အနာကျက်ဆေး - ယင်ကောင်

ယင်ကောင်တို့တိုင်းပြည်မှာ အနာငပိန်လူကြီးမင်းတွေ တော်တော်ပေါဆိုပဲ။ တစ်ကိုယ်လုံး အနာတွေချည်းပဲဆိုတဲ့ လူကြီးမင်းတွေကရှိသေး။ ဒီလိုလူတွေကတော့ ဘယ်နားထိထိ မခံမရပ်နိုင်အောင်ကို ဖြစ်ကြလို့တဲ့။ ယင်ကောင်လည်း ဒီလိုလူတွေများတဲ့အတွက် စီးပွားရေးဈေးကွက်အရ ငရုတ်၊ ကြက်သွန်ကို ဆားနဲ့ ရောကြိတ် ဘေးမဖြစ်ဆိုတဲ့ တွေ့ရာနည်းနဲ့ ဖော်စပ်ထားတဲ့ အနာအရှင်းပျောက်ဆေး ရောင်းရင် ကောင်းမလားလို့ စဉ်းစားမိတယ်ခင်ဗျ။ ဘာပဲဖြစ်ဖြစ် အနာများတဲ့သူတွေအတွက်လည်း အဆင်ပြေ ယင်ကောင်လည်း တွက်ခြေကိုက်မယ်လို့ ထင်မိတယ်။

ဒါပေသိ ဘယ်နားရောင်းရင်ကောင်းမလဲဆိုတဲ့ မဟာဗျူဟာတစ်ရပ်က လိုလာပြန်တယ်ခင်ဗျ။ ရန်ကုန်မှာပဲ ရောင်းရင်ကောင်းမလား။ နေပြည်တော်ဘက် တက်ရောင်းရင်ကောင်းမလား။ မန္တလေးဆိုရင်ရော အဆင်ပြေနိုင်မလားဆိုတဲ့အတွေးကို နယ်ချဲ့ကြည့်လိုက်တော့ ရန်ကုန်၊ မန္တလေးဆိုတာက ကွမ်းယာဆိုင်တောင် ဘယ်လိုဆေးမဆိုရနေတဲ့အပြင် ဆေးခန်း၊ ဆေးရုံတယ်ပေါနေတဲ့အတွက် အဆင်မပြေလောက်ဘူး။ ပြီးတော့ အနာတွေတစ်ကိုယ်လုံးဖြစ်နေတဲ့သူတွေ အများဆုံးနေတဲ့မြို့လည်း ဖြစ်ရဦးမှာကိုးဗျ။

ဒါကြောင့် အနာတွေ တစ်ကိုယ်လုံးရှိလို့ ဘယ်နားထိထိ နာကြသူတွေနေတဲ့ နေပြည်တော်ဘက် တက်ရောင်းဖို့ ယင်ကောင်တော့ ဆုံးဖြတ်ထားတယ်။ ဒီမြို့ကလူတွေ အနာဘယ်လောက်ပါလည်းဆိုရင် လေဟပ်လို့ အသားတွေ ကြေထွက်နေကြတယ်ဆိုပဲ။ ခြင်ကိုက်လည်း နာနေရတဲ့သူတွေတောင် ရှိတယ်တဲ့ခင်ဗျာ။ ဘယ်လောက်တောင် အနာတွေပေါနေကြပါလိမ့်။ ဟိုတစ်လောကဆို ကျော်မကောင်းကြားမကောင်းဗျာ။ အနာပေါ် အွန်လိုင်း (Online)ကြီး ပြုတ်ကျလို့တဲ့။ ဘယ်လောက် အရှိန်ပြင်းလဲမသိဘူး။ အဲ့လူတော့ ဆတ်ဆတ်ခါနာသွားပြီး ရုံးတိုင်၊ ဂတ်တိုင်ဖြစ်လို့ အွန်လိုင်းနဲ့ ပစ်ပေါက်တဲ့သူတွေကို ဖမ်းချုပ်ထားတယ် ဆိုလားပဲခင်ဗျ။ ဖြစ်မှဖြစ်ရလေဗျာ။ ဒါကြောင့် အနာကျက်ဆေးဖြစ်ဖြစ်၊ အနာအရှင်းပျောက်ဆေးဖြစ်ဖြစ်၊ ယင်ကောင်ဖော်ရောင်းဖို့ ကြံရတာခင်ဗျ။

သို့ပေသိ ယင်ကောင် နောက်တစ်မျိုးစဉ်းစားမိတာ ရှိသေးတယ်။ အနာများတဲ့သူတွေအတွက် အနာပျောက်ဆေးနဲ့အတူ ထုံဆေးလေးပါပေးမလားလို့။ အနာကျက်ဆေးက ချက်ချင်းချည်းတော့ အနာမကျက်ဘူးခင်ဗျ။ ဒါကြောင့် အနာကျက်ဆေးအဖြစ် ထုံဆေးလေးပါသုံးထားတော့ အနာမကျက်ခင် တုတ်ကျရုံမက ပြေးရိုက်ရင်တောင် မနာတော့ဘူးဗျာ။ အနာကျက်ဆေးကို ပရိုမိုးရှင်း (Promotion) လုပ်တဲ့ အနေနဲ့ ထုံဆေးကို အခမဲ့ထည့်ပေးမှာပါ။ အနာကျက်ဆေး တစ်ဘူးဝယ်ရင် ထုံဆေး တစ်ပုလင်းအခမဲ့။ ထုံဆေးပါတွဲပေးမယ်ဆိုတော့ ယင်ကောင်အနေနဲ့ ထုံဆေးအကြောင်း တီးမိခေါက်မိရှိအောင် လေ့လာထားရတယ် ခင်ဗျ။ ထုံဆေးဆိုတာ ထိုးဆေးနဲ့ လိမ်းဆေးအပြင် အငွေ့ပေးတာလည်း ရှိသေးတယ်လို့ လေ့လာမိပါရဲ့။ ယင်ကောင်ကတော့ အနာကျက်ဆေးနဲ့ တွဲပေးမယ့်ထုံဆေးကိုတော့ ထိုးဆေးပေးလို့တော့ မဖြစ်ဘူးဗျ။ မြန်မာနိုင်ငံသားတွေ အကုန်လုံးက အသပြာဝင်တဲ့ ဆရာဝန်တွေမှ မဟုတ်တာဗျာ။ ဒါကြောင့် လိမ်းဆေးလေးပဲ ပရိုမိုးရှင်းအနေနဲ့ ပေးမလားလို့၊ ဒါကြောင့် အနှီမြို့က အနာငပိန်လူကြီးမင်းများ ဘာမှအားမငယ်ပါနဲ့လို့ ပြောပါရစေ။ မကြာခင်မှာ အနာကျက်ဆေးကို တစ်ဘူးဖြစ်ဖြစ်၊ တစ်တို့ဖြစ်ဖြစ် ၀ယ်ယူသူများ စိတ်တိုင်းကျ အိမ်တိုင်ရာရောက် လိုက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။ အခမဲ့ပေးတဲ့ထုံဆေးကို ထိုးဆေးလည်းမပေးနဲ့၊ လိမ်းဆေးလည်း မသုံးချင်ဘူး။ ကိုယ်တွေက ငုံလိုက်ရမှ ကျေနပ်မှာဆိုသူတွေလည်း စိတ်ထဲမသိုးမသန့် မဖြစ်ပါနဲ့လို့ ယင်ကောင့်အနေနဲ့ ထပ်မံအသိပေးလိုပါတယ်။ ထုံဆေးကို ငုံဆေးအဖြစ်နဲ့လည်း တီထွင်ထုတ်လုပ်ထားပါတယ်။ အငုံသန်သူများကို ငုံဆေးပေးသွားမှာ ဖြစ်ပါတယ်။ ၀မ်းသာစရာ...

ငါတို့က အနာပေါတာတော့ ဟုတ်ပါတယ်။ ဆေးသုံးဖို့လည်း လိုအပ်ပါတယ်။ ဒါပေသိ ယင်ကောင်ရောင်းတဲ့ဆေးကို ဘယ်လိုအာမခံမျိုးပေးမှာလဲလို့ လူကြီးမင်းများ အထွန့်တက်လာနိုင်ပါတယ်။ ဒီခေတ်ကလည်း အာမခံခေတ်ကိုးဗျ။ ဘာလေးဝယ်ဝယ် အာမခံပေးတဲ့အရာပဲ ၀ယ်ချင်ကြတာပါ။ အပ်ကစပြီး နားဖာကလော်အထိ အာမခံပေးနေကြပြီခင်ဗျ။ အလုအယက်ပေးနေလိုက်ကြတာ။ ယင်ကောင်တို့ တိုင်းပြည်မှာ အခုဆိုရင် ကွမ်းယာတောင် အာမခံကွမ်းယာဆိုပြီး ပေါ်နေပြီလို့ လမ်းဘေးကွမ်းဆိုင်တွေကနေ သတင်းသဲ့သဲ့ ကြားတယ်ခင်ဗျ။ ကွမ်းသီးတွေမှာ လူကို သေစေနိုင်တဲ့ ဆိုးဆေးတွေ အသုံးပြုထားတယ်လို့ ဟိုနေရာမှာ စစ်ဆေးလို့တွေ့၊ ဒီနေရာမှာ စစ်ဆေးလို့တွေ့ကြတော့ တရားစွဲမယ်။ ထောင်ချမယ်ဆိုပြီး သက်ဆိုင်ရာက အသိပေးတာတွေ လုပ်လိုက်တယ်လို့ ကြားရတယ်။ ဒါကို အကြောင်းပြုပြီး ကွမ်းယာဆိုင်တွေက ၄င်းတို့ ကွမ်းသီးတွေကို ဆိုးဆေးကင်းကြောင်း အာမခံနဲ့ရောင်းနေကြပြီတဲ့ခင်ဗျာ။ ဆိုးဆေးမသုံးတော့ဘူးတဲ့။ ဆေးကို ဆိုးနေရတာကြာလို့တဲ့၊ စပရေးဘူးနဲ့ ဖျန်းတဲ့ဆေးပဲ သုံးတော့တယ်တဲ့။ ဆိုးဆေးကင်းပြီး ဖျန်းဆေးပဲသုံးတဲ့ အာမခံကွမ်းယာတဲ့ဗျာ။ အန္တရာယ်ကင်းလိုက်ပါဘိ။

ဒါကြောင့် ယင်ကောင်ရောင်းတဲ့ဆေးကိုလည်း အာမခံပေးသွားမှာဖြစ်ပါတယ်။ အတွင်းနာ၊ အပြင်နာကအစ အသည်းနာ၊  နှလုံးနာတွေအဆုံး ဒီဆေးကိုသုံး တပြုံးပြုံးဖြစ်ရမယ်ခင်ဗျ။ စိတ်ချသုံးရင် ကိစ္စတော့တုံးရမယ် ခင်ဗျ။ ကဲ... လူကြီးမင်းများ စိတ်တိုင်းကျအာမခံထားပြီးပါပြီ။ အဲ... လူကြီးမင်းတို့ သုံးနေတဲ့ အနာကျက်ဆေး ၆၆(ဃ)တောင် အာမခံပေးချင်ပေးတယ်။ မပေးချင် မပေးဘူးလို့ ကြားတယ်ခင်ဗျ။ အာမခံမရလို့ လာသမျှ ခံရသူတွေတောင်ရှိပါသတဲ့။ ယင်ကောင့် အနာကျက်ဆေးကတော့ အာမခံလေးပေးထားတယ်ပေါ့။

လူကြီးမင်းမှာ အနာတွေ ပေါနေလို့ လေတိုက်လည်းနာ၊ ခြင်ကိုက်လည်းနာ၊ တုတ်ကျလည်းနာ၊ အွန်လိုင်းကြီး ပြုတ်ကျလို့ နာနေရတဲ့ လူကြီးမင်းများအတွက် ငရုတ်၊ ကြက်သွန်ကို ဆားနဲ့ ရောကြိတ် ဘေးမဖြစ်ဆိုတဲ့ တွေ့ရာနည်းနဲ့ ဖော်စပ်ထားတဲ့ အနာအရှင်းပျောက်ဆေးကို ထုံဆေးလေးနဲ့အတူ ဟုတ်ကဲ့ မကြာခင် လာရောက်ရောင်းချပေးပါရစေခင်ဗျ။

ယင်ကောင်

 

Category: 

Share