အန္တရာယ်တွေရဲ့ နှုတ်ခမ်းဝမှာ - ဦးမျိုးကြီး

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးရဲ့ တရားတော်တစ်ပုဒ်ကို အမှတ်မထင် နာခဲ့မိပါတယ်။ ဆရာတော်ဘုရားကြီးက ဘာဟောသလဲဆိုတာ အကုန်အစင် မမှတ်မိပေမယ့် အနှစ်ချုပ်ကတော့ ဆရာတော်ဘုရားကြီးအပါအ၀င် စာရေးသူတို့အားလုံးဟာ အရိယာပုဂ်္ဂိုလ်တွေ မဟုတ်ကြဘူး။ ဒါကြောင့် အင်မတန်အန္တရာယ်ကြီးတယ်။ ဘာတွေအန္တရာယ်ကြီးတာတုန်းဆိုတော့ စက္ကန့်နဲ့မလပ်အမှားတွေကို ကျူးလွန်မိနိုင်တဲ့ အန္တရယ်ကြီးပဲဖြစ်တယ်လို့ဆိုပါတယ်။ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတွေ မကုန်ခန်းသေးတဲ့ပုထုဇဉ်တွေမို့ လူတိုင်းဟာ အချိန်မရွေးအမှားတစ်ခုကို ကျူးလွန်နိုင်ပြီး ဒီအမှားကတဆင့် အင်မတန်ကြီးမားတဲ့ အန္တရာယ်ကြီးတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့ ဆရာတော်ဘုရားကြီးက အသိပညာပေး ဟောကြားသွားခဲ့တာပါ။

ပြီးခဲ့တဲ့ရက်တွေတုန်းက ဦးမျိုးကြီးတို့ရဲ့မီဒီယာရပ်ဝန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ပတ်သက်ပြီး အသံတွေ တော်တော်လေးဆူညံခဲ့တာကို သတိပြုမိခဲ့ပါတယ်။ အဲဒီလို ဆူညံခဲ့တဲ့အထဲမှာ ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အရပ်သားတစ်ဦးကို အဲဒီပုဒ်မနဲ့ အမှုဖွင့်အရေးယူခဲ့တဲ့ကိစ္စဟာလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စဟာ အခုဆိုရင် တရားရုံးရောက်နေပြီဖြစ်လို့ နှစ်ဖက်စလုံးတရားဥပဒေရဲ့ အဆုံးအဖြတ်ကို နာခံကြရတော့မှာပါ။ ဒါကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး ဦးမျိုးကြီးအနေနဲ့ ဘာမှသုံးသပ် ပြောကြားတာမျိုး လုပ်တော့မှာမဟုတ်ပါဘူး။ သို့သော်လည်းပဲ ဦးမျိုးကြီး မကြာခဏပြောခဲ့သလိုပဲ ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်တွေမှာ ဘောင်ကျော်နေတာတွေရှိနေတယ်။ အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ရမယ့်ကိစ္စရပ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပါတီဝင်အချို့က ဘောင်ကျော် ၀င်ရောက်လုပ်ကိုင်နေတာတွေ ရှိနေတယ်ဆိုတာ ဒီကိစ္စမှာလည်း ထင်ထင်ရှားရှားတွေ့ခဲ့ရပြန်ပါတယ်။ တကယ်တော့ ရန်ကင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်ခဲ့တဲ့ ကိစ္စကို ပြန်ကြည့်ရင် ရှင်းရှင်းလေးပါ။ ဘယ်ထောင့်ကပဲကြည့်ကြည့် ဒီကိစ္စဟာ အုပ်ချုပ်ရေးပိုင်းက တာဝန်ယူဖြေရှင်းပေးရမယ့် ပြဿနာတစ်ခုဖြစ်ပြီး သူတို့အနေနဲ့ လူမှုရေးအကြောင်းပြချက်အရဖြစ်စေ တခြားသော အကြောင်းပြချက်များအရဖြစ်စေ ဘာမှကြားဝင်ဖြေရှင်းစေ့စပ်ပေးစရာ အကြောင်းမရှိပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ပြောထားတဲ့ဟာတွေရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုရင် ဦးမျိုးကြီးနေထိုင်ရာ ရပ်ကွက်ထိပ်က ရုံးခန်းမှာ လာရောက်ရှင်းလင်းသွားခဲ့တာပါ။ တစ်ဖက်က အမှုဖွင့်ခံထားရတဲ့ ကာယကံရှင်ကိုယ်တိုင် ပြောထားတာတွေကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ မမြင်ချင်အဆုံးပါ။ သို့သော်လည်းပဲ အထက်မှာ တင်ပြခဲ့သလိုပဲ တရားရုံးရောက်နေပြီဖြစ်လို့ ဘယ်သူ့ဘယ်သူပြောတာကိုမှ အမှန်သတ်မှတ်လို့မရဘဲ တရားရုံးရှေ့မှောက် စနစ်တကျ စစ်ဆေးထွက်ပေါ်လာတာတွေကသာ ဒီအမှုမှာ ဘယ်သူမှန်ပြီး ဘယ်သူမှားလဲဆိုတာ အဆုံးအဖြတ် ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဦးမျိုးကြီး အခုရေးနေတာဟာတရားရုံးရဲ့ အဆုံးအဖြတ်၊ အမှုသွားအမှုလာ၊ အမှုဖြစ်စဉ်တွေနဲ့ မသက်ဆိုင်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တချို့သောသူတွေအနေနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်ကို ၀င်ရောက် စွက်ဖက်သလို ဖြစ်နေတာမျိုးတွေဟာ ကြီးမားတဲ့ လွဲချော်မှုတစ်ခုဖြစ်တယ်ဆိုတာကို ထောက်ပြလိုခြင်းပဲ ဖြစ်ပါတယ်။ ဒီစာဟာ ၆၆(ဃ)နဲ့ အမှုဖွင့်တဲ့အပေါ် ဝေဖန်တာမျိုး မဟုတ်ဘူးဆိုတာကိုလည်း ကြိုတင်အသိပေးထားရမှာ ဖြစ်ပါတယ်။ ဆိုတော့ကာ ရန်ကင်းမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ပြန်ကြည့်ရင် လုပ်ငန်းစဉ်တွေအတိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒါမှမဟုတ် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူကတဆင့် ဖြေရှင်းရမှာပဲဖြစ်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်က မေတ္တာရပ်ခံပန်ကြားသည်ဖြစ်စေ၊ ဘယ်သူတစ်ဦးတစ်ယောက်က မိမိတို့ထံ ခေါ်ဆောင်လာသည်ဖြစ်စေ ကာယကံရှင်တွေအနေနဲ့ ဒါဟာအုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်။ ငါတို့ကြား ၀င်ပါလို့မရဘူးဆိုတာ မသိမဖြစ် သိနေရမှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတစ်ခုရဲ့ ထောက်တိုင်ကြီးတစ်ခုက တခြားထောက်တိုင်ကြီးတစ်ခုအပေါ် ၀င်ရောက်စွက်ဖက်ရာရောက်တယ်လို့ သတ်မှတ်လို့ရနေပါတယ်။ ဒီနေရာမှာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်က ထုတ်ဝေခဲ့တဲ့ ဧရာဝတီသတင်းဌာနရဲ့ အွန်လိုင်းစာမျက်နှာမှာ အခုလို ရေးသားထားတာကိုလည်း ပြန်လည်အမှတ်ရမိနေပါသေးတယ်။

“မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးနှင့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးမဏ္ဍိုင်အစိုးရ၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့အကြား အားပြိုင်မှုများ မလုပ်ဘဲ ရှောင်ရှားရန် လိုအပ်ပြီး မဏ္ဍိုင်များ အချင်းချင်းနားလည်မှု ဖေးမကူညီကြရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ယနေ့ တိုက်တွန်းပြောဆိုလိုက်သည်။ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်တင့်ဆန်းက အောက်တိုဘာလ ၂၂ ရက်နေ့တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ဆောင်ရွက်ရန် လိုအပ်မည့် အချက်များဆိုင်ရာ စာမျက်နှာ ၁၂ မျက်နှာပါရှိသော အကြံပြုသုံးသပ်ချက်တစ်စောင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းစာတမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များအတွက် အကြံပြုချက်များ၊ မဏ္ဍိုင်များအကြား အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေးဆိုင်ရာ အကြံပြုချက်များစွာ ပါဝင်ကြောင်း သိရှိရသည်”

ဘက်မလိုက်စတမ်း အမှန်အတိုင်းပြောရရင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ အဲဒီအချိန်က တိုက်တွန်းပြောဆိုခဲ့တာမှန်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အဓိကမဏ္ဍိုင်ကြီးတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘဲ တစ်ခုနဲ့တစ်ခု အားပြိုင်နေရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အရေး အလုပ်တွေလုပ်ဖို့ ဘယ်မှာလာအချိန်ရှိတော့မှာတုန်း ဒီပြဿနာတွေ ရှင်းနေရတာနဲ့တင် ရှေ့မရောက်မှာသေချာပါတယ်။ အဲဒီလိုပဲ မဏ္ဍိုင်ကြီးတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘဲ တစ်ခုနဲ့တစ်ခု အားပြိုင်နေရင် ဘာတွေ ဖြစ်လာမလဲဆိုတာကလည်း စဉ်းစားစရာကောင်းလွန်းတဲ့ အချက်တစ်ခုဖြစ်ပြီး ဒါနဲ့ပတ်သက်လို့တော့ ဦးမျိုးကြီး သိပ်ဥာဏ်မမီပါဘူး။ သို့သော်လည်းပဲ သေချာတာတစ်ခုကတော့ ပါမောက္ခဆရာတော်ဘုရားကြီး ဟောခဲ့သလိုပဲ ဦးမျိုးကြီးတို့ အားလုံးဟာ ပုထုဇဉ်တွေဖြစ်လို့ အင်မတန်ကြီးမားတဲ့ အန္တရာယ်တွေရဲ့ နှုတ်ခမ်းဝမှာ လမ်းတွေလျှောက်နေကြရတယ်ဆိုတာပါပဲ။
ဦးမျိုးကြီး

 

Category: 

Share