အဋ္ဌမတန်းမှ န၀မတန်းတက်ရောက်မည့် ကျောင်းသားများကို ပထ၀ီ၊ သမိုင်းဘာသာရပ် နှစ်ပတ်ခန့် သင်ကြားစေပြီးမှ ဘာသာတွဲရွေးချယ်ခွင့်ပေးမည် ကျောင်းအုပ်ကြီးများကို ရေလိုအေးသော အပြုံးလေးပြုံးထားပေးရန် မှာကြားထားဟုဆို

အဋ္ဌမတန်းမှ န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသားများကို ဇွန် ၁ ရက် ကျောင်းဖွင့်ချိန်တွင် ဘာသာတွဲ မခွဲသေးဘဲ ပထ၀ီ၊ သမိုင်းအတွဲ (၂) ကို သက်ဆိုင်ရာ ကျွမ်းကျင်ဘာသာရပ်ပြဆရာများက နှစ်ပတ်တိတိ သင်ကြားပြီးမှသာ ကျောင်းသားစိတ်ကြိုက်ဘာသာတွဲကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အဋ္ဌမတန်းပြီးလို့ န၀မတန်းရောက်တဲ့အခါ အတွဲ (၂) ဖြစ်တဲ့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒအတွဲကို ယူတဲ့လူတွေနည်းတယ်။ ကျွန်မတို့ တိုင်းရုံးက အချက်အလက်တွေအရ ကိုးတန်းရော၊ဆယ်တန်းပါ အတွဲ (၂) ယူတဲ့လူ ၂၀၀ကျော်ပဲရှိတယ်။ ဒီနှစ်တော့ အတွဲကို မခွဲပေးသေးဘူး။ နှစ်ပတ်လောက် အတွဲ (၂) ကို သင်ပေးမယ်။ ကျောင်းသား စိတ်ကြိုက်ယူပါစေ။ နို့မို့ဆို မိဘတွေရဲ့ အတွေးအခေါ်တွေက မပြောင်းလဲသေးဘူး။ အတွဲ (၂) ကို ယူလိုက်ရင် သူတို့စိတ်ထဲမှာ ပညာရေးနိမ့်ကျတယ် လို့ ထင်ကြတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဒေါ်ဆွေဆွေလဲ့က ပြောသည်။

မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲနှင့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာတွဲယူသူများပြားခြင်းမှာ မိဘများ၏ အတွေးအခေါ်ကြောင့်သာ ဖြစ်ပြီး ယခုနှစ်တွင် ထိုသို့ အဖြစ်မခံဘဲ ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒဘာသာတွဲ အတွဲ (၂) ကို ကျောင်းသားများကို ဇွန်လတွင်နှစ်ပတ်တိတိ သင်ကြားပြီးမှသာ ကျောင်းသားစိတ်ကြိုက်ဘာသာတွဲ ခွဲမည်ဖြစ်ကြောင်း သိရသည်။

“ကျောင်းအုပ်ကြီးတွေကိုလည်း ကျွန်မတို့ မှာထားပါတယ်။ ကိုယ်က ဘာမှမပေးနိုင်ရင်တောင် ရေလိုအေးမြစေမယ့် အပြုံးလေးပြုံးပေးပါ။ ကျောင်းသားတွေကို ခွဲခြားမဆက်ဆံပါနဲ့လို့ ပြောထားပါတယ်” ဟု ဆရာမကြီးက ထပ်မံပြောကြားခဲ့သည်။

Category: 

Share