ကချင်စစ်ဘေးရှောင်စခန်းရှိ ကလေးများ ပုံမှန်အတန်းပညာစနစ် မရှိသေးသဖြင့် နစ်နာမှုများရှိနေဟု ရေဗက္ကာဝင်းဆို

ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းများအား ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့တို့ဖြင့် ကွင်းဆင်း လေ့လာခဲ့သည့် အဆိုတော်ရေဗက္ကာဝင်းက အဆိုပါဒေသ၌ ဖြစ်ပျက်နေသည့် ကလေးများ၏ ပညာရေး အခြေအနေသည် မြို့ပြပုံမှန်အတန်းပညာရေးစနစ် မရှိသေးသဖြင့် နစ်နာမှုများရှိနေကြောင်း ၄င်းတွေ့ကြုံခဲ့သည့် အခြေအနေကို ပြောပြခဲ့သည်။

“အဲဒီမှာက ပြင်ပအဖွဲ့အစည်းတွေက စာလာသင်ပေးတာရှိတယ်။ နောက်ပြီး အသင်းတော်တွေက ဦးစီးပြီး လက်မှုပညာတွေ သင်ပေးတာရှိတယ်။ ဒါပေမဲ့ အဓိကတော့ စခန်းမှာရှိတဲ့ကလေးတွေက ပုံမှန်သင်ကြားမှုမရှိတာ နစ်နာမှုတစ်ခုပါပဲ။ ခုလိုမျိုး ခြောက်နှစ်လောက်ရှိပြီဆိုတော့ မြို့ကျောင်းက ကလေးတွေနဲ့ တန်းတူပညာသင်ကြားတဲ့အခါမှာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ အများကြီး ကွာသွားတယ်။ ဒါကလည်း သူတို့ရဲ့ ဥာဏ်ရည်ကြောင့်မဟုတ်ဘဲ သူတို့ရဲ့အခြေအနေကြောင့်ပါ။ ပြောရမယ်ဆိုရင် လက်ရှိအနာဂတ်အတွက် အလားအလာရှိတဲ့ကလေးတွေ ဆုံးရှုံးနေရတယ်လို့ ထင်တယ်”ဟု ၄င်းကပြောသည်။

လက်ရှိတွင် အဆိုတော်ရေဗက္ကာဝင်းသည် ကချင်ဒေသတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများ ပါဝင်သော တေးသီချင်းတစ်ပုဒ်ကို ကချင်ဘာသာစကားဖြင့် ရိုက်ကူးထားပြီး တစ်ကိုယ်တော်သီချင်းခွေ စီစဉ်ပြီးပါက အွန်လိုင်းမှ ဖြန့်ချိသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

အဆိုတော်ရေဗက္ကာဝင်းသည် မိန်းကလေးအချစ်၊ အရင်အတိုင်းပဲ၊ စောရအိုင်၊ ကော်ဖီပူပူ အစရှိသော တေးသီချင်းများဖြင့် အောင်မြင်ကျော်ကြားခဲ့ပြီး လက်ရှိအချိန်ထိ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသည်။ ၄င်းသည် အိမ်ထောင်ကျပြီးနောက်ပိုင်းတွင် အနုပညာလုပ်ငန်း လုပ်ကိုင်မှုများ နည်းပါးလာခဲ့သည်။

 
ဇင်မင်း

 

Category: 

Share