အမုန်းခံခွင့်ပေးပါ - ဦးမျိုးကြီး

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်ကျော်ကာလလောက်တုန်းက လုပ်ငန်းခွင်ထဲဝင်မယ့် သတင်းထောက် အယောက်နှစ်ဆယ်ကျော် သုံးဆယ်နီးပါးလောက်ကို ဦးမျိုးကြီးအင်တာဗျူး လုပ်ခဲ့ဖူးပါတယ်။ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး လာရောက်လျှောက်ထားကြသူတွေဖြစ်ကာ သူတို့အားလုံးနီးပါးရဲ့ တူညီတဲ့အချက်တစ်ခုကတော့ သတင်းတွေအားလုံးထဲမှာ နိုင်ငံရေးအထူးသဖြင့် ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေကို သတင်းရယူချင်သူတွေ၊ သတင်းအစီအစဉ် တင်ဆက်ချင်သူတွေ၊ သတင်းတွေဖန်တီးပြီး ပြည်သူတွေ သိရှိအောင် တင်ပြလိုသူတွေ၊ အင်တာဗျူးလုပ်လိုသူတွေ ဖြစ်နေကြတာကို သတိပြုမိခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက သူတို့အားလုံးနီးပါးကို ဦးမျိုးကြီးမေးခွန်းတစ်ခု မေးဖြစ်ခဲ့ပါတယ်။

ဘာကြောင့် ပြည်တွင်းနိုင်ငံရေး သတင်းကိုပဲလိုက်ဖို့ စိတ်အားထက်သန်နေတာလဲ။ တခြားဖြစ်စဉ်တွေက သတင်းမဖြစ်ဘူးလို့ ထင်လို့လား၊ ဥပမာကျန်းမာရေး၊ အားကစား၊ ပညာရေးအစရှိတာတွေနဲ့ ပတ်သက်တာတွေကရော သတင်းတွေ မဟုတ်ကြဘူးလားလို့ မေးဖြစ်ခဲ့တာပါ။ ဦးမျိုးကြီးရဲ့မေးခွန်းနဲ့ ပတ်သက်ပြီး သူတို့လေးတွေဆီကနေ ကွဲပြားခြားနားတဲ့ အဖြေတွေ အမျိုးမျိုးရခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲအဖြေတွေ ကွဲပြားနေပါစေ၊ သေချာတာကတော့ ပြည်တွင်းနိုင်ငံရေး အထူးသဖြင့် နိုင်ငံရေးနယ်ပယ်ကလူပုဂ်္ဂိုလ်၊ အဖွဲ့အစည်း အစရှိတာတွေနဲ့ ပတ်သက်တဲ့ဖြစ်စဉ်တွေကို မျက်ခြည်မပြတ်စောင့်ကြည့် သတင်းရယူဖို့အတွက်ကို အာသီသ ပိုပြင်းတဲ့သူက အများစုဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

တကယ်တော့ သူတို့လေးတွေရဲ့ အာသီသပြင်းပြမှုအပေါ် အပြစ်တင်လို့လည်း မရနိုင်ပါဘူး။ အများသိပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုက ၂၀၁၀ပြည့်နှစ်နောက်ပိုင်းမှာ တစ်ဆစ်ချိုးချိုးသလို ပြောင်းလဲခဲ့ပြီး ဒီအပြောင်းအလဲမှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ လူပုဂ်္ဂိုလ်အဖွဲ့အစည်းတွေ လုပ်သမျှ၊ ပြောသမျှအရာအားလုံးက သတင်းတွေ ဖြစ်ခဲ့ရသလို အဲဒီသတင်းတွေကိုလည်း ပြည်သူလူထုက  မျက်ခြည်မပြတ်စောင့်ကြည့် ဝေဖန် အကဲဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း သတင်းမီဒီယာအများစုဟာ အဲဒီဖြစ်စဉ်တွေအပေါ်မှာ အထူးအာရုံစိုက် ဦးစားပေးခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံတော်အစိုးရပိုင်းက တင်းကျပ်လှတဲ့ စာပေလွတ်လပ်ခွင့်ကို နေရာစုံနီးပါးမှာ လျှော့ပေးခဲ့ပြီး အဲဒီကမှတစ်ဆင့် ကိုယ့်တာဝန်ကိုယ်ယူရတဲ့၊ စာပေစိစစ်ရေးဖျက်သိမ်းခြင်း ဆိုတဲ့ အဆင့်အထိပါ ရောက်လာခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့အတွေးရဲရဲ အရေးရဲရဲ သတင်းတွေ သတင်းဆောင်းပါးတွေ သတင်းသုံးသပ်ချက်တွေဟာလည်း တချို့သော မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်လာပါတော့တယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး အတွေးရဲရဲ အရေးရဲရဲ ရေးရဲပြောရဲဆိုရဲတဲ့သူတွေ စာစောင်မဂ္ဂဇင်း၊ ဂျာနယ်တွေဟာလည်း ပရိသတ်ရဲ့လက်ခုပ်သံ တဖြောင်းဖြောင်းကို ရယူနိုင်ခဲ့ပါတယ်။ ဒီလိုမြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းတွေ နေရာယူလာနိုင်တာနဲ့ အမျှ တခြားသော တစ်ဖက်မှာတော့ မီးလောင်ရေကြီးသတင်းလောက်ကလွဲရင် ကျန်တဲ့သတင်းတွေ အားလုံးနီးပါးဟာ တချို့သောမီဒီယာတွေရဲ့ သတင်းစာမျက်နှာထက်မှာ ပျောက်ကွယ်စပြုလာခဲ့ပါတော့တယ်။ ဒါဟာ သက်ဆိုင်ရာမီဒီယာအသီးသီးရဲ့ ချမှတ်ထားတဲ့ တိုက်တွင်းပေါ်လစီကြောင့်လား ဒါမှမဟုတ် သက်ဆိုင်ရာ သတင်းသမားတွေကိုယ်တိုင်က နိုင်ငံရေးကလွဲရင် ကျန်တာတွေကို သတင်းလို့ မထင်တာကြောင့်လားဆိုတာကိုတော့ ဦးမျိုးကြီးထဲထဲဝင်ဝင် သိထားခြင်းမရှိပါဘူး။

ဒါကို ပွင့်ပွင့်လင်းလင်း ၀န်ခံထားရမှာ ဖြစ်ပါတယ်။ သတင်းဖြစ်စဉ်တွေကို အစဉ်လိုက်စဉ်ရင် စစ်ရေးနဲ့ နိုင်ငံရေးဟာ ထိပ်ဆုံးနေရာမှာ ရှိနေတယ်ဆိုတာကို ဦးမျိုးကြီးအနေနဲ့ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ သို့သော်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားက စစ်ရေးနဲ့ နိုင်ငံရေးလိုပဲ တခြားသော အရေးကိစ္စတွေဟာလည်း အရေးပါတဲ့နေရာမှာ ရှိနေတယ်ဆိုတာကိုလည်း လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီနေရာ တချို့သောသူတွေက နိုင်ငံအတွင်း ဖြစ်ပျက်နေတာ အားလုံးဟာနိုင်ငံရေးတွေပဲလို့ အထွန့်တက်ကောင်းတက်နိုင်ပါတယ်။ အဲဒီအဆိုကို ဦးမျိုးကြီးအနေနဲ့ ငြင်းဆိုစရာ အကြောင်းမရှိပါဘူး။ သို့သော်လည်းပဲ မြန်မာနိုင်ငံအတွက် ဘောလုံး အားကစားနည်းကနေ ရွှေတံဆိပ်အရေအတွက် အများဆုံးရယူပေးနိုင်ခဲ့သူစာရင်းကို တန်းစီရေးချရင် ထိပ်ဆုံး သုံးဦးစာရင်းဝင်တဲ့ ဦးမျိုးဝင်းညွန့်လို ပုဂ်္ဂိုလ်မျိုး မြေကျတဲ့အခမ်းအနားမှာ သတင်းယူမယ့် သတင်းသမား မရှိသလောက်နည်းနေပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ပတ်သက်လို့ လူနှစ်ယောက်တည်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲလို နေရာမျိုးမှာ သတင်းသမားတွေ ခြေချစရာနေရာမရှိအောင် စုပြုံတိုးနေတာကတော့ တော်တော်ကို ကြီးမားတဲ့အလွဲတစ်ခုလို့ မြင်ပါတယ်။

တကယ်တော့ ဦးမျိုးဝင်းညွန့်ဟာ အရှေ့တောင် အာရှမှာသာမက အာရှအဆင့်ဘောလုံးပြိုင်ပွဲတွေကနေ မြန်မာနိုင်ငံအတွက် ရွှေဆုကိုရယူပေးနိုင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင်ဘောလုံးသမားကြီးတစ်ဦးပါ။ ထိုင်းနိုင်ငံက ရာဇမင်္ဂလာအားကစားပြိုင်ဝင်းကြီးရဲ့ နံရံတွေမှာတောင် ပုံတူရုပ်ထုထွင်းပြီး ဂုဏ်ပြုထားတဲ့ ဘောလုံးသမားကြီးတစ်ဦးပါ။ ဒီလိုဘောလုံးသမားကြီး တစ်ယောက်ရဲ့ မြေကျတဲ့သတင်းကို နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာတော့ ဦးမျိုးကြီး ရှာမတွေ့ခဲ့ပါဘူး။ ဦးမျိုးဝင်းညွန့်မြေကျတာ ဇွန်လ ၂ ရက်နေ့ကပါ။ ဇွန်လ ၃ ရက် ကြေးမုံသတင်းစာရဲ့ အားကစားကဏ္ဍမှာ စပိန်လက်ရွေးစင်ဟောင်း မိုရီယန်တက်စ် ချန်ပီယံလိဂ်အတူကြည့်မယ့် သတင်းပါပါတယ်။ ချန်ပီယံလိဂ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သတင်းတွေပါပါတယ်။ နောက် မြန်မာနေရှင်နယ်လိဂ်နဲ့ပတ်သက်တဲ့ သတင်းပါပါတယ်။ ဆိုတော့ကာ လက်ရှိအခြေအနေနဲ့ အနေအထားတွေအရ ပြည်တွင်းနိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းတွေ၊ စစ်ရေးနဲ့ သက်ဆိုင်တဲ့သတင်းတွေ ၆၆(ဃ)တွေ၊ ဆန္ဒပြတာတွေ သတင်းစာရှင်းလင်းပွဲတွေကို အသားပေးဖော်ပြနေကြတဲ့အပေါ် ကိုယ့်ပေါ်လစီနဲ့ ကိုယ်မို့ ဦးမျိုးကြီး ဘာမှအထွန့်မတက်ရဲပါဘူး။

သို့သော်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးတစ်ယောက် မြေကျတဲ့သတင်းမျိုးကိုလည်း လုံးဝလျစ်လျူရှုလိုက်တဲ့အထိတော့ မလုပ်ကြပါနဲ့လို့ ဦးမျိုးကြီးက မ၀ံ့မရဲလေး တောင်းဆိုကြည့်ချင်တာပါ။ အဲဒီထက်ပိုပြီး သူ့ဘ၀သူ့ဖြစ်စဉ် သူရရှိခဲ့ တဲ့ အောင်မြင်မှုလိုဟာမျိုးတွေကို လည်း တစ်ကော်လံလောက်လေးဖြစ်ဖြစ် အားနာပါးနာနဲ့ ထည့်ပေးကြပါလို့ ဦးမျိုးကြီးကြားထဲက အမုန်းခံရင်း ဒီတစ်ပတ်နားခွင့်ပေးပါဦး။

ဦးမျိုးကြီး

 

Category: 

Share