ဇာဂနာ မရယ်ရတော့ဘူး (၂၁) - ဇာဂနာ

ဒီတစ်ခါတော့ ဇာဂနာ မရယ်ရတော့ဘူးဆိုတာထက် အသက်တောင် မရှုနိုင်တော့ဘူးဆိုတာက ပိုမှန်ပါလိမ့်မယ်ခင်ဗျ။ ရန်ကုန်တစ်မြို့လုံး ရွာလိုက်တဲ့မိုး။ တစ်ရက်မှမနားပါဘူးခင်ဗျာ။ မိုးလေ၀သ ဦးထွန်းလွင်ကသာ နားချင်နားမယ် မိုးကတော့မနားဘူးခင်ဗျ။ မိုးနဲ့အတူ မနားတာကတော့ ဆန္ဒပြပွဲတွေခင်ဗျ။ ကားလမ်းကြပ်ပါတယ်။ ပိတ်ပါတယ်လို့ဆိုနေမှ ဆန္ဒပြပွဲတွေကလည်း နေ့တိုင်းမနားပါဘူးဗျာ။

၁၉၈၈ ခုတုန်းက ၁၉၉၆ ခုတုန်းက ၂၀၀၇ တုန်းက ဆန္ဒပြဖို့များ သွားမခေါ်နဲ့နော်။ ဓားနဲ့တောင် ထိုးလွှတ်မှာခင်ဗျ။ ခုတော့ နေ့တိုင်း ဆန္ဒတွေ တရစပ်ပြနေတော့ မြန်မာပြည်ရောက်မှ ဘွိုင်းကောက်လည်း ဘလိုင်းအပေါက်တွေ ဖြစ်လို့ပေါ့လေ။ ဘာကြောင့်ဖြစ်ဖြစ် ဆန္ဒပြဆိုတဲ့လမ်းစဉ်နဲ့ ချီတက်နေကြလေသလား ထင်မှတ်မှားမိရပါတယ်။ တစ်ဆက်ထဲပဲ ဦးနေ၀င်းရဲ့ ကမ္ဘာကျော်မိန့်ခွန်းကို လွမ်းမိပြန်တယ်။ ဟိုနားဆူဆူပူပူ ဒီနား ဆူဆူပူပူလုပ်လို့ စစ်တပ်ကိုသုံးပြီဆိုရင်တော့ စစ်တပ်ဆိုတာ ခြောက်တာလှန့်တာမပါဘူး။ ပစ်ရင်တည့်တည့်ပစ်တယ်တဲ့။ ဟဲဟဲဟဲ။ တည့်တည့်ပစ်ရင်တော့ ဆန္ဒပြကြဦးမလားလို့ လောဂျစ်နည်းနဲ့ တည့်တည့်အသော့အဆစ် မြည်းလိုက်ရပါတယ်။

တစ်ခါသတင်းသမားနဲ့ ခြောက်ခြောက် “ဃ” ဆိုတာလည်း တော်တော်ကြားနေရပါတယ်။ The Voice ဂျာနယ်က အယ်ဒီတာချုပ် ကိုကျော်မင်းဆွေကို တရားစွဲတာက အွန်လိုင်းပေါ်က ဆောင်းပါးကြောင့်ပါ။ ဒါကြောင့်လည်း ခြောက်ခြောက် “ဃ” နဲ့ ဆွဲတာပေါ့။ ဇာဂနာတို့တုန်းက ပုံနှိပ်အက်နဲ့ အစွဲခံရတာပါ။ ခုဟာကတော့ ဗြိတိသျှကိုကိုမောင်ရေးတဲ့ ဆောင်းပါးကို အွန်လိုင်းမှာ ဖော်ပြလို့တရားစွဲတာ။ တရားလိုက တပ်မတော်ပါ။ ကိုမျိုးရန်နောင်သိမ်းတုန်းကလည်း တပ်မတော်ကစွဲတာပါပဲ။ နောက်ပိုင်းဇာတ်တွေကိုတော့ စာဖတ်ပရိသတ်ကြီး သိပြီးဖြစ်လို့ ဇာဂနာတို့ ရှည်ရှည်ဝေးဝေး မပြောချင်တော့ပါဘူး။

သရော်စာဆိုတာ ခေတ်အဆက်ဆက် ကမ္ဘာ့စာပေမှာရော မြန်မာ့စာပေမှာရော ရှိပါတယ်။ အဲသလို သရော်စာဆိုရာမှာ အခြေခံအားဖြင့် ၃ မျိုးရှိပါတယ်။

၁။ လူတစ်ဦးတစ်ယောက်ကို သရော်တာ (Personal Satire)
ဆိုကရေးတီးပြဇာတ်မှာ ဆိုကရေတီးကို လူတစ်ယောက်က ခြင်းတောင်းနဲ့ ထမ်းလာရပါတယ်ခင်ဗျ။ ပြီးတော့ ဘေးကလူတစ်ယောက်ကနေ ဘာလို့ထမ်းခေါ်လာရတာလဲလို့ မေးတော့၊ ဆိုကရေးတီးက (ငါဟာလေပေါ်မှာ ခြေနင်းပြီး နေမင်းကို ကသိုဏ်းရှုတယ်။ ငါ့စိတ်က မြင့်မြတ်တော့ တိမ်ညွန့်တိမ်ဖျားမှာနေတယ်။ မြေပေါ်ဆင်းရင် နိမ့်ကျမှာပေါ့တဲ့)။

တကယ်တော့ ဒါဟာ ဆိုကရေးတီးကို ပါစင်နယ် သရော်တာ သက်သက်ပါ။ ရှင်းနေတာပဲ။ ဒါပေမဲ့ အဲဒီပြဇာတ်အပြီးမှာ တကယ့်ဆိုကရေးတီးက လက်ခုပ်တီးပြီး ပွဲလယ်ခေါင် မတ်တပ်ရပ်လို့ (ပရိသတ်များခင်ဗျာ။ ကျွန်တော် ဆိုကရေးတီးအစစ်ပါ။ ပြဇာတ်ထဲက ဆိုကရေးတီးလို ခြင်းတောင်းနဲ့လာတာ မဟုတ်ပါဘူးနော်)လို့ ဆိုလိုက်တော့ ပရိသတ်တွေ သဘောကျပြီး ဆိုကရေးတီးအစစ်ကို လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြသလို စင်ပေါ်က သရုပ်ဆောင်တွေကပါ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါဟာ ခရစ်တော် မပေါ်ခင်ဘီစီ ၃၈၀ ကပါ။

ခု ဘုရားပွင့်ပြီးလို့ နှစ်ပေါင်းသုံးထောင် ပြည့်ပါတော့မယ်။ ဆိုကရေးတီးလို လက်ခုပ်ကလေးတီးပြီး ရယ်ဖွယ် မလုပ်နိုင်ကြသေးဘူးလားခင်ဗျာ။

ကိုင်း မြန်မာစာပေမှာတဲ့ရော။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက
(တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဖေ ငါးထောင်မရတာကြောင့်)လို့ နာမည်တပ်ပြီး လေးချိုးနဲ့ သရော်ခဲ့တာ မှတ်မိကြဦးမှာပါ။ ဒါပေမဲ့ ဦးဘဖေက စိတ်ဆိုးပြီး တရားစွဲတယ်လို့ ကြားကြားဖူးခဲ့ပေါင်ဗျာ။

၂။ လူတန်းစား တစ်ရပ်ရပ်ကို သရော်တာ (Satire on Class)
လက်တင်စာပေမှာ ထင်ရှားတဲ့ စာရေးဆရာဟိုရေး (Horace) ဟာ စာဆိုစစ်သည်ပါ။ ဆီဇာအလုပ်ကြံခံရလို့ မျိုးချစ်စိတ်အပြည့်နဲ့ တိုင်းပြည်ကာကွယ်မယ်ဆိုပြီး တပ်ထဲဝင်လာခဲ့သူပေါ့။ ပြည်တွင်းစစ်ဖြစ်တော့ သမ္မတနိုင်ငံထူထောင်ရေး ပါတီခေါင်းဆောင် ဘရူးတပ်စ်ရဲ့ တပ်ထဲဝင်လို့ တိုက်ခဲ့တာပါ။ ဖိလိပီ (Philipe)မှာ သူတို့တပ် မရှုမလှရှုံးတာကို သူပြန်ရေးထားတာ ဖတ်ကြည့်ပါ။

(ရန်သူက အတင်းချလို့၊ လင်းတအိုပျံကာပြေးသလိုပ၊ ဒိုင်းကိုမှ မနိုင်၊ လွှားမကိုင် လွှတ်ကာချခဲ့ပါသဗျ။ ရှက်စရာအခင်း၊ ရဲစိတ်ရဲမာန်ဆိုတာ နပ်သင်း(Nothing)၊ သတ္တိဆိုတာ ဗလာကျင်း)လို့ ရေးခဲ့ဖူးပါတယ်။ ခုလိုသာ တရားစွဲကြစတမ်းဆို ၆၆၀၀၀ ဃ လောက်ဖြစ်သွားနိုင်ပါတယ်။

၃။ လူ့ထုံးစံအပြုအမူကို သရော်တာ (Satire on Customs and Mannner)
(က) စာပေကို သရော်တာ Literary Satire
(ခ) နိုင်ငံရေးကို သရော်တာ Political Satire
(ဂ) လူမှုရေးသရော်စာ Social Satire ဆိုပြီး ၃ မျိုး ထပ်ရှိပါတယ်။ တစ်ခုချင်းဆစ်ပိုင်း ရှင်းပြနေရအောင်လည်း ဇာဂနာ စာတမ်းပြုစုနေတာ မဟုတ်ဘူးခင်ဗျ။ ဒုန်းဝေးသူတွေအတွက်တော့ နည်းနည်းရှင်းပြဖို့လိုမယ် ထင်ပါတယ်။ ၁၇၂၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Alexander Pope ရဲ့ The Dunciad စာအုပ်ဟာ ငွေမျက်နှာပေါ်သာကြည့်တဲ့ စာရေးဆရာတွေ၊ ထုတ်လုပ်သူတွေကို သရော်ခဲ့တဲ့စာအုပ်ပါ။ တစ်ကမ္ဘာလုံးသိပါတယ်။ စာဖတ်သူတိုင်းသိပါတယ်။ အဲတစ်ခုတော့ ရှိတာပေါ့လေ။ ဘာစာတွေ ဖတ်ကြသလဲဆိုတာတော့ ဇာဂနာ မသိပါဘူးခင်ဗျာ။

သားသမီးမကောင်း မိဘခေါင်း။ တပည့်မကောင်း ဆရာ့ခေါင်းလို့ ဆိုတာကိုးလေ။ ကန်တော့ပါတယ်ခင်ဗျာ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာအောင်သင်းကိုပဲ အပြစ်တင်ချင်ပါတော့တယ်။ ဘယ်လိုစာပေတွေ သင်ပေးခဲ့ပါလိမ့်လို့။ ဆရာသာရှိသေးရင် ဇာဂနာသွားမေးမှာ အသေအချာပါခင်ဗျာ။

တကယ်တော့ အထက်ကဟာတွေကလဲ ဇာဂနာသိလို့ ရေးတာမဟုတ်ပါဘူး။ ဇာဂနာဆရာတွေ ဆရာမတွေဖြစ်တဲ့ ဆရာကြီး ဦးခင်မောင်လတ်တို့၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ ပြောပြခဲ့လို့ သိရမှတ်ထားရတာပါခင်ဗျာ။ ဒါကိုမှ တရားစွဲချင်သပဆိုရင်လည်း ဆရာကြီးတို့ ဆရာမကြီးတို့ နောက်သာလိုက်လို့ စွဲကြပါတော့ခင်ဗျာ။ ဒါတွေကြောင့် ဇာဂနာမရယ်ရတာ ဘာဆန်းလဲခင်ဗျာ။

(စာကြွင်း။ ။ တကယ်လို့မှ ဒီဆောင်းပါးဖတ်ပြီး တရားစွဲမယ်ဆိုရင် ခြောက်ခြောက် “ဃ” နဲ့တော့ မလုပ်နဲ့ခမျ။ ဇာဂနာ ကြမ်းခင်းဈေးက ၅၉ နှစ် ရှိထားပြီးသားပါ။ ဒါကြောင့် ၀မ်းတူးဖိုးနဲ့ ရမ်းသရူး ဂိုးလိုက်ကြစမ်းပါဗျ။)

ဇာဂနာ

 

 

Category: 

Share