ဦးမျိုးကြီးစိတ်မကောင်းပါ - ဦးမျိုးကြီး

တစ်နေ့က ဦးမျိုးကြီးနေထိုင်ရာ အရပ်ထဲမှာ စကားဝိုင်းတစ်ခု လုပ်သွားခဲ့ပါတယ်။ ယနေ့ခေတ် လူငယ်ဖျော်ဖြေရေး၊ ပညာပေးနှင့် စကားဝိုင်းဆွေးနွေးပွဲလို့ အမည်ပေးထားတဲ့ ဒီစကားဝိုင်းကို AGORA-YANKIN က စီစဉ်ခဲ့တာဖြစ်ပြီး ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာရေးအတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီပွဲမှာ ငြိမ်းချမ်းရေးအဆိုတော်စောဖိုးခွားက တေးသီချင်းတွေနဲ့ လာရောက်ဖျော်ဖြေခဲ့သလို Triangle Women အဖွဲ့က ဒါရိုက်တာဒေါ်ခင်လေးကလည်း အမျိုးသမီးလေးတွေ အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး သရုပ်ဖော်တာတွေ သင်ကြားပြသတာတွေ လာရောက် လုပ်ဆောင်သွားခဲ့ပါတယ်။ ကုမ္ပဏီတချို့က လာရောက်ခဲ့ပြီး အဆင်ပြေရင် သူတို့ကုမ္ပဏီမှာ အလုပ်အကိုင် ခန့်ထားဖို့အတွက်ထိတောင် ရည်ရွယ်ပြီး တကူးတကလာခဲ့ကြတာပါ။ ထားပါပြောချင်တာက ဒါအဓိက မဟုတ်ပါဘူး။ အဲဒီနေ့က ပွဲကိုတက်ရောက်ခဲ့ပြီးတဲ့နောက် ဦးမျိုးကြီးရင်ထဲ မကောင်းလွန်းတာကြောင့် အခုလို စာတစ်တန်ပေတစ်ဖွဲ့ ဖြစ်လာခဲ့ရတာပါ။ တခြားတော့ မဟုတ်ပါဘူး။ လူငယ်တွေကိစ္စပဲ ဖြစ်ပါတယ်။ အဲဒီနေ့က လုပ်ခဲ့တဲ့ ယနေ့ခေတ်လူငယ်ဖျော်ဖြေရေး၊ ပညာပေးနှင့် စကားဝိုင်းဆွေးနွေးပွဲရှိရာကို ဦးမျိုးကြီး မျက်မှန်းတမ်းမိတဲ့ ရန်ကင်းမြို့နယ်ထဲက လူငယ်တွေ တစ်ဦးတစ်ယောက်လောက်လေးတောင်မှ တက်ရောက်နားထောင် ပူးပေါင်းပါဝင်ခဲ့ခြင်း မရှိခဲ့တာပါ။ ဒီလိုပြောလို့ အဲဒီပွဲမှာ နားထောင်မယ့်သူမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေတာလားဆိုတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ လာရောက်ကြသူအားလုံးနီးပါးဟာ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ခင်မင်ရင်းနှီးစွဲရှိတဲ့ တခြားအရပ်ဒေသက လူတွေသာဖြစ်ပြီး အမှန်တကယ် ပစ်မှတ်ထားလုပ်ဆောင်ခဲ့တဲ့ ရန်ကင်းမြို့နယ်ထဲက လူငယ်တွေတက်ရောက်ခဲ့မှုကို ပြောမယ်ဆိုရင်တော့ တစ်ရာခိုင်နှုန်းတောင် ရှိမှာမဟုတ်တာသေချာပါတယ်။ ဆိုတော့ကာ ဒီကနေ့ ဆယ်ကျော် သက်ရွယ်တွေကို ကြည့်လိုက်ရင် ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်ရပြီး ဟိုယောင်ယောင် ဒီယောင်ယောင်တွေ၊ မဖြစ်မနေ အလုပ်ဝင်လုပ်ဖို့ လိုအပ်တာကြောင့် ရရာအလုပ်တစ်ခုဝင်လုပ်ရင်းဘ၀ကို ဘာမှန်းမသိ ကုန်ဆုံးနေသူတွေ ငွေကြေးနည်းနည်းပြေလည်တဲ့သူတွေက ဘီယာဆိုင်ထိုင် လမ်းဘေး အရက်ထိုင်သောက်နေသူတွေ၊ တစ်ချိန်လုံး တယ်လီဖုန်းနဲ့ မျက်နှာအပ်ပြီး ဂိမ်းကစားနေသူတွေက များနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဦးမျိုးကြီး သတိထားမိတာတစ်ခုကတော့ လက်ရှိကာလအဖြစ်များနေတဲ့ လုယက်မှုကျူးလွန်တာတွေ၊ လူသတ်တာတွေ၊ ခိုးဆိုးနှိုက်အစရှိတဲ့ ရာဇ၀တ်အမှုအခင်းတွေကိုကြည့်ရင် ဆယ်ကျော်သက်ရွယ်လူငယ်တွေရဲ့ ပါဝင်ပတ်သက်မှုက အရေအတွက်အားဖြင့် တော်တော်လေးများနေတာပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်တဲ့ အမှုအခင်းတွေကို ကြည့်မယ်ဆိုရင်လည်း လူငယ်တွေ ပါဝင်ပတ်သက်မှုက တစ်ခေတ်မှာ တစ်ခါဆိုသလို ကြောက်ခမန်းလိလိ မြင့်တက်နေတာကို မြင်ကြရမှာဖြစ်ပါတယ်။ ကြည့်ပါဦး လူငယ်အချင်းချင်း အရက်မူးရန်ဖြစ်လို့ ရိုက်ကြနှက်ကြတာ ၃ ဦးသေတယ်တဲ့။ လူသတ်ပစ္စည်းလုတယ်ဆိုလို့ အသက်ဘယ်လောက်လဲ ဖတ်ကြည့်လိုက်တော့ ၁၉ နှစ်တဲ့။ စိတ်ကြွဆေးပြားတွေ ထောင်ချီမိတဲ့အထဲမှာ ပါတာက အသက် ၁၈ နှစ် မပြည့်သေးတဲ့လူငယ်။ အဲဒီလူငယ်တွေက အထက်ကလိုပွဲမျိုးတွေကို အလုပ်ပိုအပိုအလုပ်တွေလို့ မြင်နေသူတွေက ခပ်များများဖြစ်နေပြီး ဒီပွဲတွေ လာလုပ်လို့ရော ဘာထူးမှာမို့လဲ ဆိုတာမျိုးတွေကို ပါးစပ်က အားမနာလျှာမကျိုး ပြောထွက်ရင်း ဂဏန်းသွားသွားနေသူ အများစုဖြစ်နေတာကို မြင်ကြရမှာ ဖြစ်ပါတယ်။ ဗဟုသုတကလည်း နတ္ထိ၊ အတတ်ပညာကလည်းမရှိတဲ့ ဆယ်ကျော်သက်ရွယ် လူငယ်အရေအတွက် များနေလေတော့ နောင်ဦးမျိုးကြီးတို့ရဲ့ တိုင်းပြည်အနာဂတ်အတွက် ဒီကိစ္စက တော်တော်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့အတွက် သူတို့အနာဂတ်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အလုပ်တွေ လာလုပ်ပေးနေသူတွေကို အလုပ်ရှုပ် အချိန်ကုန်တယ်ဆိုတာမျိုး မြင်တဲ့လူငယ်အရေအတွက် တော်တော်များများ ရှိနေတယ်ဆိုတာ ပေတစ်ရာ လျှောက်နေတဲ့ ဦးမျိုးကြီး သေချာပေါက်ပြောရဲပါတယ်။ ဒါဆိုရင် အဲဒီလိုလူငယ်တွေကို ဘယ်လို ၀ိုင်းဝန်းထိမ်းကျောင်းကြမလဲဆိုတာက အနာဂတ် မြန်မာနိုင်ငံတော်ကြီးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာနေပြီလို့ ဦးမျိုးကြီးက ဆိုချင်ပါတယ်။ တကယ်တော့ လူငယ်တွေအတွက် အသိပညာပေးရေး အစီအစဉ်တွေဟာ မဖြစ်မနေလုပ်ဆောင်ရမှာ သေချာပါတယ်။ သို့သော်လည်းပဲ အဲဒီလို လုပ်တဲ့ပွဲတွေရှိရာကို လူငယ်တွေ ရောက်လာအောင် ဘယ်လိုတွေ စည်းရုံးလုပ်ဆောင်ကြမလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။ ဒီကနေ့ လူငယ်တွေကိုကြည့်လိုက်ရင် Mindset အောက်နေတဲ့သူ အများစုဖြစ်နေတယ်ဆိုတာ သေချာပါတယ်။ ဒါဟာ အနာဂတ်နိုင်ငံတော်အတွက် သိပ်တော့ကောင်းလှတဲ့ လက္ခဏာမဟုတ်ပါဘူး။ ပိုက်ဆံနဲ့ အပျော်အပါးကလွဲရင် ဘာတစ်ခုမှ စိတ်မ၀င်စားတဲ့ လူငယ်အများစုရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ ဘယ်နည်းနဲ့မှ တိုးတက်ကြီးပွားချမ်းသာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုပြောလို့ လူငယ်တွေအားလုံးကို ၀ါးလုံးရမ်းပြောတယ်လို့ ဦးမျိုးကြီးကို အထင်မရောက်စေချင်ပါဘူး။ သို့သော်လည်းပဲ ဦးမျိုးကြီးမျက်လုံးထဲမြင်သမျှ လူငယ် ၁၀ ဦးမှာ ၉ ဦးလောက်ကတော့ အဲဒီလိုပဲဖြစ်နေကြပါတယ်။ တစ်နေ့တစ်နေ့ သက်ဆိုင်ရာမိဘတွေနဲ့ သူတို့လေးတွေအကြားက ပဋိပက္ခ အသွင်ဆောင်တဲ့ ပြောဆိုမှုတွေကလည်း ကြားရတာ နားဝ စိတ်မချမ်းသာစရာပါ။ တကယ်တော့ လူငယ်ဆိုတာ နိုင်ငံရဲ့ အနာဂတ်ပါ။ အဲဒီအနာဂတ်လူငယ်လေးတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ဘာမှန်းမသိ၊ ၂၁ ရာစုပင်လုံ ညီလာခံဆိုတာလည်း နားမလည်၊ သူတို့ အတွေးထဲမှာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးက ညနက်လို့ အိမ်ပြန်ဖို့ လာပြောရင် ဒီမိုကရေစီချိုးဖောက်တယ် မြင်နေလေတော့ လက်ရှိအချိန်မှာ သူတို့ အနာဂတ် ကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်လုပ်ဆောင်နေသူတွေကို ဦးမျိုးကြီးစာနာစိတ်နဲ့ သနားနေမိကြောင်း တင်ပြရင်း နိဂုံးချုပ်ခွင့်ပေးပါဦး။
ဦးမျိုးကြီး

Category: 

Share