NLD နာယက ဦးတင်ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဇွန်လကုန်တွင် ဆေးရုံမှ ဆင်းနိုင်မည်ဟု ရန်ကုန်ဆေးရုံအုပ်ဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးသည် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဇွန်လကုန်တွင် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။

“ဆေးရုံဆင်းခွင့်ကတော့ ဇွန်လကုန်လောက်မှာ ဖြစ်ပါတယ်။ ဆေးရုံဆင်းဖို့အတွက်ကိုလည်း ဆရာဝန်ကြီးတွေက တိုင်ပင်ဆောင်ရွက်နေပါတယ်။ ဆေးရုံဆင်းပြီးရင်လည်း ကုသမှုကိစ္စတွေရှိပါတယ်။ အထူးသဖြင့်ကတော့ ဘယ်လက်၊ ဘယ်ခြေထောက်တွေ လှုပ်နိုင်အောင်၊ စကားပြောပီသအောင်တို့နဲ့ ပတ်သက်ပြီး လေ့ကျင့်ခန်းပြုလုပ်ပေးရမှာတွေ ဖြစ်ပါတယ်”ဒေါက်တာအေးကိုကိုက ပြောသည်။

အိမ်တွင်းပြုစုစောင့်ရှောက် မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြုစုစောင့်ရှောက်သူများကိုလည်း သင်တန်းပေးရမည်ဖြစ်ကြောင်း၊ နာယကဦးတင်ဦးသည် ကျန်းမာရေးတိုးတက်ကောင်းမွန်လာသည့်အတွက် မူလတွင် ဇွန်လအလယ်၌ ဆေးရုံမှဆင်းနိုင်မည်ဟု ခန့်မှန်းထားခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် ၂၀၁၇ မေ ၁၈ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဦးနှောက်သွေးကြော ပြောင်းလဲလေဖြတ်ရောဂါဖြင့် လာရောက်ကုသခံယူခဲ့ပြီး ဆေးရုံဆင်းပြီးပါက နောက်ဆက်တွဲအနေဖြင့် အိမ်တွင် လိုက်လံကုသမှုများ၊ ပြုစုစောင့်ရှောက်မှုများ ထပ်မံပြု လုပ်ရမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ကိုဇင်

Category: 

Share