30 Year Cycle အရ ၂၀၁၈ တွင် နိုင်ငံတော်အစိုးရအဖွဲ့၌ အကြီးအမားဆုံးပြောင်းလဲမှုများ ဖြစ်လာနိုင်ဟု နက္ခတ်ဗေဒပညာရှင်များ သုံးသပ်

လက်ရှိ မြန်မာ့နိုင်ငံရေးသည် ၂၀၁၇ ခုနှစ်တွင် ပြောင်းလဲမှုထူးခြားစွာ မရှိသော်လည်း  30 Year Cycle အရ ၂၀၁၈ ခုနှစ်တွင် အစိုးရအဖွဲ့အတွင်း အကြီးမားဆုံးပြောင်းလဲမှုများ ဖြစ်လာနိုင်ကြောင်း နက္ခတ်ဗေဒပညာ ရှင်များက သုံးသပ်ပြောကြားခဲ့သည်။

“မြန်မာ့နိုင်ငံရေးက ရင်သပ ရှုမောစရာပါပဲ။ ဥပမာတစ်ခု ပြရရင်တော့ ယနေ့မြန်မာ့နိုင်ငံရေးက 60 Year Cycle ကို ရောက်နေပါပြီ။ ၁၉၅၈တုန်းက ၀န်ကြီးချုပ်ဦးနုက တိုင်းပြည်ကို မထိန်းနိုင်လို့ ဗိုလ်ချုပ်ကြီးနေ၀င်းကို သူ့ဘာသူ အာဏာပြောင်းပေးခဲ့လို့ မင်းပြောင်းမင်းလွဲ ဖြစ်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် 30 Year Cycle မှာ ဦးနေ၀င်းကို ဗိုလ်ချုပ်ကြီးစောမောင်က အာဏာသိမ်းလို့ မင်းပြောင်းမင်းလွဲ ဖြစ်ခဲ့ရပြန်တယ်။ လာမယ့် ၂၀၁၈ ကလည်း ၁၉၅၈ ကနေ 60 Year Cycle ဖြစ်နေတာမို့ မြန်မာ့နိုင်ငံရေးက ရင်သပ်ရှုမောစရာပါပဲ။ ဒီတော့ မြန်မာ့နိုင်ငံရေးမှာ အနာဂတ်ကို သိလိုနေကြတဲ့ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် ဘုန်းကြီးနေသူ ဖြစ်နိုင်မလား၊NLD က စစ်တပ်ထက် သိပ်သည်းကျစ်လစ်ပြီး စစ်တပ်ထက် အင်အားကြီးတဲ့ ပါတီအဖွဲ့အစည်း ဖြစ်နိုင်မလားဆိုတာကို ဝေခွဲသုံးသပ်ကြစေချင်ပါတယ်” ဟု နက္ခတ်ဗေဒပညာရှင် ဘဲလားလေဘာတီက ပြောသည်။

ထို့ပြင် Astrological Point Of View အရ ဇာတာရှင် ခေါင်းဆောင်သည်ဓနုလဂ် ၇ တန့်နှင့် ကန်စန်း MC ဆယ်တန့်တွင် ပါပအားများကြီးနေပြီး ကိန်းတြိကုန်းပိတ်မိနေခြင်းကြောင့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်စီးပွားရေး ဦးမော့လာအောင် ဆောင်ရွက်နိုင်ဦးမည်မဟုတ်ကြောင်းနှင့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်တွင် နေကြတ်ခြင်းက နိုင်ငံတော်ဇာတာ၏ MC ရာဇပလ္လင်ပေါ် ကျရောက်သည်ဖြစ်သဖြင့် သြဂုတ် ၂၁ရက် ၂၀၁၈ အတွင်း နိုင်ငံရေးမတည်မငြိမ်မှု မင်းပြောင်းမင်းလွဲကိန်းများ သို့မဟုတ် မင်း၏ကျန်းမာရေးက Critical Stage တစ်ခုကို ရောက်သွားနိုင်ကြောင်း ဘဲလားလေဘာတီက ဆက်လက်ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးသည် တပ်မတော်နှင့် မီဒီယာ၊ တိုင်းအစိုးရတို့အကြား ပြဿနာတစ်ချို့ရှိနေပြီး နိုင်ငံရေးမငြိမ်မသက်မှုကို တွန်းအားပေးနေကြောင်း နိုင်ငံရေးသုတေသီအချို့က သုံးသပ်လျက်ရှိသည်။
“၁၉၅၈-၁၉၈၈ နဲ့ လာမယ့် ၂၀၁၈ ဆိုတော့ နှစ် ၃၀အတွင်းမှာ ဖြစ်ပွားခဲ့တာကတော့ အပြောင်းအလဲ အမြဲတမ်း ဖြစ်တတ်ပါတယ်။ အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတော့ အစိုးရအဖွဲ့အစည်းမှာလည်း ၂၀၁၇ ခုနှစ် ကာလတည်းမှာတော့ ထူးထူးခြားခြား မရှိနိုင်ပါ ဘူး။ ၂၀၁၉ စက်တင်ဘာကျရင်တော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အစိုးရတစ်ခုလုံး အပြောင်းအလဲ ရှိနိုင်ပါတယ်။ လက်ရှိနိုင်ငံရေး ပွတ်တိုက်မှုတွေကတော့ ဒီနှစ်ထဲမှာ ရှိနေဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ လက်ရှိဇာတာက အညံ့ဘက်မှာ ရှိနေတယ်။ ဒါကြောင့် ဆက်ဖြစ်နေမှာပါ။ လက်ရှိအစိုးရနဲ့ တပ်မတော် ပူးပေါင်းပြီး တိုင်းပြည်တည်ဆောက်ဖို့ဆိုတာလည်း လက်ရှိအစိုးရလက်ထက်မှာ မလွယ်ကူပါဘူး။ ၂၀၁၉ ပြီးမှပဲ ဖြစ်ပေါ်လာမယ့် အစိုးရနဲ့ကျမှ တိုင်းပြည်က ကောင်းတဲ့အလားအလာရှိနိုင်တယ်။ ဒါကြောင့် အဲဒီအချိန်ကျရင်တော့ တပ်မတော်နဲ့ အစိုးရပူးပေါင်းပြီး လုပ်ဆောင်နိုင်ရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကောင်းလာမှာပါ။ လက်ရှိအစိုးရရဲ့ကံကလည်း အညံ့ဘက်မှာ ရှိနေပါတယ်။ ဒါကြောင့် ၂၀၁၇ ထဲမှာ နိုင်ငံရေးမှာ ညံ့ပေမယ့် အကြီးအမားဆုံးပြောင်းလဲမှုတစ်ခုတော့ မဖြစ်လာနိုင်ပါဘူး”ဟု နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုက သုံးသပ်ပြောကြားခဲ့သည်။    

     
ပိုင်လေး

Category: 

Share