အိမ်ခြံမြေအရောင်းအ၀ယ်နှင့် အငှားဈေးကွက်များ သုံးလအတွင်း ပြန်လည်လှုပ်ခတ်လာဟုဆို

သုံးနှစ်နီးပါးကာလထိ အေးစက်နေခဲ့သည့် အိမ်ခြံမြေဈေးကွက်သည် သုံးလအတွင်း အရောင်းအ၀ယ်နှင့် အငှား အားလုံး ပြန်လည်လှုပ်လာခဲ့ကာ ယခုကာလသည် အိမ်ခြံမြေဈေးကွက် ပြန်လည်အားကောင်းရန် တာဆူနေပြီ ဖြစ်ကြောင်း ရန်ကုန်အိမ်ခြံမြေအသင်းချုပ်ထံမှ သိရသည်။

“ပြီးခဲ့တဲ့ နှစ်လသုံးလထက်စာရင် ပြန်လှုပ်လာတယ်။ လုံးချင်းရော တိုက်ခန်းရော ခြံမြေ ကွန်ဒိုအကုန်လုံး မျှပြီးတော့ ကောင်းပါတယ်။ ပြီးတော့ ဒီနှစ်နှောင်းပိုင်းမှာလည်း အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာမယ်လို့ သုံးသပ်ကြတာပဲ။ ဒါကလည်း အစိုးရရဲ့လုပ်ဆောင်ချက်ပေါ် မူတည်ပြီး သုံးသပ်တာပေါ့။ အစိုးရက ပြောထားတဲ့ အတိုင်းလုပ်မယ်ဆိုရင်တော့ ပြန်ကောင်းလာမှာပါ။ ဥပမာ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်တွေလည်း ထွက်လာတယ်။ ဖြေလျှော့မှုတွေလည်း ရှိလာပြီဆိုတော့လေ” ဟု ရန်ကုန်အိမ်ခြံမြေအသင်းချုပ်ထံမှ ဥက္ကဋ္ဌဦးစိုင်းခွန်နောင်က ပြောသည်။

၂၀၁၄ ဇွန်လမှ စတင်၍ ၂၀၁၇ နှစ် မတ်လထိ အိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ်မှာ အေးနေခဲ့ပြီး အငှားဈေးကွက်သာ အတင့်အသင့်ရှိနေခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေမှာလည်း နိုင်ငံ၏ဖြစ်ပေါ်နေသည့် နိုင်ငံရေးစီးပွားရေးအနေအထား အားမကောင်းသည့် အတွက်ကြောင့်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်အများစုက သုံးသပ်ကြသည်။
“အိမ်ခြံမြေဆိုတာမျိုးက အမြဲတမ်း အေးနေမှာတော့ မဟုတ်ပါဘူး။ ခုလည်း ပြန်ကောင်းလာဖို့ တာဆူနေတဲ့ အချိန်ဖြစ်နေပါပြီ”ဟု ဦးစိုင်းခွန်နောင်က ဆက်လက်ပြောကြားသည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူအချို့ကလည်း ရင်းနှီးမြှုပ်နှံရန် ပြန်လည်ဈေးကွက်ကောင်းမွန်လာမည့်အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ပြီး အစိုးရ၏အခွန်နှုန်းထားများကို စောင့်ကြည့်လျက်ရှိကြောင်းလည်း သိရသည်။

ရွှေရင်ငြိမ်းအေး

 

Category: 

Share