အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၁၆) - ဇော်သက်ထွေး

ဂဠုန်စီမံချက်ကြောင့် ဘ၀ပျက်ခဲ့ရသူ ရေဘ၀ဲဘိုနီ

ခေတ်အဆက်ဆက် အင်းစိန်ထောင် ဂန္ထ၀င်လူမိုက်ကြီးတွေနဲ့ ကြုံဆုံခဲ့ရတဲ့ ဘိုနီကို လူမိုက်ကြီးတွေထဲက ကိုစံငြိမ်းမှရွေးပြီး ဘာလို့ လေးစားရတာလဲလို့ မေးကြည့်မိတယ်။ ဘိုနီပြောတာက “ကိုစံငြိမ်းက ကြည့်မြင်တိုင်သားဆိုပေမယ့် သူ့အပိုင်သား ကိုယ့်အပိုင်သား မခွဲခြားဘူး။ ပြီးတော့ မယုတ်မာဘူး။ ထောင်ထဲမှာ မတွန်းဘူး၊ မချွန်ဘူး၊ မကျစ်ဘူး။ ဒါကြောင့် ကျွန်တော်က တောင်ဥက္ကလာသားဖြစ်ပေမယ့် ကိုစံငြိမ်းကို လေးစားရတာ” လို့ ပြန်ဖြေတယ်။ ရေဘ၀ဲဘိုနီလို့ ထောင်ထဲမှာ နာမည်ကြီးခဲ့တဲ့ ဘိုနီက အခုတော့ အသက်အရွယ်လည်း ရခဲ့သလို အတွေ့အကြုံလည်း ကြွယ်ဝနေခဲ့ပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃၈ နှစ် သူ ၁၇ နှစ်သားအရွယ်က ခေတ်ဆိုးစနစ်ဆိုးထဲမှာ သူ့ဘ၀ပြောင်းလဲသွားရပုံကို အခုအချိန်ထိ အမှတ်ရနေဆဲ ဖြစ်ပါတယ်။

တောင်ဥက္ကလာမှာ မွေးဖွားခဲ့တဲ့ ဘိုနီနဲ့ သူ့မိသားစုဟာ ဆူးလေလမ်းမပေါ်မှာ ဈေးရောင်းရင်း ဘ၀၀မ်းကျောင်းရတဲ့ ရိုးရိုးသာမန် မိသားစုတစ်စုဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တော့ သူတို့ရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ ဘ၀ထဲကို မုန်တိုင်းထန်တဲ့ နေ့ရက်တစ်ရက် ရောက်ရှိလာပါတယ်။ အဲဒါကတော့ မဆလအစိုးရရဲ့ “ဂဠုန်စီမံချက်” ဆိုတာပဲ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ဂဠုန်စီမံချက်ကြောင့် ရန်ကုန်စည်ပင်သာယာဝန်ထမ်းတွေနဲ့ လမ်းဘေး ဈေးရောင်းသူတွေကြား လိုက်တမ်းပြေးတမ်း ကစားခဲ့ရသလို ဈေးသည်တွေလည်း ထောင်နှုတ်ခမ်း နင်းခဲ့ရပါတယ်။ ဈေးရောင်းမှ ထမင်းစားရတဲ့ဘ၀မို့ ရဲတွေလာဖမ်းရင် ပြေးလိုက်၊ တခြားလမ်းတစ်နေရာမှာ ရောင်းလိုက်နဲ့ သံသရာလည်နေပါတယ်။ ဒါပေမဲ့ ရေရှည်တော့ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သူ့မိသားစုဟာ မြို့ထဲမှာ ဈေးရောင်းလို့ ဂဠုန်စီမံချက်နဲ့ အဖမ်းခံလိုက်ရပါတော့တယ်။

စီမံချက်ဆိုတဲ့အတွက်ကြောင့် စည်ပင်ကလည်း ဈေးသည်တွေကို ဖမ်းပြရသလို တရားရုံးတွေကလည်း ထောင်ဒဏ် ချမှတ်ပေးရပါတယ်။ ဒီစတေးခံရသူတွေထဲမှာ လူပျိုပေါက်စ ဘိုနီလည်း ပါသွားခဲ့ပါတယ်။ အဖေနဲ့အမေကို ဂဠုန်က ဖမ်းတော့ မိဘတွေ ထောင်ထဲ မရောက်စေချင်လို့ သူက ကိုယ်စားဝင်ခံပြီး အဖမ်းခံတာဖြစ်ပါတယ်။ နောက်တော့ သူ့ကို ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပါတယ်။ ထောင်ထဲရောက်တော့ ဘိုနီအတွက် အရာရာဟာ ထိတ်လန့် တုန်လှုပ်စရာတွေချည်းပါပဲ။ အားကြီးတဲ့လူက အားနည်းတဲ့လူကို အနိုင်ကျင့်တယ်။ ငွေကြေးချမ်းသာတဲ့ သူတွေက ထောင်ထဲမှာ ကောင်းကောင်းနေရပြီး ပိုက်ဆံမရှိတဲ့သူတွေက သူများမလုပ်ချင်တဲ့အလုပ်တွေ လုပ်ရတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူတွေဟာ ဆီးအိုးထမ်းရတာတွေ၊ မိလ္လာအိုး သွန်ရတာတွေကို လုပ်ရပါတယ်။ အင်းစိန်ထောင်မှာ ဘိုနီဟာ ခဏပဲနေရပြီး ရန်ကုန်-မန္တလေးအမြန်လမ်း ဖောက်လုပ်တဲ့ နေရာက ရဲဘက်စခန်းတွေကို ပို့တဲ့ထောင်သားတွေထဲမှာ ပါဝင်သွားတော့တယ်။ ရန်/မန်း လို့ ခေါ်တဲ့ အဝေးပြေးလမ်း အမှတ် (၄) ရဲဘက်စခန်းကို ဘိုနီရောက်သွားတော့ ဒုတိယကမ္ဘာစစ်က ချွေးတပ်စခန်းတစ်ခု ရောက်သွားသလိုပါပဲ။ လူတွေအားလုံးဟာ အာဟာရဓာတ် ချို့တဲ့ပြီး အရိုးငေါငေါနဲ့ ဖြစ်နေတယ်။ လမ်းဖောက်တဲ့နေရာမှာ မဖြစ်မနေ သုံးရမယ့် ယန္တရားတွေ မရှိဘဲ လူအားနဲ့ လုပ်နေတာကို တွေ့ရတယ်။ အဓိက,ကတော့ မြေကြီးထဲက ကျောက်တွေကို တူးထုတ်ပြီး လမ်းခင်းဖို့ ပြန်ခွဲပေးရတာပါပဲ။ ကျောက်ခဲခွဲတဲ့နေရာမှာ တူနဲ့ မတော်တဆထုမိလို့ လက်ချောင်း ဆုံးရှုံးသွားတဲ့သူတွေ၊ ကျောက်ခဲစမှန်လို့ မျက်လုံးပျက်သွားတဲ့သူတွေ အများအပြား ရှိပေမယ့် အကျဉ်းစခန်းက လျော်ကြေးပေးဖို့ နေနေသာသာ ဆေးထည့်ပေးတာပဲ တော်လှပြီလို့ အောက်မေ့ရတဲ့ ခေတ်အခြေအနေ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ပိုက်ဆံရှိပြီး လိုင်းဝင်ထားတဲ့သူတွေက စခန်းမှာ သီးခြားအိမ်လေးတွေနဲ့ ဇိမ်ကျကျ နေနိုင်သလို မိသားစုကိုလည်း အချိန်မရွေး ခေါ်ထားခွင့်ရှိပါတယ်။ ပိုက်ဆံမရှိတဲ့ အကျဉ်းသားတွေနဲ့ ဘိုနီတို့လို မိသားစု မလာနိုင်တဲ့ အကျဉ်းသားတွေကတော့ အသက်အန္တရာယ်နဲ့နီးတဲ့ အလုပ်မှန်သမျှ အကုန်လုပ်ရပါတယ်။ ဘိုနီတို့ဟာ နေ့စဉ်ပဲခူးရိုးမ လျှိုတွေထဲမှာရှိတဲ့ ကျောက်တုံးကြီးတွေကို လူအားနဲ့ မနိုင့်တနိုင် မ,ပြီး အမြန်လမ်းဘေးမှာရှိတဲ့ ကျောက်ခဲခွဲတဲ့နေရာကိုပို့ရတယ်။ အမှန်တကယ်တော့ ဒီကျောက်တုံးကြီးတွေရဲ့ အလေးချိန်ဟာ လူလေးငါးခြောက်ယောက် မ,မှရနိုင်ပေမယ့် သူတို့ကတော့ နှစ်ယောက် သုံးယောက်နဲ့ မ,ခဲ့ရပါတယ်။ သူတို့ကို အလုပ်တွင်အောင် မောင်းနှင်ဖို့ တုတ်ကိုင်ထားတဲ့ အကျဉ်းသား ဘုတ်ကိုင်တစ်ယောက်က အမြဲ ကြီးကြပ်နေပါတယ်။ အလုပ်လုပ်တာနှေးနေရင်၊ မတွင်ရင် ကျောကုန်းကို ဘုတ်ကိုင်က မရပ်မနား ရိုက်နှက်တတ်ပါတယ်။ အစားအစာကလည်း မ၀ရေစာပဲ ကျွေးထားတာပါ။ ထမင်းမ၀လို့ ထပ်တောင်းရင် ထပ်တောင်းတဲ့ အကျဉ်းသားကို မှတ်ထားပြီး တခြားတစ်နည်းနည်းနဲ့ အပြစ်ရှာ ရိုက်နှက်တတ်ပါတယ်။ နောက်တော့ ရဲဘက်တွေက သဘောပေါက်သွားပြီး ထမင်းထပ်မတောင်းရဲတော့ဘဲ ကျွေးသမျှနဲ့ တင်းတိမ်ရောင့်ရဲတတ်သွားပါတော့တယ်။

နေမကောင်းတဲ့အခါမှာလည်း ရဲဘက်တွေဟာ ဆေးခန်း မပြရဲပါဘူး။ ရဲဘက်စခန်းမှာရှိတဲ့ အကျဉ်းဦးစီးက တာဝန်ခံဆေးမှူးက အစွမ်းကုန်နှိပ်စက်တတ်လို့ ဖြစ်ပါတယ်။ ရဲဘက်တွေဆေးခန်းပြရင် ဆေးမှူးက အဆင့်အတန်း A,B,C ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ A ကို ဆေးနားအဖြစ် သတ်မှတ်ပေးပေမယ့် ဒီလိုအခြေအနေက သေခါနီးပုဂိ္ဂုလ်တွေ၊ လုံးဝမထနိုင်တော့တဲ့သူတွေကို ပေးတာဖြစ်ပါတယ်။ B ကတော့ မင်းနေမကောင်းဘူးဆိုပေမယ့် ဒီလောက် အခြေအနေအဆိုးကြီး မဟုတ်သေးဘူး။ ဒီတော့ အလုပ်စခန်းကို ဆက်လိုက်သွား၊ လက်ကောက်လာမကျနဲ့ဆိုပြီး ပြောလေ့ရှိပါတယ်။ C ကတော့ နေမကောင်းဘူးဆိုတာ အလုပ်မလုပ်ချင်လို့ သက်သက်လိမ်တာ၊ ဒီတော့ ပညာပေးရမယ်ဆိုပြီး ကျောကော့နေအောင် အရိုက်ခံရတာ ဖြစ်ပါတယ်။ ဒီတော့ ရဲဘက်စခန်းက အကျဉ်းသားဟာ တော်ရုံ နေမကောင်းရုံလောက်နဲ့ ဆေးခန်းပြဖို့ တွန့်နေတတ်ပါတယ်။

ဒီလိုဆိုးဝါးတဲ့ ရဲဘက်စခန်းမှာ ဘိုနီဟာ သူ့အသက်အရွယ်နဲ့ မမျှတဲ့ ကျောက်ခဲသယ်တာ၊ ကျောက်ခဲခွဲတာတွေ လုပ်ရပါတယ်။ တစ်နေ့တော့ အမြန်လမ်းဘေးမှာ ကျောက်ခဲခွဲရင်း လက်ကို နည်းနည်းထိသွားတယ်။ နာသွားတဲ့အတွက်ကြောင့် တူကိုပစ်ချပြီး လက်ကို အနာပျောက်အောင် ခါနေတယ်။ ပြီးတော့ တူနဲ့ထုမိတဲ့ လက်ထိပ်ဖျားကို တံတွေးနဲ့ပွတ်နေလိုက်တယ်။ ဒါကို တွေ့သွားတဲ့ ဘုတ်ကိုင်က ဘိုနီ့ကို အလုပ်မလုပ်ဘူးထင်ပြီး သူ့ခေါင်းကို တုတ်နဲ့ အဆက်မပြတ် လာရိုက်တယ်။ ရုတ်တရက် ထူပူသွားတဲ့ဘိုနီဟာ ဘာကိုမှစဉ်းစားမနေတော့ဘဲ သူ့ဘေးနားက တူကိုယူပြီး ဘုတ်ကိုင်ကို ထုချလိုက်တယ်။ ဘုတ်ကိုင်လည်း ခွေခနဲလဲကျသွားတယ်။ နောက်တော့ ရဲဘက်စခန်းက ၀န်ထမ်းတွေ ၀ီစီမှုတ်ရောက်လာပြီး ဘိုနီကို ချုပ်လိုက်တယ်။ ပြီးတော့ ဒေါက်ခတ် ခြေကျင်းခတ် လိုက်တယ်။ အဲဒီနေ့က ဘုတ်ကိုင်ကို ပြန်ချတဲ့ ဘိုနီကို ၀ိုင်းနွှာလိုက်ကြတာ ပယ်ပယ်နယ်နယ်ပါပဲ။ ဘိုနီလည်း အသက်မသေဘဲ မျော့မျော့ပဲ ကျန်တော့တယ်။ တစ်ခုအမြတ်ရတာကတော့ ၀ါဒါတွေ ကြားထဲမှာရော ရဲဘက်တွေ ကြားထဲမှာပါ ဘိုနီဟာ “ဇ” ရှိတဲ့ ကောင်လေးအဖြစ် သတင်းပြန့်သွားတာပဲ။ အစကတော့ ဘိုနီရဲ့ လက်တံကို သိပ်မမြင်ကြသေးဘူး။ နောက်တော့ အသက်ငယ်ပေမယ့် မာတဲ့ဘိုနီကို လျှော့မတွက်ရဲတော့ဘူး။ ဘိုနီအနေနဲ့ကလည်း မိုက်ချင်လို့ မိုက်တာမဟုတ်ပါဘူး။ ဘ၀ပေးအနေအထားကကို ဆိုးဖို့မိုက်ဖို့ ဖြစ်လာခဲ့တာပါ။ ဂဠုန်စီမံချက်ကြောင့် မိသားစုအတွက် ကိုယ်စားခံခဲ့ပေမယ့် ထောင်ထဲမှာ ဒီလိုမှ မမိုက်ရင် အသက်သေသွားနိုင်ပါတယ်။ ရဲဘက်စခန်းမှာ အကျဉ်းသား တစ်ယောက်ရဲ့အသက်ဆိုတာ အမှန်တကယ်ကို ခွေးတစ်ကောင်လောက်မှ တန်ဖိုးမရှိပါဘူး။ အကျဉ်းစခန်းမှာ ခွေးတစ်ကောင် သေတယ်ဆိုရင် အားလုံးကအလုအယက်ပဲ၊ အသားကို ပေါ်ပြီး ရောင်းစားကြတယ်။ ခွဲဝေယူကြတယ်။ လူတစ်ယောက် သေရင်တော့ ဘာမှအသုံးမ၀င်တော့တဲ့ အရာဝတ္တုတစ်ခုလို ကျော်ခွသွားကြတော့တယ်။ မိသားစုမရှိ၊ ကျောထောက်နောက်ခံမရှိတဲ့ ရဲဘက်တွေ သေရင် အမြန်လမ်းမကြီးဘေးက ကြုံရာမြေသားတစ်ခုမှာပဲ မြှုပ်နှံခံရမှာ ဖြစ်ပါတယ်။ တစ်ခါတရံမှာ အလောင်းမြှုပ်တဲ့သူတွေက ကျင်းကို နက်အောင်မတူးလို့ သုံးလေးရက်ကြာမှ ခြေတွေ၊ လက်တွေ ပေါ်လာပြီး ခွေးဆွဲ၊ ကျီးဆွဲတွေလည်းကြုံရပါတယ်။ သေသွားတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ ခြေကျင်းကို ဖြုတ်ယူတာတောင် တူတွေ တံစို့တွေယူပြီး ရိုက်ဖြုတ်ရမှာစိုးလို့ ခြေထောက်ကို ဖြတ်ပြီး ခြေကျင်းယူတဲ့ အဖြစ်အပျက်တွေတောင် သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေမှာ ဘိုနီဟာ ပြန်လမ်းမရှိတဲ့ သူ့ဘ၀အတွက် တုံ့ပြန်မှုတစ်ခုကို ရွေးချယ်လိုက်ရတာ ဖြစ်ပါတယ်။
အစဉ်အလာ ဇရှိသွားတဲ့ ဘိုနီကို အမှတ် (၄) ရဲဘက်စခန်းမှာ ဆက်ထားဖို့အတွက် ထောင်အာဏာပိုင်တွေက တွန့်ဆုတ်သွားကြတယ်။ ဒါကြောင့် သူ့ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပဲခူးရိုးမ တောထဲက “ဒေါင်းမြီးခွက်စခန်း” ကို ပို့လိုက်တယ်။ ဒေါင်းမြီးခွက်စခန်းကို ဘိုနီရောက်လာတော့ အမှတ် (၄) ရဲဘက်စခန်းတုန်းကလို မျက်စိသူငယ် နားသူငယ်နဲ့ မဟုတ်တော့ဘူး။ သူ့ရဲ့သတင်းကို ကြားသိပြီးဖြစ်တဲ့ ဒေါင်းမြီးခွက်စခန်းက ဖိုက်တာတွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ ၀ါဒါတွေကလည်း သတိထားပြီး ဆက်ဆံတယ်။ ဒါပေမဲ့ နာမည်ဆိုးနဲ့ ကျော်ကြားပြီးသား ဒေါင်းမြီးခွက်စခန်းက ဘိုနီရောက်လာလို့ ဘာမှ ပြောင်းလဲမသွားပါဘူး။ အကျဉ်းသားတွေကို နှိပ်စက်မြဲ၊ ရိုက်မြဲ၊ ကျစ်ဆဲဖြစ်ပါတယ်။ ဒီစခန်းက အကျဉ်းသားအရာရှိတွေက ရဲဘက်တွေကို လူလိုမမြင်ဘဲ သူတို့ရဲ့အကျိုးစီးပွားအတွက် ဖော်ဆောင်ပေးရတဲ့ သတ္တ၀ါတွေလို့ မြင်တယ်။ ရဲဘက်စခန်းက ၀န်ထမ်းတွေအတွက် ၀င်ငွေရပေါက်ရလမ်းက အမြန်လမ်းကို ပေးသွင်းရတဲ့ ကျောက်ကျင်းတွေကို တရားဝင်နဲ့ တရားမ၀င်တွေခွဲပြီး မှောင်ခိုရောင်းချတာပါပဲ။ ဒီဝင်ငွေကိုတော့ အကျဉ်းဦးစီးဌာန အမြန်လမ်းက ၀န်ထမ်းတွေနဲ့ လမ်းခင်းတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀န်ထမ်းတွေ ပေါင်းပြီး အကြံအဖန်ရိုက်ကြတာ ဖြစ်ပါတယ်။ စခန်းတစ်ခုက ကျောက်ကျင်း ၂၀၀ ပါလာရင် ၁၀၀ လောက်ကို စာရင်းပြပြီး ကျန် ၁၀၀ လောက်ကို နှစ်ဖက်ပေါင်းပြီး ဖြောင်လိုက်တာဖြစ်ပါတယ်။ ဒီအတွက် ရဲဘက်စခန်းတစ်ခုက အလုပ်ခိုင်းတဲ့ ရဲဘက်အရေအတွက်နဲ့ ပုံမှန်ထွက်ရှိနိုင်တဲ့ ကျောက်ကျင်းထက် ပိုပြီး ကျောက်ထုတ်ရပါတယ်။ နောက်ဆုံးတော့ အလုပ်နှစ်ဆလုပ်ရလို့ ရဲဘက်တွေ သေကျေ၊ ဒဏ်ရာရ၊ ကျိုးကန်းကုန်တာပါပဲ။ ဒီအခြေအနေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အစိုးရက သိရှိထားပေမယ့် မသိချင်ယောင် ဆောင်နေတယ်။ အကျဉ်းဦးစီးဌာနက ၀ါဒါတွေကို လုပ်ချင်ရာ လုပ်ခွင့်ပေးထားတယ်။ အစိုးရ လိုချင်တာက ရန်/မန်း အဝေး ပြေးလမ်းမကြီး အမြန်ပြီးဆုံးစေရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဝေးပြေးလမ်းမကြီး ပြီးဆုံးသွားတဲ့အခါ ပေးဆပ်ခဲ့ရတဲ့ ရဲဘက် အကျဉ်းသားတွေရဲ့ အသက်ဟာ ရာထောင်ချီပြီး ရှိခဲ့ပါတယ်။

ဘိုနီရောက်နေတဲ့ ရဲဘက်စခန်းကလည်း ကျောက်ကျင်းတွေကို သတ်မှတ်ထားတာထက်ပိုပြီး ထုတ်ချင်တဲ့ ရဲဘက်စခန်း ဖြစ်ပါတယ်။ ဒါမှ အကျဉ်းဦးစီး ၀န်ထမ်းတွေအတွက် မြိုးမြိုးမြက်မြက် ရမှာဖြစ်ပါတယ်။ ဒီတော့ ရဲဘက်တွေကို နေ့ည ပိုပြီးမောင်းတယ်။ ကျောက်တွေကို ပိုထုတ်ခိုင်းတယ်။ နောက်ဆုံး ဘိုနီတို့က မခံနိုင်တော့တဲ့အတွက် အရမ်းစွာတဲ့ လေးယောက်လောက် တိုင်ပင်ပြီး ဒေါင်းမြီးခွက်စခန်းကို မီးတင်ရှို့လိုက်တယ်။ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး တန်းလျားတချို့လည်း မီးလောင်သွားတယ်။ မီးလောင်မှုကြောင့် တာဝန်ရှိတဲ့ ၀န်ထမ်းတွေလည်း ပြောင်းရွှေ့ရတယ်။ ရဲဘက်စခန်းကို ပြန်ဆောက်ရတာကြောင့် ကျောက်ကျင်းတွေလည်း စိတ်တိုင်းကျ ထုတ်လို့မရတော့ဘူး။ သူတို့ရဲ့ရည်မှန်းချက်ကို ပျက်စီးအောင်လုပ်တဲ့သူတွေကို ၀ါဒါတွေ စုံစမ်းကြည့်လိုက်တော့ ဘိုနီတို့ လက်ချက်မှန်း သိသွားပြီး သူတို့လေးယောက်လုံးကို လေးယောက်တွဲပြီး ဒေါက်ခတ်ထားတယ်။ ဒီတော့ ရေချိုးရင်လည်း လေးယောက်တွဲ၊ အိမ်သာသွားရင်လည်း လေးယောက်တွဲ၊ အိပ်ရင်လည်း လေးယောက်တွဲ တော်တော့်ကိုဒုက္ခရောက်ခဲ့ရတယ်။ ဒါပေမဲ့ ဘိုနီနာမည်ကတော့ ပိုပြီးကြီးသွားတယ်။ လုပ်ရဲတယ်၊ ကိုင်ရဲတယ်၊ လက်ယဉ်တယ်၊ လက်မြန်တယ်ဆိုပြီးတော့ပေါ့။ သူ့မှာ လက်နှစ်ဖက်ပဲ ရှိပေမယ့် တစ်ခုခု ရင်ဆိုင်ရတိုင်း အတော်လက်မြန်တယ်။  ဒါကြောင့် ရဲဘက်စခန်းမှာရှိတဲ့ အကျဉ်းသားတစ်ယောက်က သူ့ကို သိဒ်္ဓိတင်ပေးတဲ့အနေနဲ့ လက်နှစ်ဖက်လုံးရဲ့ အပေါ်မှာ ရေဘ၀ဲရုပ်ကို ဆေးမင်ကြောင်ထိုးပေးတယ်။ ရေဘ၀ဲလက်တွေက သူ့လက်ချောင်းပေါ်တွေအထိ ရေးဆွဲထားတယ်။ မထင်မှတ်ဘဲ ရေဘ၀ဲရုပ်က တော်တော်ကိုလှတယ်။ ဘိုနီလည်း အဲဒီအချိန်ကစပြီး ရေဘ၀ဲဘိုနီလို့ နာမည်ကြီးသွားတယ်။ ဒီလိုနဲ့ ထောင်ဒဏ်စေ့သွားတဲ့ အချိန်မှာတော့ ဘိုနီအိမ်ပြန်လာခဲ့တယ်။
 
တောင်ဥက္ကလာကို ပြန်ရောက်လာတဲ့ဘိုနီဟာ အရင်ဘိုနီတော့ မဟုတ်တော့ဘူး။ ထောင်အတွေ့ အကြုံတွေရှိပြီး လက်မြန်တဲ့ “ရေဘ၀ဲဘိုနီ” ဖြစ်သွားပြီ။ ဘ၀ကို ဈေးရောင်းရင်းနဲ့ ရိုးရိုးသားသား နေချင်ပေမယ့် သူ့ရဲ့ကံကြမ္မာက အကျဉ်းထောင်နဲ့ လူမိုက်သံသရာ ၀ဲဂယက်ထဲက မထွက်နိုင်တော့ဘူး။ ၁၇ နှစ်သား လူငယ်လေး တစ်ယောက်ဘ၀ကနေ ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကာလမှာ စီမံကိန်းရပ်ကွက်နဲ့ ငမိုးရိပ် ဆန္ဒပြပွဲတွေမှာ လူသတ်မှုနဲ့ အင်းစိန်ထောင်ထဲ ပြန်ရောက်လာခဲ့ရသလို အင်းစိန်ထောင်ရဲ့ လူမိုက်ကြီး သေဒဏ်ကြိုးလွတ် “စစ်ကား” ကို လက်ရုံးရည် နှလုံးရည်ချင်းပြိုင်ပြီး သတ်ဖြတ်ခဲ့တဲ့အထိ မိုက်ဂုဏ်ကြီး လာခဲ့တယ်။
ရေဘ၀ဲဘိုနီဟာ ထောင်ထဲမှာ စစ်ကားကို ဘယ်လိုသတ်ခဲ့သလဲ။
ဇော်သက်ထွေး
ဆက်လက်ဖော်ပြပါမည်။

 

Category: 

Share