ခန္တီးရတနာနယ်မြေ၊ နောင်စီဘွန်မကျန်ခကျောက်စိမ်းလုပ်ကွက်ပဋိပက္ခတွင် ပါဝင်သူကိုလင်းကိုထက်နှင့် အင်တာဗျူး

“ဦးပိုင်ရဲ့လုပ်ကွက်မှာ ရေမဆေးကျောက်ရှာလို့ရပြီဆိုတဲ့ သတင်းထွက်လာတယ်။ အခုလိုမျိုး ပဋိပက္ခဖြစ်မယ်ဆိုတာ မသိခဲ့ဘူး။ သူတို့နဲ့ ဆန့်ကျင်ပြီး အဲဒီလုပ်ကွက်ထဲကို ၀င်ရှာမယ်ဆိုတဲ့စိတ်နဲ့ သွားခဲ့တာမဟုတ်ပါဘူး”
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာနယ်မြေ၊ နောင်စီဘွန်မကျန်ခကျောက်စိမ်းလုပ်ကွက်တွင် မေ ၁၇ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြုံရေးတာဝန်ယူထားသောတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်ကိုးဦး၊ ရေမဆေးကျောက်ရှာဖွေသူငါးဦး ဒဏ်ရာရရှိခဲ့ကာ ရေမဆေးကျောက်ရှာဖွေသူ လေးဦး သေဆုံးခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး သိရှိစေရန်အတွက် အဆိုပါဖြစ်စဉ်များတွင်  ပါဝင်ခဲ့ပြီး ဖြစ်စဉ်အတွင်း သေနတ်ထိမှန်ခဲ့သည့် သူငယ်ချင်းဖြစ်သူအား ဆေးရုံတွင် လိုက်လံစောင့်ရှောက်နေသော ကိုလင်းကိုထက်အား Tomorrow  မှ ဆက်သွယ်မေးမြန်းခဲ့သည်။

Tomorrow  ။   ။ ရေမဆေးကျောက်အဖွဲ့တွေနဲ့ ဦးပိုင်က လုံခြုံရေးအဖွဲ့တွေ ဘယ်လိုကြောင့် ပဋိပက္ခဖြစ်ပွားခဲ့တာ လဲ။
ထက် ။    ။ ဦးပိုင်က သူ့ရဲ့ လုပ်ကွက်ထဲမှာ ရှာခွင့်ပေးတယ်ဆိုတဲ့သတင်းကို ကြားခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့လည်း သွားခဲ့ပါတယ်။ ဟိုရောက်တော့ မဖွင့်ထားပါဘူး။ ဦးပိုင်ရှေ့မှာတော့ ရေမဆေးကျောက်ရှာတဲ့သူတွေ စုရုံးနေတာတော့ တွေ့ရပါတယ်။ အဲဒီမှာ စောင့်ကြပ်နေတဲ့ရဲတွေကလည်း တားတယ်။ ရှေ့ကိုဆက်မလာဖို့လည်း ပြောတယ်။ အဲဒီမှာ ရေမဆေးကျောက်ရှာတဲ့သူတွေက တဖြည်းဖြည်း များလာပြီး တွန်းရင်းတွန်းရင်းနဲ့ လူတွေက ကိုယ့်ကိုယ်ကိုယ် မနိုင်တော့ဘူး ဖြစ်နေတယ်။ အဲဒီမှာ ခြံစည်းရိုးက လူအုပ်ရဲ့အရှိန်ကြောင့် ပွင့်သွားတယ်။ အဲဒီမှာ အဆင်သင့်ရှိနေတဲ့ တပ်ကလည်း ပစ်လိုက်တာပါ။ တစ်ယောက်ထိသွားတယ်။ ဒါကို သိတဲ့သူတွေလည်းရှိသလို မသိတဲ့သူတွေလည်းရှိတယ်။ သိတဲ့သူတွေက ရှေ့ဆက်မတိုးတော့ဘဲ သေနတ်ထိမှန်တဲ့သူကို ထမ်းပြီး နောက်ပြန်ဆုတ်တယ်။ မသိတဲ့သူတွေက ရှေ့ဆက်တိုးပြီး အထဲထိ ၀င်ရောက်သွားကြတယ်။ ခဲတွေနဲ့လည်း ပြန်လည်ထုတယ်။ တပ်ကလည်း အဲဒီမှာ ပြန်ပစ်တော့ ရေမဆေးကျောက်ရှာတဲ့သူတွေ ထိမှန်ခဲ့ကြတာပါ။ ဒါပေမဲ့ အထဲမှာ မီးရှို့တာတော့ ဘယ်သူရှို့မှန်း မသိလိုက်ပါဘူး။ ရေမဆေးကျောက်ရှာတဲ့သူတွေလည်း မရှို့ ခဲ့ကြပါဘူး။ အဲဒီမှာ ပဋိပက္ခဖြစ်ခဲ့ကြတာပါ။

 Tomorrow  ။   ။ ဘယ်နေ့က စဖြစ်ခဲ့တာလဲ။
ထက် ။    ။ ပဋိပက္ခစဖြစ်တာကတော့ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ စဖြစ်တာပါ။ ကျွန်တော်တို့ တဲကနေ စထွက်သွားတဲ့ အချိန်ကနေစပြီး ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဖြစ်နေတာကတော့ ၁၆ ရက်နေ့ကစပြီး ဖြစ်တယ်လို့ ပြောရမှာပေါ့။ ၁၆ ရက်နေ့မှာ ဘယ်သူကစပြီး ပြောသွားလဲမသိဘူး။ ဦးပိုင်ရဲ့လုပ်ကွက်ထဲမှာ ၀င်ရှာလို့ ရပြီဆိုတဲ့သတင်း ပျံ့နှံ့သွားတယ်။ အဲဒီနေ့မှာပဲ သွားရှာခဲ့ကြတယ်။ ကျွန်တော်လည်း အဲဒီနေ့မှာ သွားခဲ့ပါတယ်။ အဲဒီနေ့ကတော့ ဘာကြောင့် ဘယ်လိုဖြစ်လဲတော့မသိဘူး။ ၀င်ရှာလို့ရတယ်။ ဘာပြဿနာမှ မရှိခဲ့ဘူး။ အဲ့လိုရှာလို့ရတဲ့အတွက် သတင်းက ပိုပျံ့သွားတာ ကျွန်တော်တို့က မှော်တစ်ခုလုံးမှာရှိတဲ့ ရေမဆေးကျောက် ရှာဖွေတဲ့သူတွေ အကုန်လုံး သိသွားတယ်။ နောက်တစ်နေ့ မှာ အကုန်လုံးသွားရောက်ခဲ့တယ်။ တံခါးဖွင့်မပေးဘဲ ပြဿနာ ဖြစ်ခဲ့ကြတာပါ။  

Tomorrow  ။   ။ အဲဒီမှော်ဘက်မှာ ဦးပိုင်ရဲ့လုပ်ကွက်ထဲမှာ ဘယ်သူ့မှ ရှာဖွေလို့မရဘူး။ သူ့ရဲ့ စွန့်ပစ်မြေစာတွေကိုလည်း သူ့ဝင်းထဲမှာပဲ ထားပြီး ဘယ်သူ့မှ ပေးမရှာဘူးဆိုတာ အခုမှမဟုတ်ပါဘူး။ သူတို့ လုပ်ကွက်စလုပ်ကိုင်ကတည်းက အခုချိန်ထိလို့ ကြားတယ်။ အခုကျမှ ရေမဆေးကျောက်ရှာဖွေတဲ့သူတွေက ဘာကြောင့် အခုလို ၀င်ရှာကြတာလဲ။
ထက် ။   ။ ကျွန်တော့်ဇာတိက မန္တလေးမှာ နေပါတယ်။ ဒီနယ်မြေကို ရေမဆေးကျောက်ရှာဖို့ ရောက်လာတာ ခြောက်လကျော်ပဲ ရှိပါသေးတယ်။ ကျွန်တော်ရောက်ကတည်းက အဲဒီမှာ ရှာလို့မရဘူး။ ကန့်သတ်ထားတယ် ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ပဋိပက္ခမဖြစ်ခင်မှာ ဘယ်သူက ဘယ်လိုသတင်းလွှင့်သွားတဲ့ သတင်းလဲ ဆိုတာတော့ မသိဘူး။ ဦးပိုင်ရဲ့လုပ်ကွက်မှာ ရေမဆေးကျောက် ရှာလို့ရပြီဆိုတဲ့ သတင်းထွက်လာတယ်။ အခုလိုမျိုး ပဋိပက္ခဖြစ်မယ်ဆိုတာ မသိခဲ့ဘူး။ သူတို့နဲ့ ဆန့်ကျင်ပြီး အဲဒီလုပ်ကွက်ထဲကို ၀င်ရှာမယ်ဆိုတဲ့စိတ်နဲ့ သွားခဲ့တာမဟုတ်ပါဘူး။ ဦးပိုင်ဖွင့်ပြီး လုပ်ကွက်ထဲမှာ ရှာလို့ရပြီဆိုတဲ့ သတင်းကြောင့် သူများတွေလည်း အဲဒီလိုပဲ သွားကြတဲ့အတွက် သွားခဲ့ကြတာပါ။  ဟိုရောက်မှ အခုလိုမျိုးကြုံတွေ့ခဲ့ရတာပါ။

 Tomorrow  ။   ။ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးပိုင်က ရဲလုံခြုံရေးနဲ့မနိုင်လို့ စစ်တပ်ကို အကြောင်းကြားခဲ့တယ်။ စစ်တပ်ရှိရဲ့သားနဲ့ ရေမဆေးကျောက်ရှာတဲ့အဖွဲ့တွေက ဘာကြောင့် အတင်းတိုးခဲ့ကြတာလဲ။ တပ်က ပစ်မယ်ဆိုတာရော သတိမပေးဘဲ ဒီအတိုင်းတန်းပြီး ပစ်တာလား။
ထက် ။    ။ အဲဒီမှာရှိတဲ့ လုံခြုံရေးရဲတွေက ၁၆ ရက်နေ့ကတည်းက ရှာဖွေခွင့် တားမြစ်ခဲ့တာပါ။ ဒါပေမဲ့ တံခါးက ဘယ်လိုပွင့်သွားလဲဆိုတာ ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ရှာတဲ့သူတွေလည်း ရှာနေကြပြီဆိုတော့ ကျွန်တော်တို့လည်း ၀င်ရောက်ပြီး ရှာခဲ့ကြတာပါ။ ဘာမှတော့ ပြဿနာမဖြစ်ခဲ့ဘူး။ အဲဒီလိုနဲ့ ၁၇ ရက်နေ့ မနက်ကျတော့ ရေမဆေးကျောက်ရှာတဲ့သူတွေက အရင်နေ့ကလိုပဲထင်ပြီး လူအုပ်စုနဲ့ အတင်းတိုးပြီး တံခါးဖွင့်တဲ့အချိန်မှာ စစ်တပ်ကမိုးပေါ် ကိုထောင်ပြီး ခြောက်လန့်ပစ်နေပါတယ်။  ရေမဆေးကျောက်ရှာတဲ့ သူတွေက အတင်းတိုးလို့ တံခါးက ပွင့်သွားပါတယ်။ တံခါးပွင့်တဲ့အချိန်မှာပဲ တပ်ကမိုးပေါ် ထောင်မပစ်တော့ဘဲ လူအုပ်ထဲကို လှမ်းပစ်ခဲ့ပါတယ်။

 Tomorrow  ။   ။ ရေမဆေးကျောက်ရှာတဲ့သူတွေကို ဦးပိုင် ဖွင့်ပြီ၊ ရှာချင်တဲ့သူတွေ သွားရှာလို့ရပြီဆိုတဲ့ သတင်းကို ဘယ်သူဖြန့်သွားတယ်လို့ သုံးသပ်မိလဲ။
ထက် ။    ။ အဲဒါတော့ ဘယ်သူမှ မသိကြပါဘူး။ ဘယ်သူက ဘယ်လိုဖြန့်လိုက်လဲတော့ မသိဘူး။ ရှာချင်လို့ သွားတဲ့သူတွေက အများကြီးပါ။ ဒါကြောင့် သူတို့က သွားရှာခဲ့ကြတာပါ။ ပြီးတော့ ဦးပိုင်က မြေစာပုံတွေက လည်း သူတို့ရှာတဲ့နေရာမှာ အကြမ်းသဘောလောက်ပဲရှာပြီး သူတို့ရဲ့ မြေစာပုံတွေကို သူတို့ဆီမှာပဲပုံတဲ့ အတွက် ဘယ်သူ့မှ ရှာလို့မရဘူး။ ဒါကြောင့် သူတို့မြေစာပုံကို ရှာချင်တဲ့သူတွေက အများကြီးပါ။ အခုလို ဖွင့်ပြီဆိုတဲ့အသံကြားတာနဲ့ ရေမဆေးကျောက်ရှာတဲ့ သူတွေအကုန်လုံး  ၀င်းရှေ့ကို သွားရောက်ခဲ့တာတော့ အမှန်ပါပဲ။ ကျွန်တော့် အထင်ပြောရရင်တော့ တစ်ယောက်စကားတစ်ယောက်ကြားရင်းနဲ့ မှော်ထဲမှာ အခုလို ပျံ့သွားတာ ဖြစ်ပါလိမ့်မယ်။ တစ်မှော်လုံးလိုလို ဒီသတင်းက ပြန့်သွားတာပါ။ ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျမသိပါဘူး။

Tomorrow  ။   ။ လက်ရှိတပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေတဲ့သူတွေ ဘယ်နှစ်ဦး သေဆုံးပြီး ဘယ်နှစ်ဦး ဒဏ်ရာရရှိပါသလဲ။ ပြီးတော့ ရဲတပ်ဖွဲ့ဝင်ဘက်ကလည်း ဒဏ်ရာရရှိတယ်လို့ ကြားတယ်။ ဘယ်နှစ်ဦးလဲဆိုတာ သိပါသလား။

ထက် ။    ။ ကျွန်တော်တို့ ဒဏ်ရာရပြီး ဆေးရုံကို ထွက်လာတဲ့အချိန်မှာတော့ သေဆုံးတဲ့သူသုံးဦး ရှိသွားပါပြီ။ ဒဏ်ရာရတဲ့သူကို ဆေးရုံပို့တာတော့ ကျွန်တော့်သူငယ်ချင်းအပါအ၀င် ငါးဦးကို ဆေးရုံပို့ခဲ့ပါတယ်။ အဲဒီ ၅ ဦး ထဲမှာ နှစ်ဦးကတော့ အခြေအနေတော်တော် စိုးရိမ်ရတယ်။ ကျွန်တော့်သူငယ်ချင်းကတော့ ဗိုက်ကို ထိမှန်ခဲ့တာပါ။ ကျန်တဲ့နှစ်ဦးကတော့ ဒဏ်ရာသက်သာနေပါတယ်။ ကျွန်တော်တို့ ဆေးရုံထွက်လာတဲ့အချိန်က နံနက် ၁၁ နာရီလောက်က ထွက်လာတဲ့ အတွက် နောက်ပိုင်းမှာ ဘာဖြစ်လဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။ ညနေပိုင်းကျမှ ဆေးရုံကို ရောက်လာတဲ့သူတချို့ ကို မေးလိုက်တော့ လေးဦးသေဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ထပ်ရှိပါတယ်ဆိုတဲ့ သတင်းပဲ ကြားရတယ်။ ကျန်တာတော့ မသိပါဘူး။ အဲဒီသူတွေက တွန်းတိုက်ရင်း ဖြစ်တဲ့ဒဏ်ရာတွေမဟုတ်ပါဘူး။ သေနတ်ဒဏ်ရာရတဲ့သူတွေပါ။ ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတယ်ဆိုတာ ကျွန်တော်ထွက်လာတဲ့ အချိန်အထိတော့ မသိပါဘူး။ ဒါပေမဲ့ တပ်က ပစ်ပြီးနောက်ကို ဆုတ်သွားတဲ့အတွက် ရဲတပ်ဖွဲ့တွေက အဲဒီမှာ ကျန်ခဲ့တယ်။ အဲဒီမှာ ရေမဆေးကျောက်ရှာတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်ကို တွန်းတိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာတော့ သိရတယ်။

Tomorrow  ။    ။ နောက်ဆုံးမေးခွန်းအနေနဲ့ အခုဒဏ်ရာရရှိတဲ့သူငါးယောက်ကို ရဲတပ်ဖွဲ့က တာဝန်ဝတ္တရား နှောက်ယှက်မှုဆိုပြီး တရားစွဲထားတယ်လို့ သိရပါတယ်။ အဲဒါလေး ဟုတ်မဟုတ် သိချင်ပါတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။
ထက် ။    ။ ဟုတ်ပါတယ်။ အဲဒီမှာ လုံခြုံရေးတာဝန်ယူတဲ့ ရဲတပ်ဖွဲ့က ကျွန်တော့်သူငယ်ချင်းအပါအ၀င် ဒဏ်ရာရရှိတဲ့ ငါးယောက်စလုံးကို တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ အမှုဖွင့်ထားပါ တယ်။ အဲဒီငါးဦးထဲက နှစ်ဦးက ဒဏ်ရာသက်သာလို့ ဆေးရုံကနေ သက်ဆိုင်ရာကို ခေါ်သွားပါပြီ။ ကျွန်တော်တို့လည်း ဒဏ်ရာ သက်သာတာနဲ့ အမှုဆက်လက် ရင်ဆိုင်ရမှာပါ။ လက်ရှိဆေးရုံမှာလည်း လုံခြုံရေးတွေ ချထားပါတယ်။ ခေါ်ဆောင်သွားတဲ့သူတွေကိုလည်း ၁၉ ရက်ကနေ ၂ ရက်နေ့အထိ ယမန်ယူရမယ်လို့ ပြောထားပါတယ်။ အခုနောက်ပိုင်းမှာ ဘာပြဿနာမှ မရှိတော့ပါဘူး။ ဦးပိုင်ရှေ့မှာလည်း ရေမဆေးကျောက်ရှာတဲ့သူတွေလည်း မရှိတော့ပါဘူး။ ပဋိပက္ခဖြစ်တဲ့ တစ်နေ့ပဲ ဆူပူမှု ဖြစ်သွားခဲ့တယ်။ နောက်နေ့တွေကတော့ ပုံမှန်အတိုင်းပဲ လက်ရှိ အချိန်ထိ ရှိနေပါတယ်။

Tomorrow  ။    ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဆက်သွယ်မေးမြန်းသူ - ပိုင်လေး

 

Category: 

Share