရေဖျက်မှုတို့နဲ့ တရားစွဲခံရင်ခံရလိမ့်မယ်။ ဆရာရွှေဥဒေါင်းရဲ့ ဇာတ်လိုက်ကျော် ဇော်ဟိတ်ဆိုရင် လက်ဝှေ့အသတ်အပုတ် သိပ်ကောင်းတဲ့ ဇာတ်လိုက်ဖြစ်တယ်။ ဒါပေသိ ဒီခေတ်မှာသာ ဇော်ဟိတ်ရဲ့ သတ်လုံးသတ်ပေါက်က ဘာတွေမှားနေတယ်တို့ တကယ်ဆိုရင် ဘယ်လိုသတ်ရမှာတို့ဆိုပြီး အလင်းပြမယ့်စဆရာကတွေလို့ ဖွဘုတ်မှာ အမည်ပေးခံရတဲ့ ဆရာကြီးတွေ အလျှိုလျှိုပေါ်လာလိမ့်မယ်။ အဲလိုများသာဆိုရင် ဆရာကြီးတွေအနေနဲ့ ဆေးတံကြီးတွေခဲပြီး စာဆက်ရေးဖို့ စဉ်းစားကြရလိမ့်မယ်။ ဆရာ သော်တာဆွေဆိုရင် ပြင်ပသက်ရှိ လူတွေကို သူကဇာတ်ကောင်အနေနဲ့ ထည့်သုံးလေ့ရှိတယ်။ သူ့ခေတ်သူ့အခါက သူနဲ့ခေတ်ပြိုင် စာရေးဆရာတွေဖြစ်တဲ့ ဆရာသန်းဆွေတို့၊ ဆရာမင်းရှင်တို့ စသဖြင့်ပေါ့။ ရေးလိုက်ရင်လည်း တစ်ယောက်မှ အကောင်းမပါဘူး။ ဒီခေတ်လိုသာဖြင့် ဆရာသော်တာဆွေဟာ တရားရုံးကတောင် ဆင်းရဖွယ်မရှိဘူး။ ကာယကံရှင်တွေက မစွဲတောင် ဟာသဆိုတာ ဘာမှန်းမသိ၊ သရော်စာဆိုတာ ဘာမှန်းမသိတဲ့ ဘေးက သည်းသည်းလှုပ်ပရိသတ်တွေက ငါတို့ကဆရာသန်းဆွေရဲ့ ဖန်တွေဆိုပြီး ငိုကြယိုကြ၊ စာအုပ်တိုက်ကို မီးရှို့မယ်တို့၊ တရားစွဲမယ်တို့နဲ့ ခြိမ်းခြောက်ကြလိမ့်မယ်။ မီဒီယာ ကျင့်ဝတ်နားမလည်ဘူးလားတို့၊ စာရေးဆရာကျင့်ဝတ် မသိဘူးလားတို့နဲ့ အော်ကြလိမ့်မယ်။ ခပ်ရွတ်ရွတ်နဲ့ ဟင့်အင်းမသိဘူး။ အဲဒီကျင့်ဝတ်လေးတစ်ခုလောက် ပြောပြပါလား၊ ရေးပြပါလားဆိုရင် သူတို့လည်း ဘာမှမသိတာ၊ မဟုတ်ဘဲ ပြောနေတာ ပေါ်လာလိမ့်မယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်က ၄၃၆ အလိုမရှိဆိုတာတွေ ခေတ်စားခဲ့တယ်။ အဲဒီ ၄၃၆ ဆိုတာ ဘာလဲလို့ မကြိုက်ဖူးဆိုတဲ့သူတွေကို မေးကြည့်တော့ သူတို့လည်း ၀ါးတားတားရယ်။ ဘာမှသိတာ မဟုတ်ဘူး။ တစ်ယောက်က ရှေ့ကစရင် အကုန်လုံးရောတိရောရာ ငါလည်းပါ လုပ်နေကြတာ။

ဆရာကြီးရွှေဥဒေါင်းရဲ့ တချို့ဝတ္တုတွေမှာဆိုရင် လူသတ်သမားက ရဟန်းယောင်ဆောင်တာတို့၊ လူသတ်သမားက ကိုရင်လေးယောင်ဆောင်တာတို့တွေ ထည့်ရေးထားတယ်။ ဒီခေတ်မှာသာ အဲဒီလိုရေးရင် ငါတို့က အမျိုးဘာသာသာသနာကို စောင့်ရှောက်နေတာဆိုတဲ့ သူတွေရဲ့ကန့်ကွက်မှုတွေ၊ ရှုတ်ချမှုတွေ၊ တရားစွဲမှုတွေ ခံသွားရနိုင်တယ်။ အဲဒီခေတ်က ၀တ္တုတွေကြည့်ရင် တရုတ်၊ ကုလားဆိုတာ လူဆိုးခန်းက ချည်းပဲ။ ဒီခေတ်သာ ရေးလိုက်လို့ကတော့ လူမျိုးရေးခွဲခြားတယ်တို့ ဘာသာရေးခွဲခြားတယ်တို့ဆိုတဲ့ ပုဒ်မအကြီးကြီးတစ်ခု အတပ်ခံရဦးမယ်။ ဒါကြောင့် ဒီဆရာကြီးတွေ အတော်ကံကောင်းလိုက်တာ။ အတိတ်ကံကောင်းလို့ စောစောလူဖြစ်၊ ရေးချင်တာတွေ တ၀ကြီးရေးပြီး သူ့သက်တမ်းအလိုက် ကွယ်လွန်သွားကြတာ အေးအေးချမ်းချမ်းပဲ။

ဒီခေတ်လူဖြစ်ရတဲ့ စာရေးဆရာတွေက မချောင်ပေါင်ဗျာ။ အလကားနေရင်း တရားစွဲမယ်ဆိုတာ ခြိမ်းခြောက်ခံရသလို၊ ဖွဘုတ်ဆိုတဲ့ လက်သီးပုန်းထိုးတဲ့ နေရာကြီးကနေ မဟုတ်တရုတ် တိုက်ခိုက်တာတွေက ခံရဦးမယ်။ ဆရာကြီးအီကြာကွေးဆိုရင် ဟာသရော၊ သရော်စာရော နှစ်ဖက်စလုံးထူးချွန်တဲ့ ဆရာကြီးပေါ့။ ဆရာကြီးက ဇာတ်သဘင်လောက တဖြည်းဖြည်းကျဆင်းလာနေတာကို လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက် ကတည်းက စိန်အီကြာဆိုတဲ့ ဇာတ်ဆောင်တစ်ယောက်မွေးပြီး ပယ်ပယ်နယ်နယ်ရေးခဲ့တာပါ။ ဆရာကြီးလည်း ကွယ်လွန်သွားတာ ကံကောင်းပါတယ်။ အခုနေသာရေးရင် ဘာအစည်းအရုံးတို့၊ ညာအစည်းအရုံးတို့၊ ဘယ်မင်းသားချစ်သူများအဖွဲ့တို့ ဘာတို့ကဆရာကြီးကို ကန့်ကွက်စာထုတ်တာတို့ ရှုတ်ချတာတို့ တရားစွဲတာတို့ လုပ်နေလောက်ပြီ။

ဟိုးအရင်ကတော့ တိုင်းကျော်ပြည်ကျော်တစ်ယောက် ကွယ်လွန်ရင် အသေစောလို့ နှမြောလိုက်တာဆိုပြီး ပူဆွေးကြတမ်းတကြတယ်။ ဒါပေသိ မာဂျေကတော့ အဲဒီဆရာကြီးတွေ အသေစောလို့ ကံကောင်းသွားတယ် မှတ်ပါလို့ပဲ ပြောချင်တယ်။ နို့မို့ အသက်တစ်ရာတန်းများနေရရင် အိုကြီးအိုမမှ တရားရုံးသွားရ၊ တောင်းပန်စာတွေထည့်ရနဲ့ အသေတောင်ဖြောင့်မှာ မဟုတ်ဘူး။ အော်လောကလောက၊ မာ့ခ်ဇူကာဘတ်ဆိုတဲ့ လူတစ်ယောက်က တစ်ကမ္ဘာလုံးက သတင်းမီဒီယာ၊ ဖျော်ဖြေရေး၊ နည်းပညာ၊ အားကစားစတာတွေကို သူ့ရဲ့ဖွဘုတ်ပေါ်မှာ အကုန်ကြည့်လို့ရအောင် လောဘကြီးပြီး သမုဒ္ဒရာရေ သူတစ်ယောက်သောက်ဖို့ ကြံတာက အရေးမကြီးဘူး။ ဖွံ့ဖြိုးစနိုင်ငံတွေမှာ သူ့ဖွဘုတ်သုံးပြီး ဆူပူအုံကြွမှုတွေ ဖြစ်တာ၊ ရာဇ၀တ်မှုတွေ ကျူးလွန်တာ၊ ကလေးသူငယ်တွေ အနိုင်ကျင့်ခံရတာ လူညီရင် ဤကိုကျွဲဖတ်ဆိုသလို အုပ်စုဖွဲ့တိုက်ခိုက်တာတွေက အရင်ကောင်းဘွိုင်ခေတ်ကလိုပဲ။ တစ်ခုပဲကွာတယ်။ ကောင်းဘွိုင်ခေတ်က ကြည့်မရတဲ့သူကို သေနတ်နဲ့ရှင်းတယ်။ အခုခေတ်က ကွန်ပျူတာနဲ့ရှင်းတယ်။ သေနတ်နဲ့ရှင်းတာက ယောက်ျားပီသစွာ သူသေကိုယ်သေရှင်းရတာ။ ကွန်ပျူတာခေတ်မှာတော့ ကိုယ်ဘယ်သူဆိုတာ ပြစရာမလိုဘဲ ချုံထဲက လက်သီးပုန်းထိုးကြတာ။ ဒါကြောင့် ဟိုတယ်မှာ မီးပျက်တဲ့ကိစ္စဟာ နိုင်ငံတော်ပုန်ကန်မှုလောက် ဖြစ်သွားတယ်။ တံတားတစ်ခုအမည်ပေးတဲ့ကိစ္စက လွှတ်တော်ထဲအထိရောက်သွားတယ်။ ပုံနှိပ်မီဒီယာတွေ ရုပ်သံတွေမှာ တစ်ခုခုမှားတာနဲ့ တောင်းပန်ရ၊ တရားစွဲခံရဖြစ်နေချိန်မှာ နိုင်ငံတော်လျှို့ဝှက်ချက်အဆင့် သတင်းမျိုးကို လက်သီးပုန်းထိုးလို့ရတဲ့ ဆိုရှယ်မီဒီယာဖွဘုတ်ပေါ်မှာ ခပ်တည်တည်  ဖော်ပြနေကြတယ်။ ရှေးဆရာကြီးတွေသာ အခုနေရှိသေးရင် မာဂျေရေ အဆိပ်သာယူခဲ့ပါကွယ်။ ဒီလောက်ရှုပ်တဲ့ လောကကြီးမှာဖြင့် မနေချင်တော့ပါဘူးဆိုပြီး အုပ်စုလိုက် အဆိပ်သောက်သေကြလိမ့်မယ်ဆိုတာ အသေအချာ ပြောရဲကြောင်းပါခင်ဗျ။
မာဂျေ

Category: 

Share