ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်၊ RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီးစိုင်းငင်နှင့် အင်တာဗျူး

“အစိုးရသစ်ရဲ့ ကျန်တဲ့လေးနှစ်တာကာလအတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လိမ့်မယ်။ မလာသေးတဲ့အဖွဲ့တွေရော တခြားတိုင်းရင်းသားတွေလည်း ဒီအဖွဲ့ထဲကို ပါလာနိုင်လိမ့်မယ်”

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှစ၍ အစိုးရသစ်လက်ထက်အထိ ငြိမ်းချမ်းရေးညီလာခံ သုံးကြိမ်မြောက် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အားလုံးပါဝင်နိုင်သည့် ညီလာခံမဖြစ်သေးသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် လက်ရှိအစိုးရဖော်ဆောင်နေသော ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြည်သူများ မျှော်လင့်မှုများ မည်မျှပြည့်ဝနိုင်သည်ကို သုံးသပ်နိုင်ရန် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်၊ RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီးစိုင်းငင်အား ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။

Tomorrow  ။   ။ ဦးသိန်းစိန်လက်ထက်ကနေ လက်ရှိအစိုးရအထိ ငြိမ်းချမ်းရေးအတွက် ညီလာခံလုပ်လာတာ သုံးကြိမ်ရှိပါပြီ။ ညီလာခံတွေက ငြိမ်းချမ်းရေးအတွက် ရှေ့ရောက်ရဲ့လား သုံးသပ်ပေးစေချင်ပါတယ်။
စိုင်း ။    ။ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံးညီလာခံနဲ့ ဒုတိယအကြိမ်ညီလာခံက ဘာမှအဖြေထွက်မလာဘူး။ ကိုယ်ပြောချင်ရာ ပြောမယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်တွေကိုလာ တင်ပြတဲ့သဘောလောက်ပဲ ရှိပါတယ်။ အဲဒီအပေါ်မှာလည်း ပြန်လည်ဆွေးနွေးတာတွေ ညှိနှိုင်းတာတွေ ဘာမှမရှိပါဘူး။ မှတ်တမ်းမှတ်တာလောက်တော့ ရှိပါတယ်။ ဒါကြောင့် ပထမအကြိမ်၊ ဒုတိယအကြိမ်တွေနဲ့ မတူအောင် တတိယအကြိမ်မှာတော့ အနည်းဆုံး အခြေခံမူလေးတွေ ထွက်အောင်ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်တယ်။ အားလုံးလက်ခံနိုင်တဲ့ အခြေခံမူတွေ ထွက်လာရင်တော့အကောင်းဆုံးပါပဲ။

Tomorrow  ။   ။ ညီလာခံပထမအကြိမ်မှာ NCA လက်မှတ်ထိုးတဲ့အဖွဲ့ ၈ ဖွဲ့နဲ့ လုပ်ခဲ့တယ်။ ဒုတိယအကြိမ်မှာ UNFC   အဖွဲ့တွေ ပါလာတယ်။ အခု တတိယအကြိမ်ကျတော့ UNFC အဖွဲ့တွေ ပါမလာဘဲနဲ့ မြောက်ပိုင်းအဖွဲ့တွေ ပါလာတယ်။ အဲဒီအပေါ်မှာဘယ်လိုသုံးသပ်ပါသလဲ။
စိုင်း ။   ။ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် ညီလာခံမစခင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ညီလာခံတက် အစိုးရအနေနဲ့ ဆက်သွယ်တဲ့အပိုင်းမှာ နည်းနည်းလိုအပ်ချက်တွေ ရှိတယ်လို့ ထင်ပါတယ်။ ဒါမှမဟုတ်လည်း အားလုံးသိတဲ့အတိုင်းပဲ UNFC ကတော့ သူ့ရဲ့ပုံစံအတိုင်းပဲ ရပ်တည်တာရှိပါတယ်။ အခုညီလာခံမှာလည်း သူတို့ကို အထူးဖိတ်ကြားတဲ့သူတွေအနေနဲ့ ဖိတ်တယ်ဆိုတာကို သူတို့လက်မခံလို့ လာမတက်ဘူးလို့ ယူဆပါတယ်။ အထူးဖိတ်ကြားတယ်ဆိုတာ သိတဲ့အတိုင်းပဲလေ။ လေ့လာသူအဆင့်သာသာ လောက်ပဲရှိတာပါ။ ဒါကြောင့် သူတို့လက်မခံဘဲ မလာတာပါ။  ဒါတော့ သူတို့အပိုင်းပါ။ အမှန်ဆိုရင် ကျွန်တော်တို့ ဖြစ်စေချင်တာက နှစ်ဖက်လုံးအားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်အောင် ဒီညီလာခံမှာ အလျှော့အတင်း အပေးအယူလုပ်ပြီး အချိန်တော့ နည်းနည်းယူရမယ်။ ညှိနှိုင်းပြီးတော့ လုပ်သင့်ပါတယ်။ အားလုံးပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကောင်းစားရေးအတွက်ကို ဦးတည်ပြီး လုပ်နေတာဖြစ်တဲ့အတွက် အကောင်းဆုံးကတော့ နှစ်ဖက်လုံး ညှိနှိုင်းကြပါ။ စိတ်ရှည်ကြပါ။ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ပြီးတော့ ဆက်လက်လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။

 Tomorrow  ။   ။ ပြီးခဲ့တဲ့  ၂၁ ရာစု ပင်လုံညီလာခံတုန်းက UNFC က အဖွဲ့တွေကို အထူးဖိတ်ကြားသူ အနေနဲ့ မဟုတ်ဘဲနဲ့ ညီလာခံသုံးရက်ကို သုံးရက်စလုံး တက်ခွင့်ပေးထားတယ်။ ဒီနှစ်ကျမှ အထူးဧည့်သည်တော်ဆိုပြီး ဘာကြောင့်ဖြစ်သွားတယ်လို့ သိထားပါသလဲ။
စိုင်း ။   ။ ဒါတော့ ကျွန်တော် မပြောတတ်ပါဘူး။ ဒီမေးခွန်းနဲ့ ပတ်သက်လို့ အစိုးရကိုမေးမှပဲ သိမှာပါ။ အဲဒီအပေါ်မှာ ကျွန်တော့်အနေနဲ့ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုပါဘူး။

Tomorrow   ။   ။ ပြည်တွင်းငြိမ်းချမ်းရေး ကျွန်တော်တို့ရရှိဖို့အတွက်  တရုတ်နိုင်ငံက ဘယ်လောက်အတိုင်းအတာအထိ အရေးပါနေလဲဆိုတာ သုံးသပ်ပေးလို့ရမလား။
စိုင်း ။    ။ ဒါကတော့ အားလုံးသိကြတဲ့အတိုင်းပဲ အခုမြောက်ပိုင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ့ကြမှာပေါ့။ အဲဒါက တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေစေ့စပ်မှုကြောင့်  ညီလာခံကိုလာပြီး တက်ရောက်ခြင်း ဖြစ်ပါတယ်ဆိုတဲ့သဘောမျိုးတွေ ထုတ်ပြန်ထားပါတယ်။  ဒါကြောင့် ကျွန်တော့်အထင်ကိုပြောရရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက် တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကလည်းအရေးပါမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ မြန်မာနိုင်ငံ နဲ့လည်း အကျိုးစီးပွားအရ တခြားကဏ္ဍတွေမှာလည်း အဆက်အစပ်ရှိတယ်ဆိုတော့ သူ့ရဲ့ထောက်ခံ အားပေးမှုကလည်း အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။

Tomorrow  ။   ။ လက်ရှိ ညီလာခံကို တက်ရောက်လာတဲ့ မြောက်ပိုင်းအဖွဲ့ခုနစ်ဖွဲ့က NCA ကို လက်မခံကြဘူး။ NCA  ဆိုတာကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကပဲ ရေးဆွဲထားတဲ့အတွက် အန်ကယ့်အနေနဲ့ ဘယ်လိုများပြောချင်ပါသလဲ။
စိုင်း ။    ။ ဒါကတော့ သူတို့ရဲ့အမြင်ပါ။ သူတို့အမြင်ကို ကိုယ်စားပြုပြီး ကျွန်တော့်အနေနဲ့ မှတ်ချက် မပေးချင်ပါဘူး။ ကျွန် တော်တို့အမြင်ကျတော့ NCA ကို လက်မှတ်ရေးထိုးပြီးသားအဖွဲ့ဆိုတော့ NCA ဟာ ရိုးရိုး အပစ်ရပ်စာချုပ်မဟုတ်ဘူး။ အဲဒီအထဲမှာ နိုင်ငံရေးအာမခံချက်တွေပါတယ်။ အခုကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းကလည်း NCA မှာပါတဲ့ Road Map ၇ ချက်အတိုင်းပဲ။  တဆင့်ပြီးတဆင့် သွားနေပါတယ်။ အခုဆိုရင် အဆင့်လေးဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆိုတာ လုပ်နေတယ်။ အခြားအဆင့် တွေလည်း  တဆင့်ပြီးတဆင့်လာဦးမှာပါ။ ဒါကြောင့် NCA လမ်းကြောင်းအတိုင်းသာ နှစ်ဦးနှစ်ဖက် မသွေဖည်ဘဲ ဆက်လက်သွားမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါ တယ်။ NCA ကို ပြင်ပေးဖို့ မပြင်ပေးဖို့ဆိုတာကတော့ အစိုးရနဲ့ပဲ သက်ဆိုင်ပါတယ်။ ပြီးတော့ ညီလာခံမှာလည်း တပ်ချုပ်ကြီးရဲ့ အဖွင့်မိန့်ခွန်းမှာလည်း NCA အတိုင်းပဲ သွားမယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ဒါဟာအဖြေပဲလို့ ကျွန်တော်မြင်ပါတယ်။

Tomorrow  ။   ။ နောက်ဆုံးမေးခွန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းလေးနှစ်အတွင်းမှာ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ လက်မှတ်ထိုးနိုင်မယ်လို့ ယူဆပါသလား။
စိုင်း ။    ။ အခုညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂိ္ဂုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောသွားတဲ့စကားရှိတယ်။ အဲဒါက ကျွန်မတို့ဟာ အကျပ်ကိုင်ပြီး လုပ်နေတာမဟုတ်ဘူး။ အချင်းချင်း ညှိနှိုင်းပြီးတော့ လုပ်ကြမယ်။ အားလုံး လက်ခံသဘောတူနိုင်တဲ့အဖြေရတဲ့အထိ ကျွန်မတို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တယ်။ အဲဒီအတိုင်းသာ သူတကယ်လုပ်မယ်ဆိုရင် ကျွန်တော့်အမြင်ပြောရရင် အစိုးရသစ်ရဲ့ ကျန်တဲ့လေးနှစ်တာကာလအတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လိမ့်မယ်။ မလာသေးတဲ့အဖွဲ့တွေရော တခြားတိုင်းရင်းသားတွေလည်း ဒီအဖွဲ့ထဲကို ပါလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြောတဲ့အတိုင်း လုပ်ဖြစ်ဖို့လည်း လိုပါတယ်။

Tomorrow ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ- ပိုင်လေး

Category: 

Share