ရခိုင်ပြည်နယ်တွင် နှစ်လကျော်ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၀ နီးပါးရှိပြီး ၁၀ ဦး သေဆုံး

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ဧပြီလမှ ဇွန် ၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၀ နီးပါးခန့်ရှိပြီး သေဆုံးသူ ၁၀ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယင်းနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက  “၂၀၁၇ ဧပြီလကနေ ဇွန်လ ၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးသူ ၁၀ ဦးထိ ရှိလာပါတယ်။ ရောဂါဖြစ်ပွားသူကတော့ ၅၉၄ ဦးရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၂၀ ရက် နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ပြီး ပေါက်တော၊ ကျောက်တော်၊ မင်းပြားနှင့် တောင်ကုတ်မြို့နယ်များတွင် အဖြစ်များပြီး သွေးလွန်တုပ်ကွေးရောဂါကြောင့် ပုဏ္ဏားကျွန်းတွင် နှစ်ဦး၊ ကျောက်တော်တွင် သုံးဦး၊ မြောက်ဦးတွင် သုံးဦး၊ ပေါက်တောတွင် တစ်ဦးနှင့် အမ်းတွင် တစ်ဦး၊ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို နေရာအနှံ့တွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၄ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များခဲ့ပြီး ယခုနှစ်တွင်လည်းအဖြစ် အများဆုံးဟု သတ်မှတ်၍ရကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုဇင်

 

Category: 

Share