ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်နှင့် အင်တာဗျူး

“အကြမ်းဖက်ဝါဒီတွေနဲ့ ချိတ်ဆက်ပြီးတော့ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာကို တွေ့ရှိချက်တွေ၊ ဗီဒီယိုဖိုင်တွေ ကျွန်တော်တို့မှာ အကုန်ရှိပါတယ်”

မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် အကြမ်းဖက်သမားများက ရခိုင်မျိုးနွယ်ဝင် သက်လူမျိုးများကို အကြမ်းဖက်စီးနင်းပြီး စေတီပုထိုးများကို မီးရှို့ခြင်းများ ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုအကြမ်းဖက်မှုကြောင့် မြန်မာတိုင်းရင်းသားတို့ မည်မျှနစ်နာခဲ့သည်။ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှုကို သုံးသပ်သိရှိနိုင်စေရန် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်အား ယခုလိုဆက်သွယ်မေးမြန်းခဲ့ပါသည်။

Tomorrow ။     ။ ရခိုင်မျိုးနွယ်စုဝင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်နယ်တချို့ကို ဘယ်လို ရောက်ရှိနေခဲ့တာလဲ။
ထူး။ ။ ဟိုးဘုရင်တွေလက်ထက်ကတည်းက ရခိုင်ရဲ့ပိုင်နက်က ဘင်္ဂလားကနေ ထိုင်းနိုင်ငံဘက်အထိ ကျယ်ပြန့်ခဲ့တာရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ရခိုင်ရဲ့အင်ပါယာကျယ်ပြန့်မှုနဲ့အတူ ရခိုင်လူမျိုး သက်မျိုးနွယ်စုတွေ နေထိုင်ခဲ့တာ ဘယ်လိုမှ ငြင်းလို့မရတဲ့အကြောင်းတရားတွေပါ။ ဒါကြောင့် အဲဒီနေရာကို ရခိုင်မျိုးနွယ်စုတွေက အကြောင်းအမျိုးအမျိုးကြောင့် ရောက်သွားတာမဟုတ်ဘဲ ယခင်ကတည်းက စတင် အခြေချနေထိုင်လာခဲ့တဲ့သူတွေပါ။ အခုနောက်ပိုင်းကျတော့ ဘယ်လိုကြောင့် ဘင်္ဂလားဒေ့ရှ်က သူတို့ရဲ့ နယ်မြေဖြစ်သွားသလဲဆိုတော့ ကျွန်တော်လည်း မသိတော့ပါဘူး။

Tomorrow ။ ။ ရခိုင်မျိုးနွယ်စုဝင် သက်လူမျိုးတွေကို ဘင်္ဂလားဒေ့ရှ်က အကြမ်းဖက်ခဲ့တဲ့အပြင် ရခိုင်လူမျိုးတွေရဲ့ အထွတ်အထိပ်ထားတဲ့ ဘုရားတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒီလိုမျိုးတွေ ဘယ်နှစ်ကြိမ်လောက် ကြုံခဲ့ရလဲဆိုတာ သိပါသလား။
ထူး။     ။ အခုလိုဖြစ်စဉ်မျိုးတွေကတော့ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ဥပမာ-စစ်တကောင်းဘက်မှာ ဆိုရင်လည်း အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဘက်မှာဆိုရင် ဘုရားပုထိုးတွေရှိတယ်။ ရခိုင်ပြည်ရဲ့ နယ်ခြား မှတ်တိုင်တွေရှိတယ်။ အဲဒီဘက်မှာလည်း အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။ အခုလိုအဖွဲ့ကြီးဖွဲ့ပြီး အကြမ်းဖက်ခဲ့ တာကတော့ ကျွန်တော်တို့ ကွန်ရက်ဖွဲ့ပြီးတဲ့ အချိန်ကစပြီး နှစ်ကြိမ်လို့ ပြောလို့ရပါတယ်။ ပထမတစ်ကြိမ်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ တစ်ကြိမ်၊ အကြမ်းဖက်ခဲ့ဖူးပါတယ်။ အခုလဆန်းပိုင်းမှာ တစ်ကြိမ်ပါ။ ဒီကြားထဲမှာ ဖြစ်ခဲ့တာတွေကတော့ အများကြီးပါ။

Tomorrow ။    ။ အဲဒီအကြမ်းဖက်ခံရမှုတွေက လက်ရှိရခိုင်ပြည်နယ်မှာဖြစ်တဲ့ပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေလို့ ယူဆလို့ ရနိုင်ပါသလား။
ထူး။   ။ ဒါကတော့ အရင်ကတည်းက သူတို့တွေ အကြမ်းဖက်ဝါဒကို ရှေ့တန်းတင်လာကြတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုအဲဒါတွေက ဘာသာရေးကို ခုတုံးလုပ်ပြီး အကြမ်းဖက်ကွန်ရက်တွေ အကြမ်းဖက်တာတွေကို ရှေ့တန်းတင်ပြီး လုပ်လာတဲ့ကိစ္စတွေဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်က ရခိုင်မျိုးနွယ်စုဝင် သက်လူမျိုးတွေ အကြမ်းဖက်ခံရတာနဲ့ ရခိုင်မှာဖြစ်တဲ့ပဋိပက္ခတွေနဲ့ ဆက်စပ်မှုရှိလားဆိုရင်တော့ အရင်ကတည်းက သူတို့ကိုယ်တိုင်က အကြမ်းဖက်မှုတွေကို လုပ်ရိုးလုပ်စဉ်အနေနဲ့ လုပ်ကိုင်လာတဲ့အရာ တွေပဲလို့ ကျွန်တော်မြင်ပါတယ်။

Tomorrow ။   ။ အခုလို အကြမ်းဖက်ခံရတာတွေအတွက်  အစ်ကိုတို့ကွန်ရက်အနေနဲ့ ဘယ်လို လုပ်ဆောင်ပေးဖို့ အစီအစဉ်ရှိပါလဲ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကရော ဘယ်လိုထောက်ပံ့မှုတွေ လုပ်ပေးထားလဲဆိုတာ သိချင်ပါတယ်။
ထူး ။   ။ ကျွန်တော်တို့ ပထမတစ်ကြိမ်ဖြစ်တုန်းကလည်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို အိတ်ဖွင့်ပေးစာပေးတယ်။ ပြီးတော့ သံအမတ်ကြီးနဲ့တွေ့တယ်။ အဲဒီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အခုကိစ္စကို လျစ်လျူမရှုဖို့ပြောခဲ့တယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ ဆန်္ဒဖော်ထုတ်မှုတွေလည်း လုပ်ခဲ့ပါတယ်။ အခုချိန်မှာလည်း ကျွန်တော်တို့ တောင်းဆိုချက်လေးခုကို တောင်းဆိုထားပါတယ်။ အဲဒါတွေကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရခိုင်အပါအ၀င် လူနည်းစုဗုဒ္ဓဘာသာရဟန်းတော်များနဲ့ တိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစိတ်ချရသည်အထိ အမြန်ဆုံး ကာကွယ်စောင့်ရှောက်ပေးပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ပေးရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့် အကြမ်း ဖက်အစွန်းရောက်အုပ်စုများကို အမြန်ဆုံးရှာဖွေပေးပြီး တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်၊ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် လူနည်းစုဗုဒ္ဓဘာသာရဟန်းတော်များ၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အမြန်ဆုံးဆောင်ရွက်ပေးရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် အစိုးရနှစ်ရပ်အနေဖြင့် ယခုအကြမ်းဖက်မှုများအား အပြည်ပြည်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ညှိနှိုင်းအဖြေရှာပြီး အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်ပေးပြီး ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ပါတယ်ဆိုတဲ့ အကြောင်းကို ဇွန် ၈ ရက်နေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။ ပြီးတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အလှူရှင်တွေ နိုင်ငံတွေရယ်၊ နိုင်ငံတကာမှာ သြဇာရှိတဲ့နိုင်ငံတွေကို ဒီကြေညာချက်တွေ ပေးပို့ပါတယ်။ အဲဒီကြေညာချက်ကို ပေးဖို့တဲ့အပြင် မြန်မာနိုင်ငံရေးခြားရေးဝန်ကြီးဌာနက ၀န်ကြီးကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၀န်ကြီးနဲ့ အခုကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ တွက် ကြေညာချက်ကို ပေးပို့ထားပါတယ်။ အခု ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာအကျိုးသက်ရောက်မရှိဘူးဆိုရင် ကွန်ရက်အနေနဲ့ဆက်ပြီး လုပ်သင့် လုပ်ထိုက်တာတွေကိုဆက်ပြီး လုပ်သွားမှာပါ။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကတော့ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်မလဲဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ရခိုင်အမျိုးသားကွန်ရက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ လုပ်နေပါတယ်။

Tomorrow ။   ။ အခုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စီမံပုံကိုရော ဘယ်လိုမြင်ပါသလဲ။
ထူး။   ။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပတ်သက်ပြီး ပြောရရင် ပထမတစ်ကြိမ်တုန်းကလည်း ကျွန်တော်တို့ ထောက်ပြမှုတွေ လုပ်ပြပါတယ်။ အစိုးရအနေနဲ့ အခုလိုဆောင်ရွက်မှုတွေမှာ အားနည်းနေတယ်၊ နောက်ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ဆီမှာ ဘာသာရေးကို အခြေခံပြီး ကွဲပြားခြားနားမှုတွေ၊ ဖိနှိပ်မှုတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် အခုလိုကိစ္စမျိုးကို ပထမတစ်ကြိမ်တုန်းက ပြောခဲ့ပြီးပါပြီ။ အခုလည်း အချိန်မီဖြေရှင်းနိုင်ဖို့ အားနည်းနေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ ဗီဒီယိုမှတ်တမ်းတွေ ရှိပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပုံရိပ်ကို မကျဆင်းအောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတာက နိုင်ငံတကာက ထောက်ပံ့မှုတွေ ကူညီမှုတွေကို အခြေခံပြီးတော့ သွားနေရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတကာက စိုးရိမ်ကြောင့်ကျမှုတွေဖြစ်လာနိုင်တဲ့အတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။  

Tomorrow ။   ။ အစ်ကိုတို့ ထုတ်ပြန်ချက်မှာ အကြမ်းဖက်အစွန်းရောက်အုပ်စုတွေက နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်မှုတွေရှိနေတယ်လို့ အစ်ကိုတို့ ရေးသားထားတယ်။ ရှေ့မှာ ဘယ်လိုမျိုးသာဓကတွေရှိလို့ အခုလို ရေးသားဖော်ပြထားတာလဲဆိုတာ သိချင်ပါတယ်။
ထူး ။   ။ အခုဖြစ်စဉ်မျိုးတွေ ဖြစ်လာတဲ့ကိစ္စတွေအားလုံးမှာ အကြမ်းဖက်ဝါဒပေါ်မှာ အခြေခံပြီးတော့ ဖြစ်လာတာပါ။ လက်ရှိကျွန်တော်တို့ ရခိုင်ပြည်နယ်မောင်တောဘက်မှာလည်း မတည်ငြိမ်မှုတွေ ဖြစ်လာတာ အပါအ၀င်အားလုံးကို ခြုံကြည့်မယ်ဆိုရင် တစ်ဖက်နိုင်ငံမှာ အကြမ်းဖက်သင်တန်းတက်နေတဲ့သူတွေက အကြမ်းဖက်ဝါဒီတွေနဲ့ ချိတ်ဆက်ပြီးတော့ ပဋိပက္ခဖြစ်အောင်ဖန်တီးနေတာကို တွေ့ရှိချက်တွေ၊ ဗီဒီယိုဖိုင်တွေ ကျွန်တော်တို့မှာ အကုန်ရှိပါတယ်။ ဒါကြောင့် ဒီအချက်တွေကို အခြေခံပြီး အခုလိုဖြစ်လာတာပါ။

Tomorrow  ။  ။ နောက်ဆုံးမေးခွန်းအနေနဲ့ အခုအကြမ်းဖက်ခံရတဲ့ ရခိုင်မျိုးနွယ်စုသက်လူမျိုးတွေကို အစ်ကိုတို့ကွန်ရက်အနေနဲ့ ဘယ်လိုထောက်ပံ့မှုတွေလုပ်ဖို့ စီစဉ်ထားပါသလဲ။
ထူး ။   ။ အရင်တုန်းကတော့ ကျွန်တော်တို့ကွန်ရက်အနေနဲ့ သူတို့ကို ထောက်ပံ့မှုတွေ လုပ်ပေးခဲ့ပါတယ်။ စားဝတ်နေရေး၊ ဆေးဝါး၊ အသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ အခုလည်း သူတို့ကို ဘယ်လိုကူညီသင့်လဲ၊ ဘယ်လို ကူညီမလဲ၊ ရခိုင်ပြည်နယ်အစိုးရက ဘယ်လောက် တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ဖြေရှင်းမလဲဆိုတာတွေကို စောင့်ကြည့်နေပါတယ်။ လိုအပ်လာရင်တော့ ကျွန်တော်တို့ အစိုးရနဲ့ပူးပေါင်းပြီး လှူဒါန်းမှုတွေ လုပ်သွားမှာပါ။

ဆက်သွယ်မေးမြန်းသူ - ပိုင်လေး

 

Category: 

Share