ဒီမိုကရေစီအစိုးရလက်ထက်တွင် နိုင်ငံရေးလုပ်၍ ကျောင်းထုတ်ခြင်းမဖြစ်သင့်ဟု ရာသက်ပန်ကျောင်းထုတ်ခံရသည့် ကိုဇော်ရဲထွဋ်ပြောကြား

အများပြည်သူ ထောက်ခံအားပေးမှုဖြင့် ဖြစ်ပေါ်လာသည့် ဒီမိုကရေစီအစိုးရလက်ထက်တွင် နိုင်ငံရေး လုပ်သည့်အတွက် ကျောင်းသားကို ကျောင်းမှထုတ်ခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် ယင်းလုပ်ရပ်သည် ပညာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရအား မျက်နှာပျက်စေချင်သည့်သဘောမျိုးလားဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း နိုင်ငံရေးလုပ်ဆောင်မှုကြောင့် ရာသက်ပန်ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားကိုဇော်ရဲထွဋ်က ပြောသည်။

“ NLD အစိုးရကို ကျွန်တော်တို့ ယုံကြည်လို့ မဲပေးထားတယ်။ အစိုးရက ဒါမျိုးတွေ လုပ်တယ်ဆိုတော့ လုံးဝကို မျက်နှာပျက်စရာဖြစ်တယ်။ နောက်ပြီး ဒီမိုကရေစီအစိုးရလက်ထက်မှာ ကျောင်းသားကို နိုင်ငံရေးလုပ်လို့ ကျောင်းထုတ်တယ်ဆိုတာ လုံးဝကိုမဖြစ်သင့်ဘူး။ ဒီလိုမျိုးလုပ်တယ်ဆိုတာက ပညာရေးဝန်ကြီးဌာနက ပညာရေးကောလိပ်တွေက ဒါမျိုးထွက်လာတဲ့အချိန်မှာ ဦးချိုးချင်လို့ လုပ်တဲ့သဘောလား။ ပညာရေး ၀န်ကြီးဌာနက အစိုးရကို မျက်နှာပျက်စေချင်တဲ့သဘောလားလို့ ကျွန်တော်တို့မေးခွန်းထုတ်စရာ ဖြစ်နေတယ်”ဟု ကိုဇော်ရဲထွဋ်က ပြောသည်။

စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားကိုဇော်ရဲထွဋ်သည် ပြီးခဲ့သည့် မေ ၂၄ ရက်က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ၄င်းကို စစ်ကိုင်းပညာရေးကောလိပ်မှ နိုင်ငံရေးဆူပူမှုဆိုင်ရာပြစ်မှုကို ကျူးလွန်ခဲ့ပြီး တရားရုံး၏ ပြစ်ဒဏ်ကိုပါ ခံခဲ့ရသည့်အတွက်ဟုဆိုကာ မေ ၁၈ ရက်က ကျောင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အထက်မြန်မာပြည် အဆင့်မြင့်ပညာရေးဦးစီးဌာနရှေ့တွင် ပညာရေးကောလိပ်များ၌ ဖိနှိပ်ခံရမှုများ၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်မရှိခြင်းနှင့် ကျောင်းသားထုအခွင့်အရေးများ ဆုံးရှုံးနေမှုများနှင့် ပတ်သက်၍ စစ်ကိုင်းပညာရေးကောလိပ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ ကိုနှင်းအောင်၊ ဆန္ဒထုတ်ဖော်ရာနေရာအနီးရှိ ကိုကောင်းဇော်ဟိန်း၊ ကိုရဲမျိုးတို့နှင့်အတူ ဆန္ဒထုတ်ဖော်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၄င်းတို့လေးဦးကို တရားရုံးမှ ပုဒ်မ ၁၉ အရ ထောင်ဒဏ်သုံးလချမှတ်ခဲ့သည့်အပြင် အမှုစီရင်စဉ် တရားရုံးအား ကျောပေးကာ နားထောင်ခြင်းမရှိသည့်အတွက် တရားရုံး မထီမဲ့မြင်ပြုသည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၂၈ အရ ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။    

      
ကိုလူသစ်

 

Category: 

Share