အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၁၇) - ဇော်သက်ထွေး

ရာဇ၀တ်အကျဉ်းသားတွေနဲ့ ထောင်ရဲ့သဘောသဘာဝက နာမည်တစ်လုံးရသွားရင် အလိုလို နေရာပေးလေ့ ရှိတယ်။ နဂိုနာမည်ပျောက်ပြီး ထောင်ကပေးတဲ့နာမည်တွင်သွားရင်လည်း ထောင်ထဲမှာ အနေအစားအတွက် ပူပင်စရာမလိုတော့ဘူး။ အင်းစိန်ထောင်ရဲ့သမိုင်းမှာ ဂန္ထ၀င်လူမိုက်သွေးမပါပေမယ့် နာမည်ကြောင့် အနေအစားချောင်တဲ့ လူဆိုးတွေရှိခဲ့တယ်။ ဥပမာ ယက္ခကြီးတို့၊ ဂျော်နီဖိုးခွေးတို့၊ ဥတိုတင်ချစ် (ခ) တိမ်တမန်တို့လို လူမျိုးတွေပေါ့။

လူကောင်ကြီးကကြီးပြီး ရုပ်ကဆိုးလွန်းလို့ပဲလား၊ အပြင်မှာ ဘာတွေလုပ်ခဲ့သလဲတော့ မသိဘူး။ ထောင်ထဲမှာတော့ ယက္ခကြီးက နာမည်ကြီးတယ်။ ကျွန်တော်တို့နဲ့နေတဲ့ ကာလတစ်လျှောက် ယက္ခကြီးက ဂန္ထ၀င်လူမိုက်တွေနဲ့ ရောရောထွေးထွေး နေလေ့ရှိပေမယ့်သူဆိုးတာ၊ မိုက်တာကို တစ်ခါမှ မတွေ့ခဲ့ရဘူး။ အခုလည်း အပြင်မှာ ဘာသံမှမကြားရတော့ဘူး။

ဂျော်နီဖိုးခွေးဆိုရင်လည်း နာမည်ကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ လုပ်တာကလည်း အခန်းလူကြီး။ ဒါပေမဲ့ ညကျရင် ရေချိုးပြီးတာနဲ့ ပေါင်ဒါတွေ ခြေဆုံးခေါင်းဆုံးလိမ်းလေ့ရှိတယ်။ ညဘက် အဆောင်မပိတ်ခင် အခန်းသားတွေကို မိန့်ခွန်းခြွေလေ့ရှိတယ်။ သူ့မိန့်ခွန်းထဲမှာ နိုင်ငံတော်အဆင့်လူကြီးတွေ၊ တန်ဖိုးကြီး ဇိမ်ခံကားတွေ၊ ရုပ်ရှင်မင်းသမီးတွေအကြောင်း လှိုင်လှိုင်ပါလေ့ရှိတယ်။ အားလုံးတန်းဖြုတ်ပြီး ကိုယ့်နေရာကိုယ် ရောက်သွားတဲ့အခါမှာတော့ ဂျော်နီဖိုးခွေးက သူ့ထိုင်နေတဲ့ ဖျာကြမ်းက ဖျာစကိုချိုးပြီး သွားကြားထိုးနေတာကို နေ့တိုင်းလိုလို တွေ့နေရတော့ အခန်းသားတွေက အထင်မကြီးတော့ဘူး။

ဥတိုတင်ချစ်လို့ခေါ်တဲ့ တိမ်တမန်ကလည်း မျက်လုံးတစ်ဖက် ပျက်သွားတော့ အဲဒီနေရာမှာ ကျောက်မျက်လုံး ထည့်ထားတယ်။ လူကို တွေ့ရုံနဲ့တင် တစ်ဖက်သား ကြက်သီးထစရာပါပဲ။ ဒါပေမဲ့ တိမ်တမန်က မယ်ဒလင်တီး အရမ်းကောင်းတယ်။ ထောင်ထဲမှာ မယ်ဒလင်အစစ်ကို သွင်းခွင့်မပြုတော့ ဈေးထဲမှာရောင်းတဲ့ ပလတ်စတစ် ကော်ဇလုံကို ငါးမျှားကြိုးတပ်ပြီး ဖြစ်အောင်တီးရတာပါပဲ။ ညဘက် တိမ်တမန် မယ်ဒလင်တီးပြီး ဖျော်ဖြေရင် သူ့ဘေးနားမှာ လူတွေဝိုင်းနေတာပဲ။ ဒါကို အခွင့်ကောင်းယူပြီး တိမ်တမန်က ပရိသတ်တွေကို သူ့ဘ၀ဇာတ်ကြောင်းလည်း ပြောပြလေ့ရှိတယ်။ သူ့ကိုယ်သူ တပ်မတော်သားဟောင်းတစ်ဦးဖြစ်ကြောင်းနဲ့ ကချင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲတစ်ခုမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း မျက်လုံးတစ်ဖက် မိုင်းစမှန်ပြီး ပျက်စီးသွားတယ်လို့ဆိုတယ်။ တောထဲမှာ သူ့တပ်ဖွဲ့နဲ့ကွဲသွားတော့ အစာရေစာ ပြတ်လပ်ပြီး သေလုမြောပါး ဖြစ်နေတဲ့အချိန်မှာ ထူးခြားတဲ့ သစ်ပင်တစ်ပင်ရဲ့ အမြစ်ကိုစားပြီး အားအင်တွေ ပြည့်ဝလာပြီး တပ်ကို ပြန်ရောက်လာတယ်လို့ ရှင်းပြတယ်။ နောက်ဆုံး မျက်လုံးတစ်ဖက် ပျက်စီးသွားလို့ တပ်က ပင်စင်ယူပြီး ဘာမှလုပ်ကိုင်မစားတတ်တဲ့အတွက် ကချင်ပြည်နယ်က သူ မိုင်းထိတဲ့နေရာကို ပြန်သွားပြီး အစွမ်းထက်တဲ့ ဆေးမြစ်ကို ပြန်ရှာခဲ့ပြီး ရန်ကုန်-မန္တလေးကူးတို့ရထားပေါ်မှာ ရောင်းချရင်း ကြီးပွားချမ်းသာလာခဲ့တယ်လို့ ပြောတဲ့အချိန်မှာ နားထောင်နေတဲ့ အကျဉ်းသားအားလုံးက မယ်ဒလင်လက်သံ နားထောင်ဖို့ မေ့လျော့ သွားကြတယ်။

ဒါပေမဲ့ ဥတိုတင်ချစ်(ခ)တိမ်တမန်ရဲ့ ဇာတ်လမ်းဟာ အင်းစိန်ထောင်ထဲမှာ ကြာရှည်မခံလိုက်ဘူး။ သူ့အကြောင်းကိုသိတဲ့ ဥတိုက ရန်နိုင်(ခ) ရှကူး ရောက်လာတော့ အားလုံးပေါ်သွားတယ်။ အမှန်တကယ်တော့ ဥတိုတင်ချစ်ဟာ တပ်မတော်သားမဟုတ်ဘဲ မျက်လုံးပျက်ရခြင်းဟာ မယ်ဒလင်ကြိုးပြတ်ပြီး မျက်လုံးကို ဖောက်ဝင်သွားလို့ ပျက်သွားရတယ်လို့ ဖွင့်ချလိုက်တယ်။ ဒါ့အပြင် ဘာမှန်းမသိတဲ့ ဆေးမြစ်တွေကို ရန်ကုန်-ပဲခူးရထားပေါ်မှာ ယောက်ျားအားတိုးဆေးဆိုပြီး ဥတိုတင်ချစ်က ရောင်းပြီး အဆင်ပြေနေတယ်။ ဒါပေမဲ့ အဲဒီဆေးမြစ်ကို ၀ယ်သုံးတဲ့ သူတချို့ မူးဝေအော့အန်ပြီး ၀မ်းတွေလျှောကုန်လို့ သူတို့မြို့က ဆေးဆရာကြီးကို ဥတိုတင်ချစ်ရောင်းတဲ့ ကချင်ပြည်နယ်က ဆေးမြစ်ကို ပြကြည့်တယ်။ ဆေးမြစ်တွေ အကြောင်းနားလည်တဲ့ ဆရာကြီးက ဒါဟာဆေးမြစ်မဟုတ်ဘဲ လူတွေကို ဥပါဒ်ပေးနိုင်တဲ့ အမြစ်ဖြစ်ကြောင်းပြောတော့ ဥတိုတင်ချစ်ကို ပဲခူးဘူတာမှာ ရဲတွေနဲ့ စောင့်ဖမ်းရင်း ထောင်ကျလာတာလို့ ဖော်ထုတ်လိုက်ကတည်းက တိမ်တမန် စန်းကျသွားတယ်။ ဒါကြောင့် ထောင်ထဲမှာ နာမည်တစ်လုံးရသွားရင်လည်း အလုပ်ဖြစ်ပါတယ်။

ဒီလိုပဲ ဘိုနီလည်း ရိုးရိုးဘိုနီကနေ ရေဘ၀ဲဘိုနီဖြစ်လာတော့ ထောင်ထဲမှာ အေးဆေးပဲ။ ဘိုနီက အမှန်တကယ်တော့ ထောင်ကို ၀င်ခလုတ်၊ ထွက်ခလုတ် လုပ်တတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကံကြမ္မာကိုက ထောင်ဇာတာပါလာတယ်။ ပထမအကြိမ် ရဲဘက်စခန်းက လွတ်လာပြီးတဲ့နောက် ဆူးလေမှာ အေးအေးဆေးဆေး ဈေးရောင်းနေတာပဲ။ ဒါပေမဲ့ သူဘာမှနားမလည်တဲ့ ၈၈ အရေးအခင်းကြီးက ထဖြစ်တယ်။ ဒီတော့ ရုတ်ရုတ်သဲသဲတွေဖြစ်ပြီး ဈေးရောင်းလို့ မရတော့ဘူး။ ဈေးရောင်းမရတော့ ရပ်ကွက်ကို ပြန်လာတယ်။ သူက တစ်ပါတီစနစ်တွေ၊ နိုင်ငံရေးတွေ ဘာမှမသိဘူး။ သူတို့မိသားစု ထမင်းမငတ်ရေးဘဲ အဓိကထားတယ်။ ဒါကြောင့် ရပ်ကွက်ထဲက သမ၀ါယမဆိုင်ကို ကင်းစောင့်ပေးတယ်။ ရပ်ကွက်ကိုလည်း စောင့်ရှောက်ရတယ်။
 
တစ်နေ့တော့ ကြည်ကြည်ဘီစကွတ်စက်ရုံဘက်ကို ငမိုးရိပ်ချောင်းဘက်မှာ အင်္ကျီကိုယ်ချွတ်နဲ့ လူအုပ်စုကြီးတစ်စုက မီးရှို့ဖို့ လုပ်နေတယ်လို့ ရပ်ကွက်ထဲက လူတချို့က သတင်းလာပို့တယ်။ ဘီစကွတ်စက်ရုံမီးလောင်ရင် ရပ်ကွက်ကိုလည်း မီးကူးနိုင်တယ်။ ဒါကြောင့် ရပ်ကွက်ထဲက လူငယ်လူရွယ် ယောက်ျားသားတွေ အများစုဟာ ငမိုးရိပ်ဘက်က လူတွေကိုတားဖို့ လိုက်လာကြတယ်။ ဒါပေမဲ့ ဘယ်လိုမှ တားမရဘူး။ နှစ်ဖက်အသေအကျေချဖို့ ရန်စောင်နေကြပြီ။ ဒီအခြေအနေကို ရှောင်လွှဲဖို့အတွက် ငွေကြာရံကျောင်းတိုက်က ဘုန်းကြီးနှစ်ပါးနဲ့ ကျောင်းသားသုံးယောက်က ငမိုးရိပ်ဘက်က လူတွေကို သတ်ပွဲတွေ မဖြစ်အောင်သွားတားတယ်။ ဒါပေမဲ့ အခြေအနေက မင်းမဲ့စရိုက် ဖြစ်နေပြီ။ ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ သူတို့က ဘုန်းကြီးနှစ်ပါးနဲ့ ကျောင်းသားသုံးယောက်ကို ဓားတွေနဲ့ ၀ိုင်းခုတ်တယ်။ အဲဒီနေရာမှာပဲ ကျောင်းသားသုံးယောက်နဲ့ ဘုန်းကြီးတစ်ပါး ချက်ချင်းသေသွားတယ်။ ကျန်တဲ့တစ်ပါးက သွေးအိုင်ထဲမှာလဲပြီး မသေမရှင်ဖြစ်နေတယ်။ ဒီမှာပဲ တောင်ဥက္ကလာစီမံကိန်းရပ်ကွက်က လူတွေက ဒေါသမထိန်းနိုင်တော့ဘဲ ငမိုးရိပ်ကလူတွေနဲ့ တိုက်ပွဲစတင်တော့တယ်။ ပိုဆိုးသွားတာက ငမိုးရိပ်အုပ်စု ဘက်က မစန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က မသေမရှင်ဖြစ်နေတဲ့ ဘုန်းကြီးကို ထဘီနဲ့ သွားအုပ်တယ်။ ဒီလုပ်ရပ်ကို သည်းမခံနိုင်တဲ့ လူအုပ်က ၀ိုင်းအော်ပေမယ့် အဲဒီမစန်းကတော့ ကြောင်တောင်တောင်နဲ့ အသိစိတ်မဲ့ပုံပဲ။ ဒါကိုလူအုပ်ထဲက အဲဒီဘုန်းကြီးကို ကိုးကွယ်နေတဲ့ အမေမြက တွေ့ပြီး အရမ်းပေါက်ကွဲသွားတယ်။ နောက်ဆုံး ဘေးနားက လူတစ်ယောက်ဆီက ဓားကိုဆွဲယူပြီး ချက်ချင်းပဲ မစန်းကို ခုတ်လိုက်တယ်။ မစန်းလည်း အဲဒီနေရာမှာပဲ ဓားချက်ပေါင်းများစွာမိပြီး အသက်ပျောက်သွားတယ်။ ကျန်တဲ့ ငမိုးရိပ်က အင်္ကျီချွတ်လူတွေကို စီမံကိန်းက လူတွေက လိုက်ရိုက်၊ လိုက်သတ်ကြတယ်။ ဒီအထဲမှာ ဘိုနီလည်းပါတယ်။ ဘိုနီက လက်မြန်တဲ့သူဆိုတော့ ငမိုးရိပ်က လူတစ်ယောက်ကို ဖမ်းမိတယ်။ နာမည်မေးတော့လည်း မပြောနိုင်၊ ဘယ်သွားမှာ မေးတော့လည်း မဖြေနိုင်ကြောင်တောင်တောင်လုပ်နေတာနဲ့ ဘိုနီက ဒေါသဖြစ်ပြီး သတ်ပစ်လိုက်တယ်။ ဖမ်းမိထားတဲ့ လူ ၃၀ ကိုတော့ ငွေကြာရံကျောင်းတိုက်က ရဟန်းပျိုသမဂ္ဂက အလှူခံတဲ့အတွက် အသက်ချမ်းသာရာရသွားကြပြီး ဘုန်းကြီးတွေက ဘုန်းကြီးကျောင်းမှာ ခေါ်ထားတယ်။ ဆေးပြယ်မှ သူတို့ကို ပြန်လွှတ်လိုက်တယ်လို့ သိရတယ်။ ဒီအဖြစ်အပျက်တွေက နောက်နေ့ထုတ် ဒီမိုကရေစီသတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် ပါလာတယ်။ ၁၉၈၈ တပ်မတော်က အာဏာသိမ်းပြီးလိုက်တဲ့နောက် အရေးအခင်းကာလထုတ် သတင်းစာတွေထဲက လူသတ်မှုတွေကို ပြန်စိစစ်ပြီး တရားခံတွေကို လိုက်ရှာဖမ်းတယ်။ ဇာတ်ပေါင်းလိုက်တော့ မစန်းကိုသတ်လိုက်တဲ့ အမေမြက သေဒဏ်ကျသွားတယ်။ တောင်ဥက္ကလာမြို့နယ်ထဲက သေဒဏ်ကျတာ အမေမြတစ်ယောက်ပဲ ရှိပါတယ်။ ဘိုနီကတော့ အရေးအခင်း လူသတ်မှုအဖြစ် စွဲချက်တင်ပြီး ထောင် ၁၀ နှစ်ကျသွားတယ်။

ဒုတိယအကြိမ် ထောင်ထဲကို ဘိုနီပြန်ရောက်လာတော့ အရင်တစ်ခါကလို မျက်စိသူငယ်နားသူငယ်နဲ့ မဟုတ်တော့ဘူး။ ရေဘ၀ဲဘိုနီဆိုပြီး ၀င့်ဝင့်ကြွားကြွားနဲ့ ပြန်ရောက်လာတာဖြစ်တယ်။ ကံကောင်းတာက အရေးအခင်းလူသတ်မှုဖြစ်လို့ သူ့ကို ရဲဘက်မပို့ဘဲ ထောင်ထဲမှာပဲထားတယ်။ ဘိုနီက ထောင်ထဲမှာရော ရဲဘက်မှာရော ကျင်လည်ခဲ့ဖူးတော့ အင်းစိန်မှာ လူရာဝင်တယ်။ လူသတ်မှုပုဒ်မဖြစ်တော့ အရှိန်အ၀ါ ရှိလာတယ်။ သူ့အမှုတွဲတွေကလည်း ဗလကြီးတို့အပါအ၀င် အုပ်စုတောင့်တော့ တော်ရုံလူတွေက မကျောရဲဘူး။ နောက်ဆုံးထောင်က ဘိုနီကို ၀င်ငွေကောင်းတဲ့ ရေကန်ဘာယာ အလုပ်ပေးလိုက်တယ်။  

ရေကန်ဘာယာဆိုတာကတော့ အကျဉ်းသားတွေ ရေကန်မှာ ရေချိုးဖို့အတွက် ကြီးကြပ်ရတာဖြစ်ပါတယ်။ ထောင်မှာက ရေရှားတဲ့အတွက် ရေကို သတ်မှတ်ထားတဲ့ ခွက်အရေအတွက်အတိုင်း ချိုးရပါတယ်။ အကျဉ်းသားတွေ ချိုးပြီးသားရေတွေကို တွင်းတစ်တွင်းထဲမှာ စုခံထားပြီး တောင်ယာတွေကို ဆက်ပြီးလောင်းပေးရပါတယ်။ အကျဉ်းသားတစ်ယောက် ရေကန်မှာရေချိုးမယ်ဆိုရင် “လေးခွက်ချိုး၊ ဆပ်ပြာတိုက်၊ လေးခွက်ချိုး”ပါပဲ။

အကျဉ်းသားတစ်ယောက် ရေချိုးမယ်ဆိုရင် ရေရှစ်ခွက်ပဲရမှာပါ။ အကျဉ်းသားထဲမှာ လူအမျိုးမျိုးပါတော့ တချို့ပိုက်ဆံရှိတဲ့ အကျဉ်းသားတွေက ရေပိုချိုးချင်တယ်။ ဒီတော့ ရေကန်ဘာယာကို ကပ်ရတယ်။ ဘိုနီက ရေကန်ဘာယာဆိုတော့ ရေချိုးတင်တဲ့ အသုတ်တွေထဲမှာ သူ့ဆီကို “လိုင်း” ၀င်ထားတဲ့ “ဘောက်ချာ” တွေပါလား ကြည့်ထားရတယ်။ မပါရင် စည်းကမ်းအတိုင်း လေးခွက်ချိုး၊ ဆပ်ပြာတိုက်၊ လေးခွက်ချိုးအော်တယ်။ ဘောက်ချာပါရင်တော့ “မင်းတို့ရေချိုးတာ မညီဘူး၊ ငါပြန်အော်မယ်၊ ညီညီညာညာ ပြန်ခပ်ချိုး” လို့ပြောပြီး “ခပ်ချိုး”ကို ပြန်အော်တယ်။ အဲဒီတော့ ရှစ်ခွက်နှစ်ခါ စုစုပေါင်း ၁၆ ခွက် ချိုးရတာပေါ့။ ဒီနည်းနဲ့ဘိုနီတို့ အင်းစိန်ထောင်မှာ ဟန်ကြနေတယ်။ ရေချိုးတဲ့သူတွေထဲမှာ နိုင်ငံရေးသမားတွေလည်း ပါလာတယ်။ သူတို့တွေရဲ့ အနေအထိုင်အပြောအဆိုနဲ့ စည်းလုံးမှုကို ဘိုနီက အရမ်း သဘောကျတယ်။ ဒါကြောင့် သူတို့တွေနဲ့ ခင်အောင်ပေါင်းတယ်။ နွေးနွေးထွေးထွေးနေတယ်။ သူတို့တွေကို ရေ ကြိုက်သလောက်ချိုးခွင့်ရအောင် ဖန်တီးပေးတယ်။ ကြာလာတော့ ဘော်ဒါအရင်းတွေလို ဖြစ်လာတယ်။
 
ဒီအခွင့်အရေးကို ၅(ည) တွေကလည်း ပီပီပြင်ပြင်အသုံးချတယ်။ အင်းစိန်ထောင်ထဲကို ရောက်နေတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရကသ) အဖွဲ့ဝင် ကျောင်းသားတွေက မိန်းမဆောင်မှာရှိတဲ့ သူတို့ရဲ့ အမှုတွဲတင်တင်ညိုဆီကို အရေးကြီးတဲ့ စာတစ်စောင် ပေးစရာရှိတယ်။ ဒါပေမဲ့ ဘယ်လိုပေးရမှန်းမသိဘူး။ ဒီကိစ္စကို ဆောင်ရွက်ဖို့ ၅(ည)ထဲက ကျော်ညွန့်ကို တာဝန်ပေးလိုက်တယ်။ ဘာလို့ကျော်ညွန့်ကို ရွေးချယ်ရသလဲဆိုတော့ ကျော်ညွန့်နဲ့ ဘိုနီက ညီအစ်ကိုအရင်းလို ချစ်နေကြလို့ပဲ။ ကျော်ညွန့်က ဘိုနီကို မိန်းမထောင်မှာရှိတဲ့ ကျောင်းသူတင်တင်ညိုကို စာတစ်စောင်ပေးချင်ကြောင်း ဖွင့်ပြောတယ်။ ဘိုနီက သူကြံစည်မယ်လို့ ကတိပေးတယ်။ ရက်အနည်းငယ်အကြာမှာတော့ ထောင်လက်သမားဘုတ်ကို မိန်းမဆောင်ကိုပြင်ဖို့ ထောင်မှူးက ခိုင်းတယ်။ ဘုတ်ထဲက လက်သမားတစ်ယောက်က ဘိုနီနဲ့ လက်ဝါးချင်းရိုက်ထားပြီး မိန်းမဆောင်သွားမယ့်နေ့မှာ ရုတ်တရက် နေမကောင်းချင်ယောင်ဆောင်လိုက်တယ်။ သူ့အစား ဘိုနီကို ထည့်ဖို့ ထောက်ခံချက်ပေးတယ်။ ထောင်ကလည်း ဘိုနီကိုယုံတော့ လက်သမားဘုတ်နဲ့အတူ မိန်းမဆောင်ကို လွှတ်လိုက်တယ်။ ဘိုနီလည်း မိန်းမဆောင်ရောက်တော့ သူမတွေ့ဖူးတဲ့ တင်တင်ညိုကို မရရအောင် ရှာရတာပေါ့။ ကံကောင်းတာက အဆောင်ပြင်တဲ့ကိစ္စက တစ်ပတ်လောက် အချိန်ယူပြင်ရတဲ့အတွက် သူအခွင့်အရေး ပိုရသွားတယ်။ တင်တင်ညိုကလည်း မိန်းမဆောင်မှာ အရမ်းဟော့ရှော့ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ မိန်းမဆောင်ကိုကိုင်တဲ့ အကျဉ်းဦးစီး ရဲမေတစ်ယောက်က တင်တင်ညိုကို ကြည့်မရလို့ မိန်းမဆောင်တန်းစီးကို ချွန်ပြီး ရိုက်ခိုင်းတယ်။ တန်းစီးကလည်း တင်တင်ညိုကို ရန်ရှာပြီးရိုက်တယ်။ ကံဆိုးတာက တင်တင်ညိုဟာ ရန်ကုန်တိုင်းကရာတေးလက်ရွေးစင်ဆိုတာ သူတို့မသိဘူး။ တင်တင်ညိုနဲ့ချကြတော့ မိန်းမဆောင်တန်းစီး ဆီးအိမ်ထိပြီး အရေးပေါ်ဆေးရုံ တင်လိုက်ရတယ်။ အဲဒီကတည်းက တင်တင်ညိုက မိန်းမဆောင်မှာ ဆရာကြီးပဲ။ ဘိုနီကလည်း သုံးရက်လောက်မှာ အခြေအနေအားလုံးကို နားလည်သွားပြီး တင်တင်ညိုနဲ့ မတွေ့တွေ့အောင် ဖန်တီးလိုက်တယ်။ ပြီးတော့ ကျော်ညွန့်ပေးတဲ့စာကို လုံခြုံစွာပေးခဲ့လိုက်တယ်။ ဒါဟာ ရေဘ၀ဲဘိုနီရဲ့ ၅(ည)တွေအပေါ် စွန့်စွန့်စားစား ကူညီခဲ့တဲ့ သမိုင်းမှတ်တမ်းတစ်ခုလို့ ပြောရမယ်။

ဒီဇာတ်လမ်းအကြောင်း သူပြောရင်း တင်တင်ညိုဟာ ထောင်က လွတ်လာပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် Suicide လုပ်ပြီး သေသွားတယ်လို့ ပြောလိုက်ရော ဘိုနီဆက်မပြောနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုရှာတယ်။ နှစ်ပေါင်း ၂၇ နှစ်လောက် ကြာခဲ့ပေမယ့် ဘိုနီရဲ့ သံယောဇဉ်က အံ့သြဖို့ကောင်းတယ်။ ဆိုးတာကတော့ တင်တင်ညို သေသွားတယ်ဆိုတာကို ဘိုနီ မသိသေးတဲ့အတိုင်း မထားလိုက်နိုင်တာပါပဲ။
(ဆက်လက်ဖော်ပြပါမည်)

ဇော်သက်ထွေး

 

Category: 

Share