NLD အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများအရေး ထိရောက်စွာဆောင်ရွက်ပေးမှု လုံးဝမတွေ့ရဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲဝင်တစ်ဦး ဝေဖန်

NLD အစိုးရလက်ထက်၌ နိုင်ငံရေးအကျဉ်းသားများအရေး ထိရောက်စွာ ဆောင်ရွက်ပေးမှု လုံးဝ မတွေ့ရှိရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးမိုးအောင်ကျော်က ပြောသည်။

“ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ လက်ရှိအစိုးရနဲ့ရော၊ အရင်အစိုးရနဲ့ပါ လယ်ယာမြေကိစ္စ၊ ကန်ပိန်းကိစ္စတွေကြောင့် အကျဉ်းထောင်ထဲမှာ ရှိနေတုန်းပဲ။ အရမ်းကြီး တိုးလာတာ မရှိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ဆောင်ရွက်ပေးတာမရှိဘူး။ လွှတ်တော်ကိုယ် စားလှယ်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၀ ကျော်ရှိတယ်။ သူတို့လည်း အခုချိန်ထိ ဘာမှဆောင်ရွက်ပေးတာ မတွေ့ရသေးဘူး”ဟု ဦးမိုးအောင်ကျော်က ပြောသည်။

တစ်နိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၆၀၀၀ ကျော်ခန့်ရှိပြီး ပြည်ပထွက်ခွာသူနှင့် သေဆုံးသူစာရင်းများအရ ၃၀၀၀ ၀န်းကျင်ခန့်ရှိပြီး တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ရှိနေကြောင်း ၄င်းက ဆိုသည်။

ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက် တာရန်မျိုးသိန်းက “NLD အစိုးရ လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားကိစ္စလုပ်တာ မတွေ့ရသေးတာတော့မဟုတ်ပါဘူး။ အကျဉ်းသားတွေ လွှတ်ပေးတာရှိပါတယ်။ ဥပမာ လက်ပံတန်းကျောင်းသားအရေးလှုပ်ရှားမှုမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းသားတွေကို လွှတ်ပေးတာရှိတယ်။ အခြား နိုင်ငံရေးအကျဉ်းသားတွေကို လည်းလွှတ်ပေးတာရှိပါတယ်”ဟု ပြောကြားသည်။  

မင်းသီဟန်

Category: 

Share