စံချိန်သစ်များစွာနဲ့ ရီးရဲလ်မက်ဒရစ်

ကမ္ဘာပေါ်ရှိ ကလပ်အသင်းဖလားများတွင် အမြင့်ဆုံးပြိုင်ပွဲဖြစ်သော ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝေးလ်နိုင်ငံ ကာဒစ်မြို့ရှိ ထောင်စုနှစ်ကွင်းကြီးတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ်အသင်းက လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားသောကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် စံချိန်သစ်များစွာ ရေးထိုးလိုက်နိုင်ပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် လေးနှစ်အတွင်း ချန်ပီယံဆုကို သုံးကြိမ်မြောက်ရရှိခဲ့သည်။ ထိုအတူ ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲပြီးနောက်ပိုင်း မည်သည့်အသင်းမှ နှစ်နှစ်ဆက်ရယူနိုင်ခြင်းမရှိသော အခြေအနေအား ရီးရဲလ်အသင်းက ယခုချိုးဖျက်လိုက်ခြင်းဖြစ်သည်။

ထို့အတူ ရီးရဲလ်အသင်း၏ တိုက်စစ်မှူးရော်နယ်ဒိုသည်လည်း ယခုပွဲတွင်နှစ်ဂိုးသွင်းယူနိုင်မှုကြောင့် သွင်းဂိုး ၁၂ ဂိုးဖြင့် ပြိုင်ဘက်ဘာစီလိုနာအသင်းမှ မက်ဆီ၏အား ကျော်ဖြတ်ကာ ယခုနှစ် ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်ဆုကို ရရှိသွားရာ ယခုအကြိမ်ရရှိခြင်းမှာ ၄င်းအတွက် လေးကြိမ်မြောက်ဖြစ်သည်။ ရော်နယ်ဒို၏သွင်းဂိုးများကြောင့် လည်း ရီးရဲလ်အသင်းအတွက် ချန်ပီယံလိဂ်ဂိုး ၅၀၀ မြောက်ခဲ့ရသည်။

ရီးရဲလ်အသင်းသည် အဆိုပါပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲသို့ အကြိမ်အများဆုံးအဖြစ် ၁၅ ကြိမ် တက်ရောက်နိုင်ခဲ့ကာ ချန်ပီယံဆုအား ၁၂ ကြိမ်ထိ ရရှိထားသည်။ အေစီမီလန်အသင်းမှာ ခုနစ်ကြိမ်ဖြင့် ဒုတိယအများဆုံးရယူထားပြီး ယခုရီးရဲလ်အသင်းအား ရှုံးနိမ့်သွားသော ဂျူဗင်တပ်အသင်းမှာမူ ဗိုလ်လုပွဲသို့ သမိုင်းတစ်လျှောက် ကိုးကြိမ်တက်ရောက်ခဲ့ကာ နှစ်ကြိမ်သာ ဗိုလ်စွဲနိုင်ခဲ့ဖူးသည်။

 

Category: 

Share