အင်တာဗျူးပြုလုပ်နေစဉ် အမျိုးသမီးသတင်းထောက်ကို နမ်းခဲ့သော ပြင်သစ်တင်းနစ်ကစားသမား ပြိုင်ပွဲမှ ပိတ်ပင်ခံရ

ပြင်သစ်လူမျိုး တင်းနစ်ကစားသမာ မက်ဆီးမ်ဟာမိုသည် အမျိုးသမီးသတင်းထောက်တစ်ဦးကို အလိုမတူဘဲ အတင်းအဓမ္မ နမ်းရှုပ်ခဲ့သောကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲ၏ ပိတ်ပင်ခြင်းခံခဲ့ရသည်။ လွန်ခဲ့သော အပတ်တနင်္လာနေ့၌ ပြင်သစ်အိုးပင်း၏ ပထမအဆင့်ရှုံးထွက်ပြိုင်ပွဲအပြီး ပြုလုပ်ခဲ့သော တိုက်ရိုက် ရုပ်သံမေးမြန်းခန်းတစ်ခုတွင် ဟာမိုသည် ယူရိုစပို့စ်၏ အမျိုးသမီးသတင်းထောက်မာလီသောမတ်စ်ကို အလိုမတူဘဲ အကြိမ်ကြိမ် နမ်းရှုပ်ခဲ့သည်။ အမျိုးသမီးသတင်းထောက်သည် နမ်းရှုပ်ခံရမှုမှ ရုန်းထွက်ရန် ကြိုးပမ်းစဉ် ဟာမိုသည် သူမလည်ပင်းနှင့်ပခုံးတို့ကို ချုပ်ကိုင်ပြီး အကြိမ်ကြိမ်နမ်းရှုပ်ခဲ့သေးသည်။ အသက် ၂၁ နှစ်အရွယ် ဟာမိုသည် ယခုနှစ် ပြင်သစ်အိုးပင်း ပထမအဆင့်ရှုံးထွက်ပြိုင်ပွဲ၌ ပက်ဘလိုကူးဗက်စ်ကို ရှုံးနိမ့်ခဲ့သည်။ ပြင်သစ်တင်းနစ်အဖွဲ့ချုပ် (FTF) က ဟာမို၏လုပ်ရပ်ကို ရှုတ်ချပြစ်တင်လိုက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ မာလီသောမတ်စ်က သူမအနေဖြင့် တိုက်ရိုက်ထုတ်လွှင့်နေသော အင်တာဗျူးမဟုတ်လျှင် ဟာမိုကိုနေရာ၌ပင် လက်သီးဖြင့် ပစ်ထိုးမိမည်ဟု ဟက်ဖ်ဖင်တန်ပို့စ်သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဟာမိုသည် အင်္ဂါနေ့၌ သူ၏ဖေ့စ်ဘွတ်ခ်အကောင့်မှနေ၍ အမျိုးသမီးသတင်းထောက်ကို ပြန်လည်တောင်းပန်ခဲ့သည်။

 

Category: 

Share