ဘူးသီးရောခံရသူများ - ယင်ကောင်

အခုတလော လူလည်တွေချည်း တွေ့တွေ့နေရတော့ မြန်မာနိုင်ငံမှာ လူလည်ကျသူများအသင်းဆိုပြီး မပေါ်သေးတာကို ယင်ကောင်တော့ အားမရဘူးဖြစ်နေတယ်။ ဒီတိုင်းပြည်မှာ အသင်းတွေ ဒီလောက်ပေါတာတောင် လူလည်ကျသူများအသင်းတို့၊ လူလည်ကျသူများ ကွန်ရက်တို့၊ လူလည်ကျသူများ သမဂ္ဂတို့လောက်တော့ ပေါ်သင့်တာပေါ့။ လူလည်ကျတယ်ဆိုတာတာ ပြောသလောက်လွယ်တာ မဟုတ်ဘူးခင်ဗျ။ မဟုတ်တာကို အဟုတ်လုပ်ပြောရတော့ အာတော့ကောင်းရတာပေါ့။ ရွှန်းရွှန်းဝေအောင် ပြောတတ်ရတာပေါ့။
ယင်ကောင် လူလည်ကျခံရတာလေးကျ တစ်မျိုးခင်ဗျ။  အိမ်မှာသုံးနေတဲ့ လက်ဆောင်ရထားတဲ့ အ၀တ်လျှော်စက်လေး ပျက်သွားလို့ အသစ်ဝယ်မယ်ဆိုတဲ့စိတ်ကူးနဲ့ သိပ်မကြာသေးခင်ရက်ပိုင်းက စူပါမားကက်ကြီးတစ်ခုကို သွားကြည့်မိတယ်ခင်ဗျ။ ဥရောပကလာတယ်ဆိုတဲ့ အ၀တ်လျှော်စက် တော်တော်ကောင်းဆိုပဲ။ ဈေးနှုန်းကလည်း IPhone 8 ဈေးနှုန်းလောက်ရှိတော့ ယင်ကောင့်ဝင်ငွေနဲ့ ဘယ်လောက်မလဲဗျ။ ဟိုချေးဒီချေးလုပ်ပြီးမှ ၀ယ်ရမယ့်ကိန်းဆိုတော့ တော်တော်စဉ်းစားလိုက်ရတယ်။ ဒါပေသိ အရောင်းကောင်လေးက ဒီအ၀တ်လျှော်စက်ရဲ့ ကြန်အင်လက္ခဏာတွေကို ရွှန်းရွှန်းဝေအောင် ပြောနေတော့ ပစ်ရမှာလည်း အဆီတ၀င်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ်ဖြစ်နေတာပေါ့။

ယင်ကောင်တို့ အကြင်လင်မယားကလည်း မိုးလင်းအလုပ်၊ မိုးချုပ်မှ ပြန်ဆိုတော့ အိမ်မှာ ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့တဲ့ ယောက္ခမက ထမင်းဟင်းချက်တာကစလို့ အိမ်သန့်ရှင်းရေးကို ပရဟိတစိတ်နဲ့တာဝန်ယူရတဲ့အပြင် ကလေးလည်းထိန်း၊ ကလေးတွေကျူရှင်မသွားခင် စာပြရဆိုတဲ့အချိန်ပိုပါဆင်းနေရတော့ အ၀တ်ကိုပါ လက်နဲ့လျှော်ရရင် ယင်ကောင့်လစာ တစ်ပဲခြောက်ပြားက ဆေးရုံစရိတ်ဖြစ်တော့မှာဗျ။ အပိုထွက်ငွေကို ချုံ့ချင်ပါသော်လည်း အ၀တ်လျှော်စက်မှ မ၀ယ်ရင် ယင်ကောင်တို့ အ၀တ်ကို ရေစိမ်ပြီးနေလှန်း ပြန်ဝတ်ရမယ့် ကိန်းစိုက်နေတာကိုး။ ဒါကြောင့် အ၀တ်လျှော်စက်အတွက်သုံးဖို့ ယင်ကောင်တို့ အကြင်လင်မယား မရဲတရဲနဲ့ ဆုံးဖြတ်လိုက်ရတယ် ခင်ဗျ။

ဝယ်မယ်ဆိုတော့လည်း အ၀တ်လျှော်စက်က နှစ်သိန်းဝန်းကျင်ကနေ သိန်းကိုးဆယ်နဲ့ချီပြီးရှိတော့ ယင်ကောင်တို့ လက်ထဲရှိတဲ့ငွေနဲ့ဝယ်ဖို့ဆိုရင် အ၀တ်လျှော်ဖို့ ဘရက်ခ်ျတစ်ခုပဲဝယ်ပြီး ပြန်ရမယ့်ကိန်းခင်ဗျ။ ဒါပေသိ ယောက္ခမမျက်နှာပြေးမြင်မိတဲ့ ယင်ကောင်က ချစ်ဇနီးကို ကြိုက်တဲ့ဟာဝယ်၊ နောက်ကိစ္စနောက် ကြည့်ရှင်းမယ်လို့ဖားပြီး ပြောလိုက်ရတယ်။ ချစ်ဇနီးကလည်း အလိုက်တသိပဲ အရောင်းကောင်လေးညွှန်းတဲ့  Iphone 8 ဈေးနှုန်းလောက်ရှိတဲ့ အ၀တ်လျှော်စက်ကို လက်ညှိုးကို စုံထိုးတော့တာပဲခင်ဗျ။ ဘယ်ညာ နှစ်ဖက်ကို စုံထိုးတာ။ ဘယ်လောက်လိုချင်နေလဲဆိုတာ။ ဒါနဲ့အရောင်းကောင်လေးကို ဒီအ၀တ်လျှော်စက်ရဲ့ အားနည်းချက်၊ အားသာချက်ကိုပြောပါဆိုတော့ အားနည်းချက်ကိုမရှိတာ။ အ၀တ်ကိုလျှော်စက်ထဲထည့်၊ အ၀တ်လျှော်စက်မှာပါတဲ့ ရေပိုက်နဲ့ ဘုံပိုင်ခေါင်းနဲ့ ချိတ်ဆက်ပြီးရင် ရေပိုက်ခေါင်းလေးဖွင့်ထား၊ သူ့ဘာသာသူ ရေကို လိုသလောက်ယူပြီး လျှော်လိမ့်မယ်။ လျှော်ပြီးရင် သူ့ဘာသူ အခြောက်ခံ၊ အားလုံးမှ မိနစ်လေးဆယ်ပဲကြာမယ်။ စက်ရပ်သွားရင် ယူထုတ်ပြီးဝတ်လိုက်ရုံပဲတဲ့ခင်ဗျ။ လှမ်းစရာမလိုဘူးတဲ့။ ဒီဈေးနှုန်းနဲ့ ဒီလောက်ကောင်းတာရတာ ယင်ကောင်တို့ ဟိုဘ၀တုန်းက သူများအ၀တ်တွေ အလကား လိုက်လျှော်ပေးခဲ့လို့ ဖြစ်မယ်ဆိုပြီးတောင် တွေးမိသေးတယ်။ မိုက်သဟ...

ဒါနဲ့ပဲ အ၀တ်လျှော်စက်တစ်လုံးအတွက် အတွင်းပစ္စည်းတွေဖြစ်တဲ့ မ၀တ်ရက်လို့ဘူးနဲ့ သိမ်းထားတဲ့ လက်ပတ်နာရီတို့ ဘီရိုထဲ အ၀တ်တချို့ကစလို့ အိမ်ရှိပစ္စည်း ဟိုဟာဒီဟာတွေ အကုန်နီးပါး အပေါင်ဆိုင် ရောက်ကုန်ရောဆိုပါတော့။ ဒီလိုနဲ့ အ၀တ်လျှော်စက်လည်း အိမ်ဦးခန်းရောက်လာတယ်။ အိမ်ဦးခန်းမှာ ရေထွက်ပေါက်မရှိလို့သာ အိမ်နောက်ဖေးပြန်ရွှေ့လိုက်ရတာခင်ဗျ။ နောက်မို့ဆို ယင်ကောင်စာရေးတဲ့ နေရာတောင် ချစ်ဇနီးက ပေးဖို့ပြင်ပြီးပြီ။ သကောင့်သား အ၀တ်လျှော်စက်က အိမ်ရောက်တော့မှ ရိုးရိုးဖွင့်မရမှန်းသိတော့တယ်။ ပရက်ရှာပန့်ခံရမယ်ဆိုပဲ။ ပန့်လိုလာပြီဆိုတော့ ယင်ကောင်လည်း ရပ်ကွက်မှာရှိတဲ့ မော်တာတို့၊ ပန့်တို့၊ ရေပိုက်တို့ လိုက်ဆင်တဲ့လူတွေကိုရှာပြီး အလုပ်အပ်။ ရေပိုက်သမားပြောတဲ့ ပရက်ရှာပန့်နဲ့ ရေပိုက်တွေဝယ်။ အလုပ်ကို ရှုပ်ရောပဲ။ အားလုံးပြီးတော့မှပဲ သကောင့်သား အ၀တ်လျှော်စက်က အဆင်ချောချောနဲ့ အ၀တ်တွေလျှော်နေတော့တယ်။ အ၀တ်လျှော်ပြီး စက်ရပ်တော့ အဖုံးကိုဖွင့် အ၀တ်ကိုထုတ်လိုက်တယ်ဆိုရင်ပဲ ပူပြီးထွက်လာတာ။ အ၀တ်တွေက ပူပြီးတော့ ထွက်လာပါရဲ့။ သူတို့ပြောသလို ခြောက်ဖို့နေနေသာသာ ရိုးရိုးအ၀တ်လျှော်စက်လောက်တောင် မညှစ်ထားလို့ ရေစက်တောက်စက်တောက်နဲ့ ထွက်လာတာဗျာ။ ဒါနဲ့ကုမ္ပဏီကို အကြောင်းကြားတော့ သူတို့ပစ္စည်းသူတို့ ပစ်မထားကြောင်း၊ လာရောက်ကြည့်ရှုပေးမယ်ဆိုသဗျ။ ဒါပေသိ တစ်လသာပြည့်တော့မယ်။ ဒီနေ့ထိတော့ ရောက်မလာသေးဘူးခင်ဗျ။ သူတို့ကို မျှော်ရင်း အ၀တ်လျှော်စက်နဲ့ အတူပါလာတဲ့ အညွှန်းတွေ ကိုယ်ဘာသာ ဖတ်ပြီးလုပ်တော့မှပဲ အဆင်ပြေသွားတယ်။ တစ်ခုပဲ အ၀တ်ခြောက်ဖို့ဆို လျှော်ညှစ်ခြောက်သုံးမျိုးကို လေးနာရီ လောက်လုပ်ရင် သူတို့ပြောသလို ထုတ်ပြီးဝတ်ရုံတော့ ဖြစ်သွားပါတယ်။ မိနစ်လေးဆယ်နဲ့ လေးနာရီကိုပဲ မှားပြောလိုက်တာ တစ်ခုပါပဲ။ ဒီမိုး၊ ဒီလေ၊ ဒီမီးနဲ့ အခုဆိုရင် လျှော်ပြီးရင် ညဘက်အထိ အ၀တ်ထုတ်ဝတ်လို့ မရတာတော့ ယင်ကောင်တို့ကံပေါ့။ ဘယ်သူမပြုမိမိမှုပါပဲ။

ဒီလိုနဲ့ ယင်ကောင်တို့ တိုင်ပတ်နေတုန်း အ၀တ်လျှော်စက်ကြောင့် အိမ်ရေချိုးခန်းရောက်လာတဲ့ ပရက်ရှာပန့်က တစ်စခန်းထလာပြန်ရော။ သူ့ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ထားတဲ့ကြားက မီးခိုးတွေအူပြီး ထွက်လာတယ်ခင်ဗျ။ ဘယ်ရမလဲ ရပ်ကွက်ထဲက ပန့်သမားကို ဖုန်းဆက်ခေါ်၊ သူရောက်လာတော့ ပန့်ကိုတစ်ချက်ကြည့်ပြီးဖွင့်တော့ မကြည့်တော့ဘူးတဲ့။ အာမခံပေးထားတယ်မလား။ သွားပြန်လဲလိုက်ပါလို့သာ ညွှန်ကြားလိုက်တယ်ခင်ဗျ။ ယင်ကောင်လည်း ပန့်သမားရဲ့ ညွှန်ကြားချက်အတိုင်း အာမခံကတ်ပြားလေး ကိုင်ပြီး ဆားဗစ်စင်တာကို တက္ကစီတစ်စီးနဲ့ ရှာပုံတော်ဖွင့်လိုက်ရတယ်။ ရှာပုံတော်ဖွင့်ရမှာပေါ့။ ဆားဗစ်စင်တာက ဆိုင်းဘုတ်တောင်မရှိဘူး။ ဆိုင်းဘုတ်မရှိဘူးဆိုတော့ ယင်ကောင်သွားတဲ့နေ့က အဲဒီဆိုင်ရဲ့နောက်ဆုံးနေ့ကို ထင်စရာတော့ရှိတာပေါ့။ ဒါလည်း ဖြစ်ချင်မှဖြစ်မှာပါလေ။ ဆိုင်းဘုတ်မထောင် ဖြစ်သေးတာလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ တက္ကစီသမား ကျေးဇူး၊ ဆိုက်ကားဆရာ ကျေးဇူး၊ လမ်းဘေးဈေးသည်များကျေးဇူးနဲ့ အဲဒီဆိုင်ထဲကို ရောက်ခဲ့ပါတယ်။ ရောက်တယ်ဆိုရင်ပဲ ဆိုင်က ၀န်ထမ်းမလေးနှစ်ဦးက ပြေးလာပြီး ပန့်ဘာဖြစ်လို့လဲ တန်းမေးတာခင်ဗျ။ ၁၆ ရက်သာ သုံးရသေးတဲ့ပန့် မီးခိုးတွေ ထွက်လာလို့ဆိုတဲ့ ယင်ကောင်ရဲ့ စကားတောင်မဆုံးလိုက်ပါဘူး။ ဒါကွိုင်ပျက်သွားတာတဲ့။ ထားခဲ့လိုက်။ ကွိုင်ပြန်ပတ်ရင် နှစ်သောင်းကျော်ကျမယ်။ ပတ်မလားတဲ့။ ကျွန်တော့်မှာ အာမခံကတ် ပါတယ်လို့ပြောတော့ သူပြန်ပြောတဲ့စကား တ၀ီဝီပြေးနေတဲ့ ယင်ကောင်ကို တရုတ်ကလာတဲ့ ခြင်ရိုက်တံနဲ့ ပြေးရိုက်လိုက်သလို ဆန့်ငင်ဆန့်ငင်ကိုဖြစ်လို့။ ဘာတဲ့ ကျွန်မတို့က အကုန်အာမခံပါတယ်။ ဒါပေမဲ့ ကွိုင်ပျက်တာကိုတော့ အာမခံဘူးဆိုပဲ။ သူ့ပြောပုံအရ ပန့်မှာ ကွိုင်ပတ်ထားတဲ့ မော်တာရယ်၊ ပန်ကာရယ်၊ ဆင်ဆာစနစ်ရယ်နဲ့ ဘေးသံအခွံရယ်ပဲပါတာ။ ဒါကို အဓိကကို အာမမခံဘူးဆိုတော့၊ ဘယ်နှယ့်ဟာတွေတုန်း။ ယင်ကောင်ကို  ဂျင်းထည့်ရုံတင်မကဘူး။ အသားဖတ်လေးနှစ်ဖတ်လောက်နဲ့ ဘူးသီးရောခံရတာဗျာ။

စာကိုချုပ်ရရင်ဖြင့် ၀န်ကြီးချုပ်တွေတောင် ဘူးသီးရောခံနေရာတာ မဟုတ်လားဗျာ။ စစ်ကိုင်းတိုင်းက အသစ်ဖောက်နေတဲ့လမ်းဆိုရင် လမ်းတောင်မဖွင့်ရသေးဘူး၊ ပျက်သွားလို့ ၀န်ကြီးချုပ်ဒေါနဲ့မောနဲ့ပြောနေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ် ပျံ့သွားခဲ့သေးတယ် မဟုတ်လားဗျာ။ သူပဲခံလိုက်ရတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆိုရင် မြို့လယ်ကောင်က ခမ်းနားထည်ဝါတဲ့ ဟိုတယ်ကြီးမှာ ထိုင်းကပုဂ်္ဂိုလ်တွေနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးနေတုန်း မီးပျက်သွားတာခင်ဗျာ။ ဟိုတယ်ကလည်း ရှင်းတယ်။ မီးစက်တောင် မနှိုးပေးလို့ ၀န်ကြီးချုပ်က ဒေါခွီးပြီး ဒီနေရာ မီးပျက်လို့မရဘူး။ ဒါဝန်ကြီးချုပ်လမ်းကြောင်းလို့တောင် တွေ့တဲ့သူကို ပြောခဲ့ရတာမဟုတ်လား။ ဒီလိုမျိုး ၀န်ကြီးချုပ်တွေတောင် ဂျင်းမိရုံတင်မကဘူး။ ဘူးသီးပါ  အရောခံနေရတော့ ယင်ကောင်လို သာမညလေးလောက်တော့ ခံရတာ မဆန်းပါဘူးဗျာ။ ဒါကြောင့် မြန်မာနိုင်ငံမှာ လူလည်ကြီးများ အသင်းအဖွဲ့လေးတစ်ခုလောက် ဖွဲ့ထားစေချင်ပါသဗျ။
ယင်ကောင်

Category: 

Share