မီဒီယာလောကကို မျိုးတုံးအောင် သတ်နေသော ၆၆(ဃ) -လက်စောင်းထက်

ဗဟန်းရဲစခန်းမှ မေးခွန်းအချို့မေးရန် ကျန်ရှိနေသည်ဟုဆိုကာ ခေါ်ယူလိုက်သော The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ကို စခန်းရောက်သောအခါ မေးခွန်းမမေးတော့ဘဲ “ဖမ်းမိန့်ကျလာပြီ” ဟုဆိုကာ တစ်ခါတည်း ဖမ်းထားလိုက်သည်။ ၂၀၁၀ မှ အစပြုသော နိုင်ငံရေးပြောင်းလဲမှုများအတွက် ကမ္ဘာက ချီးကျူးထောပနာပြုခဲ့ရသော မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့လုပ်ရပ်မှာ ယခင်အစဉ်အလာအတိုင်းပင် ဖြစ်လာခဲ့သည်။ အမှန်တကယ် ဖမ်းဆီးချင်ပါက ဂျာနယ်တိုက်ရုံးခန်းသို့ ဖုန်းဆက်ပြီး “လူကြီးလူကောင်းပီပီ စခန်းမှာ လာရောက်အဖမ်းခံပါ” ဟု ပြောလိုက်လျှင်လည်း ထွက်ပြေးမည့် သူများ မဟုတ်သည့်အတွက် ရှင်းလင်းပြတ်သားသော တာဝန်ထမ်းဆောင်မှု ဖြစ်လာပေလိမ့်မည်။ အခုတော့ ယုံကြည်မှုကျဆင်းခြင်းသာ အဖတ်တင်သည်။

သတင်းမီဒီယာသမားနှစ်ဦး ဗဟန်းရဲစခန်းအချုပ်ခန်းထဲသို့ ရောက်သွားသည်ဟု သတင်းကြားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရောက်ရှိလာသည်။ သို့သော် သူက ပြဿနာ၏ ရေသောက်မြစ်ကို မစဉ်းစား။ သတင်းသမားနှစ်ဦးကို နည်းလမ်းနှစ်ခုရှိကြောင်း၊ တောင်းပန်လျှင် အချုပ်က လွတ်မြောက်နိုင်ကြောင်း၊ တောင်းပန်သည့်စာကိုလည်း ပြီးစလွယ် ရေးသား၍မရဘဲ အသေးစိတ်တောင်းပန်မှ အဆင်ပြေမည်ဟု ထင်ကြောင်း၊ အကယ်၍ မတောင်းပန်ပါက ဖြစ်သမျှအရာအားလုံးကို ဥပဒေအတိုင်း ရင်ဆိုင်သွားရန်သာ ရှိကြောင်း၊ ၆၆(ဃ) ဖျက်သိမ်းရေးနှင့်ပတ်သက်၍ မည်သို့မှမပြောဘဲ ယခုအခါ ဆင်ဆာအဖွဲ့ မရှိတော့သည့်အတွက် ကိုယ်တိုင်တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်သာ သွားကြရတော့မည်သာဖြစ်ကြောင်း၊ ကရားရေလွှတ် တတွတ်တွတ် ပြောဆိုသွားသည်။ သူပြောသော အကြံပေးချက်များမှာ သံတိုင်နောက်ဘက်သို့ ရောက်ရှိသွားသော သတင်းသမားနှစ်ဦးအတွက် အကျိုးမဖြစ်၊ သူပြောသော အကြောင်းအရာများမှာ အမှုစဖြစ်ကတည်းကပင် အယ်ဒီတာချုပ်နှင့် သရော်စာရေးသားသူက စဉ်းစားပြီးဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်ပြန်သွားသောအခါ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက “မိန့်ခွန်းတစ်ခုကို အချုပ်ခန်းထဲက နားထောင်လိုက်ရသလိုပဲဗျာ၊ ကောင်းလိုက်တာ၊  ကျွန်တော်က တောင်းပန်ချင်ရင် အခုအချိန်ထိ ဘယ်စောင့်နေမလဲဗျ၊ ရုံးခန်းထဲ ကျွန်တော့်စားပွဲပေါ်မှာတင် ရေးပြီး တောင်းပန်လိုက်မှာပေါ့၊ အခု အချုပ်ခန်းထဲရောက်မှ တောင်းပန်ဖို့ နည်းလမ်းပေးတာကို ကျေးဇူးတင်ရမလား၊ ၀မ်းသာရမလား မပြောတတ်တော့ဘူးဗျာ”ဟုဆိုသည်။

ရန်ကုန်မြို့၏ ချမ်းသာသူအများစု နေထိုင်သည့် ဗဟန်းမြို့နယ်ရဲစခန်း၏ အချုပ်ခန်းမှာ လူ ၁၀ ယောက်စာလောက်သာ ကျယ်ဝန်းသည်။ အချုပ်ခန်းထဲတွင် မီဒီယာသမားနှစ်ဦးအပါအ၀င် စုစုပေါင်း ၅ ဦး ရှိသည်။ တပ်မတော် ဂုဏ်ပြုဇာတ်လမ်းဖြစ်သော “ပြည်ထောင်စုသစ္စာ”အား “ကျည်ထောင်စုသစ္စာ” ဟု သရော်စာရေးသားခဲ့သော ဗြိတိသျှကိုကိုမောင်မှာ စွပ်ကျယ်အဖြူနှင့် အချုပ်ခန်းထဲတွင် လမ်းလျှောက်နေရင်း
“ကျွန်တော့်အမျိုးသမီးက ကိုယ်ဝန်နဲ့ဗျ၊ သူ့ကိုတွေ့ရင် အားပေးလိုက်ပါဦး”ဟု လှမ်းပြောသည်။ ယင်းသရော်စာအတွက် တပ်မတော်က တောင်းပန်ခိုင်းသော်လည်း သရော်စာအမျိုးအစားဖြစ်နေသည့်အတွက် The Voice သတင်းစာမှ မတောင်းပန်ဘဲ ယင်းသရော်စာဆောင်းပါး ဖော်ပြခဲ့မှုကြောင့် စိတ်မကောင်း ဖြစ်မိကြောင်း၊ နိုင်ငံတွင် အရေးကြီးသော အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည့် တပ်မတော်အပေါ် တမင်ထိခိုက်နစ်နာစေလိုသော၊ ဂုဏ်သိက္ခာထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြခဲ့ခြင်း မရှိကြောင်း မေ ၁၄ ရက်ထုတ် The Voice သတင်းစာတွင် ဖော်ပြခဲ့သည်။ သို့သော် တပ်မတော်က ဤစာသားကို ကျေနပ်ဟန်မတူ။ ထို့ကြောင့် ထုံးစံအတိုင်းဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်ကာ ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

မေးခွန်းလေးအနည်းငယ် မေးစရာကျန်လို့ပါဟုဆိုကာ စခန်းရောက်သည့်အခါ ဖမ်းဆီးလိုက်သော လုပ်ရပ်အတွက် ဝေဖန်မှုများရှိနေချိန်တွင် ဗဟန်းမြို့နယ်တရားရုံးကလည်း အစိုးရရုံးပိတ်ရက်ဖြစ်သော ဇွန်လ ၃ ရက်နေ့ (စနေနေ့)မှာပင် ယင်းမီဒီယာသမားနှစ်ဦးကို ချုပ်ရက် ရမန်ရယူခဲ့သည့်အတွက် နောက်ထပ် ဝေဖန်မှုများ ဖြစ်ပေါ်လာပြန်သည်။ ဤမျှ နိုင်ငံတာဝန်ကျေပွန်ကြခြင်းဖြစ်သည်။ မိမိတို့ တိုင်းပြည်တွင် ဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ယူခဲ့သော ရဲတပ်ဖွဲ့နှင့် တရားရုံးများကို နှစ်ပေါင်းများစွာကပင် လူအများက ဥပဒေနှင့် မညီညွတ်သောလုပ်ရပ်များကို ဝေဖန်လေ့ရှိကြသည်။ အစိုးရသစ်လက်ထက်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး နိုင်ငံတကာမှ ယင်းအဖွဲ့အစည်းများ Mindset ချိန်းအောင် လေ့ကျင့်သင်ကြားပေးမှုများပင် ရှိလာခဲ့သည်။ တရားရုံးများကလည်း ဥပဒေအထက်တွင် မည်သူမျှမရှိဟု တွင်တွင်ဆိုသည်။ သို့သော် မီဒီယာသမားနှစ်ဦးကို ဖမ်းဆီးရာတွင်မူ ယခင်ခေတ်ကာလက အချိုးအတိုင်းပင် ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဒီမိုကရေစီအစိုးရကလည်း မည်သို့မျှ ဝေဖန်ခြင်းမပြု၊ မီဒီယာသမားများနှင့် အဓိကဆက်စပ်နေသော ပြန်ကြားရေးဝန်ကြီးကလည်း မည်သည့်လေသံမှမဟ။ သတင်းမီဒီယာဥပဒေအရ ပေါ်ပေါက်လာသော သတင်းမီဒီယာကောင်စီကလည်း အဖွဲ့ဝင်အချင်းချင်း မည်သို့ဆောင်ရွက်မည်ကို ငြင်းခုန်နေတုန်းပင် ဖြစ်သည်။

ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ကိုကျော်မင်းဆွေဘက်တွင်ရှိသည်ဟု ပြောဆိုလိုက်ခြင်းကသာ ထူးခြားမှုတစ်ခုရှိသည်။ သူပြောသလို ပြဿနာ၏အတိမ်အနက်ကို တရားစီရင်ရေးနယ်ပယ်က မဆင်မခြင် မသုံးသပ်အားဘဲရှိသည်။ ၆၆(ဃ) ဖြစ်ကုန်သည်။ Secondary Action တွေ ဘာတွေနားတော့။
၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလတစ်လျှောက် အနိုင်ရပါတီနှင့် မီဒီယာသမားများသည် လုံးထွေးလျက် မိသားစုကြီးပမာ ဖြစ်ခဲ့သည်။ မီဒီယာသမားများကလည်း ဒီမိုကရေစီအစိုးရ တက်လာလျှင် သတင်း လွတ်လပ်ခွင့် ဆုလာဘ်ကြီးကို ပို၍ခံစားရရှိတော့မည်ဟု ရွှေအိပ်မက်မက်လျက်ရှိသည်။ သို့သော် အစိုးရသက်တမ်း တစ်နှစ်ကျော်တွင် မီဒီယာလောကသည် အထင်နှင့်အမြင်ပါ စင်အောင်လွဲပြီး ဒုက္ခပင်လယ်ဝေလျက်ရှိသည်။

နိုင်ငံ၏စီးပွားရေးကျဆင်းနေသဖြင့် ပုဂ္ဂလိကကုမ္ပဏီများ၏ ကြော်ငြာအတွက် ငွေကြေးသုံးစွဲမှုမှာ ကျဆင်းသွားသည်။ State Media အားကောင်းအောင်လုပ်ထားပြီး ပုဂ္ဂလိက မီဒီယာအခန်းကဏ္ဍကို အားပေးအားမြှောက်မပြု။ ကြော်ငြာဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းလောက်ကို နိုင်ငံပိုင်သတင်းစာနှစ်စောင်မှ သိမ်းပိုက်ထားသဖြင့် ပုဂ္ဂလိကသတင်းစာများ၊ ဂျာနယ်များ ၀င်ငွေမရှိသဖြင့် ဆက်တိုက်ဆိုသလို ရပ်နားသွားကြသည်။ မီဒီယာအဖွဲ့ အစည်းများမှာလည်း အစိုးရ၏ အားပေးထောက်ခံမှုကို မရရှိသဖြင့် အဖွဲ့ရပ်တည်ရေးအတွက် အနိုင်နိုင် ကြိုးစားရုန်းကန်နေရသည်။ ပခုံးထမ်းတင်ပေးခဲ့သော အစိုးရသစ်က မီဒီယာအပေါ် လေစိမ်းတွေတိုက်လျက်ရှိသည်။

တပ်မတော်နှင့် တပ်မတော် အကြီးအကဲများကို အွန်လိုင်းတွင် ဝေဖန်သူများ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂိ္ဂုလ်ကို အွန်လိုင်းတွင် ဝေဖန်တိုက်ခိုက်သူများ၊ အစိုးရနှင့် အစိုးရအဖွဲ့ဝင်ပုဂိ္ဂုလ်များကို ဝေဖန်မှုများအားလုံး ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူခံရလျက်ရှိသည်။ အုပ်စိုးသူများအတွက် ထိုပုဒ်မသည် အာမခံရရန် ခဲယဉ်းသောကြောင့် အသရေဖျက်သည့် ပုဒ်မ ၅၀၀ ထက် အလုပ်ဖြစ်လျက်ရှိသည်။ ပုဒ် ၆၆ (ဃ)ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် မီဒီယာများ၊ ပြည်သူများက မည်သို့ပင်တောင်းဆိုစေကာမူ ပြည်သူများက ရွေးချယ်ထားသည့် လွှတ်တော်က တုပ်တုပ်မှမလှုပ်။ ယခုတော့ ၆၆(ဃ) ၏ ကြမ်းခင်းဈေးက ထောင်ဒဏ် ၆ လ ရှိသည်။ ၆၆(ဃ)ကို တပ်မတော်ကလည်း သုံးသလို NLD  အစိုးရကလည်း သုံးသည်။

အမှန်တကယ်တော့ တပ်မတော်နှင့် NLD အစိုးရသည် Institution မတူ၊  Brand မတူ၊ သဘောသဘာဝ မတူ၊ အတွေးအခေါ်အယူအဆ မတူ။ သို့သော် ၆၆ (ဃ)ကို Self Defensive အဖြစ် သုံးရာတွင် နှစ်ဖွဲ့လုံးမှာ ထူးထူးခြားခြား တူညီနေသည်။ ထို့ကြောင့်Brand မတူသော်လည်း Trend တူသည်ဟုဆိုသော် ရမည်ထင်သည်။
ယခုတော့ Print Media လောက၏ ထိပ်စည်းများအားလုံး အင်းစိန်ထောင်ကို ဦးခိုက်လျက်ရှိသည်။ Eleven ပြီးတော့ Voice။
နောက်ထပ် ဘယ်သူလာဦးမလဲ။ လောကပါလနတ်မင်းကြီးထံ ဆုတောင်းရုံသာ ရှိတော့သည်။

လက်စောင်းထက်

 

Category: 

Share