ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီများတွင် မသင့်လျော်သည့် အပြုအမူပြုသူများကို သိရှိအရေးယူနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းစီစဉ်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီအဆောက်အဦများတွင် ယဉ်ကျေးမှုနှင့် မသင့်တော်သည့် အပြုအမူ ၀တ်စားဆင်ယင်မှုများ ပြုလုပ်ဝတ်ဆင်သူများကို အရေးယူနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားရေးဝန်ကြီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ၀ိုင်းဝန်း ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ပုဂံရှိ ဘုရားများပေါ်တွင် ယဉ်ကျေးမှုနှင့် မလျော်ညီသည့် ဓာတ်ပုံရိုက်ကူးမှုများ အများအပြား ရှိလာသဖြင့် ဆက်လက်မဖြစ်စေရန် လုပ်ဆောင်ချက်များကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ တင်ပြတောင်းခံထား ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန(ပုဂံဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ တိုးဂိုက်တွေ ခရီးသွားလုပ်ငန်းတွေ ခရီးသည်တွေကို အတတ်နိုင်ဆုံး တားဖို့ ညွှန်ကြားထားပါတယ်။ အဓိကက တိုးဂိုက်တွေကိုပေါ့နော်။ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ အတတ်နိုင်ဆုံးဝိုင်းပြီး ထိန်းသိမ်းဖို့လိုပါတယ်”ဟု ပြောသည်။

နိုင်ငံခြားသားတစ်ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားတွင်လည်း ၀တ်လစ်စလစ်ဖြင့် ခန္ဓာကိုယ်နောက်ပိုင်းကို ဓာတ်ပုံရိုက်ခဲ့မှုရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များက ပုဂံဒေသတွင် လာရောက်လည်ပတ်သူ နိုင်ငံခြားသားများထဲမှ ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွားတော် ဆေးမင်ကြောင်ထိုးသူကို အရေးယူခြင်း၊ လောကဥသျှောင်ဘုရားတွင် ဖိလစ်ပိုင်နိုင်ငံသား စုံတွဲက ယဉ်ကျေးမှုနှင့် မလျော်ညီသည့် ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပြီး အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

   
ရွှေရင်ငြိမ်းအေး

 

Category: 

Share