ကျွန်ရုပ်ရှင်ဇာတ်ကား ဒေသပတ်ဝန်းကျင် အကြောင်းအရာများကို နှိမ့်ချရိုက်ကူးထားခြင်းမဟုတ်ဟု နေတိုးဆို

ရှေးဟောင်းပုဂံဒေသနှင့် ဘုရားကျွန်အကြောင်းတို့ကို အခြေခံ၍ ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် ကျွန်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားမှုအပေါ် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဒေသခံများက ပုဂံဒေသ၌ ဆန္ဒပြ ကန့်ကွက်ခဲ့မှုများရှိခဲ့ပြီး အဆိုပါကန့်ကွက်မှုများကို ညှိနှိုင်းသွားရန် အစီအစဉ်ရှိကြောင်းနှင့် ယင်းဇာတ်ကားသည် ဒေသပတ်ဝန်းကျင် အကြောင်းအရာများကို နှိမ့်ချရိုက်ကူးထားခြင်းမျိုးမဟုတ်ကြောင်း ဇာတ်ကားထဲ၌ ပါဝင်သရုပ်ဆောင်ထားသူ သရုပ်ဆောင်နေတိုးက ပြောသည်။

“ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဒီလိုမျိုးတွေ သိရတဲ့အခါမှာ စိတ်တော့မကောင်းဘူး။ တကယ်တမ်းက ဒီဇာတ်ကားကို သေချာမကြည့်ရသေးလို့ ပြောဆိုနေကြတာ ဖြစ်လိမ့်တယ်။ ပြီးတော့ ဘုရားကျွန်ဆိုတဲ့ ဇာတ်ကားက ရှေးယခင်ကတည်းက ရှိခဲ့တာဖြစ်တယ်။ အခုမှစပြီး ခေါ်ဝေါ်ခဲ့တာမျိုးမဟုတ်ဘူး။ တရားစွဲဆိုတဲ့ကိစ္စရပ်ကိုလည်း သူတို့နဲ့ညှိနှိုင်းဖို့ရှိတယ်ဆိုပြီး ဒါရိုက်တာပြောထားတာမျိုးရှိတယ်။ အမှန်တကယ် ဒီဇာတ်ကားက အဲဒီပတ်ဝန်းကျင်ကသူတွေကို နှိမ့်ချပြီး ရိုက်ကူးထားတာမျိုးမဟုတ်ဘူး။ ဘုရားကျွန်ဆိုတာ ကိုလည်း ဇာတ်ကားထဲမှာ မြင့်မြတ်တယ်ဆိုပြီး ပြောထားတာရှိပါတယ်”ဟု ၄င်းကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကျွန်ဇာတ်ကားနှင့် ပတ်သက်ပြီး ပုဂံတွင်နေထိုင်သူတို့၏ ပုံရိပ်ကို ထိခိုက်နေသည့်အတွက် ဒေသခံများက အချက် ၅ ချက်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အဆိုပါဇာတ်ကားကို ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ရိုက်ကူးပြီး နေတိုး၊ မြင့်မြတ်၊ ၀တ်မှုံရွှေရည်၊ စိုးမြတ်သူဇာတို့ အဓိကပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

လက်ရှိတွင် သရုပ်ဆောင်နေတိုးသည် ဒါရိုက်တာမီးပွားရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်နေကြောင်းသိရပြီး ယခုနှစ်အတွင်း ၄င်းပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကားများ ရုံတင်သွားရန် အစီအစဉ်ရှိကြောင်းသိရသည်။

      
ဇင်မင်း

 

Category: 

Share