ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်ပေါ်တွင် လွန်လွန်ကဲကဲရေးသားသူအချို့အား အရေးယူသင့်ကြောင်း သရုပ်ဆောင်ကျော်သူပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ်ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် လွန်လွန်ကဲကဲ ရေးသားသူအချို့အား ဥပဒေအရ အရေးယူသင့်ကြောင်း သရုပ်ဆောင်ကျော်သူက ဇွန်လ ၄ ရက်တွင် ပြောကြားလိုက်သည်။

“အရင်ဦးဆုံးတော့ ပထမဆုံးအကြိမ် သတိပေးထုတ်ပြန်သင့်တယ်။ အများစု ပြောနေ၊ ဝေဖန်နေတာကတော့ အရေးယူလည်း ကုန်မှာမဟုတ်ပေမယ့် လွန်လွန်ကဲကဲ ဖြစ်လာရင်တော့ ဥပဒေအရ အရေးယူသင့်တယ်။ ဝေဖန်တာနဲ့ အဖျက်သဘောပြောတာနဲ့က မတူဘူး။ တကယ်ဆိုရေးတဲ့သူကိုယ်တိုင်လုပ်နိုင်သလားလို့မေးရင် ဘယ်လိုဖြေမလဲ”ဟု ဦးကျော်သူက ပြောကြား ခဲ့သည်။

ပုဒ်မ ၆၆(ဃ)တွင် ပြဋ္ဌာန်းထားသည်မှာ အီလက်ထရောနစ် နည်းပညာသုံးသူတစ်ဦးတစ်ယောက်အား ခြိမ်းခြောက်သည်ဖြစ်စေ၊ မဟုတ်မမှန်ရာ ပြောဆိုသည်ဖြစ်စေ၊ ဥပဒေနှင့် ငြိစွန်းကြောင်း ဆိုထားသည်။

ယင်းနှင့်စပ်လျဉ်း၍ NLD မှ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေဦးကျော်ဟိုးက “နိုင်ငံတော်အကြီးအကဲ တစ်ယောက်ယောက်အပေါ် နစ်နာအောင်ပြောတယ်၊ ဆိုတယ်၊ ရေးတယ်ဆိုရင်တော့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ အရေးယူသင့်တယ်။ ဒါက လွတ်လပ်စွာပြောဆိုတာနဲ့ သင့်တော်တာရှိသလို၊ မသင့်တော်တာလည်းရှိတာပေါ့” ဟုပြောကြားခဲ့သည်။

မင်းသီဟန်

 

Category: 

Share