နှင်းဆီအဖွဲ့သားများ ပါဝင်သရုပ်ဆောင်မည့် Rose Rider ရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံတကာ အရည်သွေးမီအောင် ရိုက်ကူးသွားမည်ဟု နေတိုးပြော

နှင်းဆီအဖွဲ့သားများပါဝင်သည့် Rose Rider ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လအတွင်း စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး နိုင်ငံတကာအရည်သွေးမီအောင် ရိုက်ကူးသွားမည်ဟု နှင်းဆီအဖွဲ့ဝင်နေတိုးက ပြောသည်။

အဆိုပါဇာတ်ကားကို နှင်းဆီအဖွဲ့သားများ ကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးခြင်းဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။
“ကျွန်တော်တို့ ရှေ့လမှာစရိုက်မှာပါ။ ရွေးချယ်ထားတဲ့ တစ်ယောက်ကိုလည်း စာနယ်ဇင်းမီဒီယာတွေနဲ့ ဒီလထဲမှာပဲ အသိပေး ကြေညာသွားမှာပါ။ ဒီဇာတ်ကားကို နိုင်ငံတကာမှာရှိတဲ့ အရည်အသွေးကို ၀င်အောင်လုပ်ဖို့ကို ရည်ရွယ်ထားတာပါ။ ဒီဇာတ်ကားနဲ့ပတ်သက်လို့ ဆိုင်ကယ်တွေ ၀ယ်တာကအစ ကုန်ကျစရိတ်အားလုံးကို ထုတ်လုပ်ရေးက ၀ယ်ပြီးသုံးတာပါ။ အကျိုးအမြတ်ကို ထည့်တွက်ထားတာမျိုး ဒီဇာတ်ကားမှာတော့ မရှိပါဘူး”ဟု ၄င်းကပြောသည်။

အဆိုပါဇာတ်ကားအတွက် သရုပ်ဆောင်သစ်ရွေးချယ်မှုကို ပြီးခဲ့သည့်ဧပြီလအတွင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လာရောက်လျှောက်ထားသူများထဲမှ ရွေးချယ်ထားသည့် သရုပ်ဆောင်သစ်ငါးဦးအနက် သရုပ်ဆောင်သစ်တစ်ဦး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Rose Rider ရုပ်ရှင်ဇာတ်ကားကြီး၌ နှင်းဆီအဖွဲ့သားများဖြစ်ကြသည့် မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ နေတိုး၊ ထွန်းထွန်း၊ ရဲလေးတို့က အဓိကပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး  အဆိုပါဇာတ်ကားကို ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရိုက်ကူးပုံဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်း

Category: 

Share