ဘယ်ဘက်မှာ နေကြမလဲ - မာဂျေ

အမြဲလာနေကျတပည့် မောင်ကြွက်နီတစ်ယောက် ဖေ့စ်ဘွတ်ခ်သုံးတတ်ကတည်းက ရုံးကို ပေါ်မလာတော့ဘူး။ အရင်က အနည်းဆုံး တစ်ပတ်ကို သုံးရက်လောက်တော့ အစ်ကိုကြီးရေဆိုပြီး ပေါ်ပေါ်လာတတ်တဲ့သူက လေစိမ်းတွေ တိုက်နေတော့ မာဂျေကပဲ သူ့ဆီကို ဖုန်းဆက်ရတော့တယ်။ မောင်ကြွက်နီ နေလို့မှကောင်းရဲ့လားမေးတော့ ဒင်းက မဖြေချင်သလို ဖြေချင်သလိုနဲ့ “ကောင်းသားပဲ”တဲ့။ “ငါ့ဆီကို မလာရုံမက ဖုန်းပါမဆက်လို့ ငါက မင်းအတွက် စိတ်ပူလို့ပါကွာ”လို့ ထပ်ပြောတော့ သူက “ခင်ဗျားကို တမင် အဆက်အသွယ်ဖြတ်ထားတာ၊ တိုင်းပြည်မှာ ဘာဖြစ်ဖြစ် ခင်ဗျားရဲ့ ဖွဘုတ်မှာ ဘာထင်မြင်ယူဆချက်မှ မရေးလို့ ခင်ဗျားကို အချောင်သမားအဖြစ် သတ်မှတ်ထားသလို ခင်ဗျားနဲ့ ကျွန်တော် အယူဝါဒ မတူဘူးလို့ သတ်မှတ်ပြီးမဆက်သွယ်တာ”တဲ့။ မာဂျေတော်တော် ခေါင်းရှုပ်သွားတယ်။ ဟုတ်တယ်လေ။ အရှုပ်တွေထဲမှာ ရှင်းအောင်နေချင်လို့ ဘာပြဿနာတက်တက် ဘာမှဝင်မရေးဘူး။ ကိုယ့်လက်ဝှေ့ပွဲရှိမှပဲ လက်မှတ်ရောင်းရဖို့တင်တာ။ ကျန်တာတော့ ဘေးပဲထွက်ထိုင်နေတာကြာပေါ့။ ဒါကို သူက ဘာမကျေမနပ် ဖြစ်နေလဲမသိဘူး။ ဒီတော့ ခုရှုပ်မှ နောင်ရှင်း သူ့ကိုမေးရတော့တယ်။

 

“ကဲ မောင်ကြွက်နီ မင်းနဲ့ငါနဲ့ ဘာတွေအယူဝါဒမတူတာလဲ၊ အလင်းပြပါဦး” မေးတော့ သူက “အစ်ကိုကြီးက တပ်ချုပ်ဘက်ကလား၊ ကွီးဖြိုးဘက်ကလား” တဲ့။ “ငါက ဘယ်ဘက်ကမှ မဟုတ်ဘူး” ဖြေလိုက်တော့ “အဲဒီကတည်းက အစ်ကိုကြီးနဲ့ကျွန်တော် အယူဝါဒ မတူတော့ဘူး။ ကဲထပ်မေးဦးမယ်။ အစ်ကိုကြီးက သတင်းမီဒီယာကောင်စီဘက်ကလား၊ သတင်းသမားများ ကာကွယ်ရေး ၂၁ ဦး အဖွဲ့ဘက်ကလား” တဲ့။ “ငါကဘယ်ဘက်ကမှ မဟုတ်ဘူးလေ။ ငါ့ဂျာနယ် တရားစွဲခံရရင် ငါ့အယ်ချုပ်တွေ သူ့ဟာသူ ရှင်းရတာ။ ဘယ်သူကများ ကူညီလို့လဲ။ ဒါကြောင့် ဘယ်ဘက်ကမှ မပါဘူး”လို့ ဖြေလိုက်တယ်။

 

သူက ထပ်ပြီး ကဲလာပြန်တယ်။ “အစ်ကိုကြီးက မဘသဘက်ကလား၊ မဟနဘက်ကလား”တဲ့။ “ဘယ်ဘက်ကမှ မဟုတ်ဘူး၊ မဘသ ဆရာတော်တစ်ပါး ငါ့ဂျာနယ်ကို တရားစွဲတော့ ငါတို့က ရဲသုံးရဲ့ပေါ်လစီနဲ့ ရဲရဲကြီးတောင်းပန်လိုက်တယ်။ ဒီတော့ အဲဒီ ဆရာတော်က တရားရုံးမှာ အမှုပိတ်ပေးတယ်။ ဒါပေမဲ့ တရားရုံးက အမှုပိတ်ချင်ရင် မဟနစာယူခဲ့ဆိုလို့ အဲဒီတရားစွဲတဲ့ ကိုယ်တော်ရော ငါရော မဟနကိုအတူသွားပြီး စာတောင်းခဲ့တာ။ အခုမှ မဘသနဲ့ မဟန ကွဲတာတော့ ငါလည်းမသိဘူး။ နေစမ်းပါဦး။ ဒီလောက် ငွေတွင်းနက်တဲ့ခေတ်ကြီးထဲမှာ မင်းက ဘာတွေစိတ်ဝင်စားနေတာလဲ” မေးတော့ ဒင်းက “အခုမြန်မာနိုင်ငံမှာ ဘာဖြစ်ဖြစ် နှစ်ဖွဲ့ကွဲပြီး ဆော်နေကြ နှက်နေကြတယ်။ ဒီတော့ ကျွန်တော်တို့ကလည်း အလုပ်မရှိ လက်ဖက်ရည်ဆိုင်ထိုင်ပြီး မီးဝင်ထိုး (အဲလေ) ကျွန်တော်တို့က အနာဂတ်တိုင်းပြည်ကို တည်ဆောက်ရမယ့် သူတွေဆိုတော့ ဒီအယူဝါဒရေးရာတွေမှာ ၀င်ပြီး လေကန် (မှားပြန်ပြီ) ဘက်တစ်ခုခုမှာနေပြီး ကိုယ်သိတာ ၀င်ဆွေးနွေးနေရတာ။ ခင်ဗျားလို ရိုးရာလက်ဝှေ့ပွဲတွေ စီစဉ်နေတာဟာ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေတယ်လို့ ပြောတာထက် ဒါက ပိုမြင့်မြတ်တယ်”ဆိုပဲ။ “မင်းမလဲ လျှာကို လေဖြတ်နေလို့သာ တော်တော့တယ်။

စကားကတတ်လှချည်လား” လို့ ပြောလိုက်တော့ “ဒါက မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတာ။ ခင်ဗျားလို ကြားချောင်နေတဲ့ အဆံချောင် မဟုတ်ဘူး”ဟဲ့။ “သြော်ပြောတတ်လိုက်တာ။ ဒါကြောင့် အဲဒီလျှာကို လေဖြတ်တာနေမှာ” လို့ ပြန်ရိလိုက်တယ်။ ဒါပေသိ သူက မလျှော့ပါဘူး။ “နေပါဦး ထပ်မေးဦးမယ်။ ခင်ဗျားကြီးက ၆၆ ဖြုတ်သိမ်းချင်တဲ့ဘက်ကလား။ ၆၆ ကို ပြင်ရုံပဲ ပြင်ချင်တဲ့ ဘက်ကလား”တဲ့။ “မင်းတို့လို အရည်မရအဖတ်မရတွေ ဖွဘုတ်ပေါ်မှာ ငါက တက်တက် မရေးတော့ အဲဒီ ၆၆ ကို ဖြုတ်လိုဖြုတ် ကင်လိုကင် ငါနဲ့ လားလားမှမဆိုင်”လို့ ပြောလိုက်တယ်။ ဒင်းက အသံတွေ မာသထက်မာလာပြီး “ခုရှုပ်မှနောင်ရှင်း ထပ်မေးဦးမယ်ဗျာ။ ခင်ဗျားက မထသဘက်သားလား YBS ဘက်သားလား” တဲ့။ “ဘယ်ဘက်မှမဟုတ်ဘူး။ ငါမှ ဘတ်စ်ကားမစီးတာ၊ မစီးဘဲနဲ့ မထသက ဘယ်လို YBSက ဘယ်လိုလို့ ၀င်ပြီးလေကန်ဖို့ ငါ့မှာ အချိန်မရှိဘူး။ ဘာတွေဖြစ်နေသလဲဆိုတာတော့ ဖွဘုတ်မှာ တွေ့နေရတာပဲ” လို့ ဖြေလိုက်ရတယ်။ သူက “မေးစရာကျန်သေးတယ်ဗျာ။ ခင်ဗျားက ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်မယ့် ဘက်ကလား၊ ရေအားတို့၊ လောင်စာဆီတို့ကနေ လျှပ်စစ်ထုတ်မယ့် ဘက်ကလား”တဲ့ မေးပြန်ရော။ “ဘယ်ကထုတ်ထုတ် မီးလင်းဖို့က အဓိကမဟုတ်လားကွာ” လို့ ဖြေတော့ သူက “ခင်ဗျားတို့လိုလူတွေရှိလို့ တိုင်းပြည်မတိုးတက်တာ” တဲ့။ ဒါနဲ့ မပြီးသေးဘူး။ သူက ထပ်ပြီး “ခင်ဗျားက ဦးကိုကိုကြီး ဘက်ကလား၊ ဦးမင်းကိုနိုင်ဘက်ကလား” တဲ့။ “ဘယ်ဘက်ကမှ မဟုတ်ဘူး။ အရင်ကတော့ သူတို့ နှစ်ယောက်က ဆရာဇော်သက်ထွေးရှိလို့ တာမွေက ငါ့ဂျာနယ်တိုက်နားမှာ ခဏခဏ လက်ဖက်ရည် လာသောက်နေတာပဲ။ ဘာလဲ သူတို့ အခုကွဲသွားပြီလား” မေးလိုက်တော့ “အဲဒါတွေ ခင်ဗျားသိစရာ မလိုပါဘူး။ ကျွန်တော် မေးတာဖြေပါ” တဲ့။ “ဟ ငါ့မှာ ဖြေစရာမှမရှိတာ ဘာဖြေရမှာလဲ” လို့လဲ မေးလိုက်တော့ ဒင်းက တောက်တစ်ချက် ခေါက်ပြီး။ “အခုတော့ ခင်ဗျား ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားပြီ။ ခင်ဗျားက ကျွန်တော်တို့ဘက်ကလည်း  မဟုတ်သလို ဆန့်ကျင်တဲ့ဘက်ကလည်း မဟုတ်ဘူး။ အဲဒီထက် အန္တရာယ်ပိုများတဲ့ တတိယအုပ်စု ဘက်တော်သားပဲ။ အသိစောပေလို့တော်တော့တယ်”တဲ့။

 

“နေစမ်းပါဦး မောင်ကြွက်နီရဲ့ ငါ့ဟာငါ ဘယ်ဘက်ကမှမပါဘဲ အေးအေးချမ်းချမ်းနေတာနဲ့ အန္တရာယ်ကောင်ကြီး ဖြစ်ရရောလား” မေးတော့ သူက “အခုလို တိုင်းပြည်မှာ ဘာလုပ်လုပ် ဘာကိုင်ကိုင် နှစ်ဖက်ကွဲနေတဲ့အချိန်မှာ ခင်ဗျားကြီးက ခင်ဗျားရဲ့ ကလောင်နဲ့ တစ်ဖက်ဖက်က ၀င်ပါရမှာပေါ့။ ခုတော့ ကြားမှာ အချောင်မှိန်းနေတယ်။ ခင်ဗျားနဲ့ ပေါင်းခဲ့ရတဲ့အချိန်တွေကို နှမြောလိုက်တာ”တဲ့။ ဒီလို ပြောခံရတော့ မာဂျေလည်း စိတ်တော်တော်ဆိုးသွားတယ်။ “သေချင်းဆိုးရဲ့ ငါနဲ့ ပေါင်းလို့ ငါ့ဂျာနယ်မှာ မင်း ငါးနှစ်လောက် အလုပ်ရတယ်။ မင်းသောက်ဖို့ အရက်ပုလင်း ငါအမြဲရှာပေးတယ်။ မင်းလေဖြတ်တော့ ငါဆေးကုပေးတယ်။ အခုမှ အရည်မရအဖတ်မရ ဖွဘုတ်ပေါ်က ပြဿနာတွေထဲ ငါ့ကိုလာပြီး ဆွဲထည့်မနေနဲ့။ မင်းငါ့ကိုအဆက် အသွယ်မလုပ်ရင် ငါပိုက်ဆံကုန် သက်သာတာပဲသိတယ်” လို့ ပြောပြီး ဖုန်းချပစ်လိုက်ရတယ်။ သြော် မြန်မာပြည် ဘယ်တော့မှ ဒီအကွဲသံသရာက လွတ်မှာပါလိမ့်။ အခုလည်း ဇူကာဘတ်က သမုဒ္ဒရာရေကို သူတစ်ယောက် တည်းသောက်ဖို့ ကြံထားတဲ့ ဖွဘုတ်ပေါ်မှာလာပြီး အကွဲမီးတွေက လောင်နေသေးတယ်။ ဒီအကြောင်းကို ဆရာဇော်သက်ထွေးကိုပြောပြမိတော့ “ကိုကြွက်နီ ပြောတာဟုတ်တာပဲ။ ခင်ဗျားကိုက နိုင်ငံရေးရေချိန် တော်တော်နိမ့်တာပဲ။ ဟုတ်တာ မဟုတ်တာ အပထားသူနဲ့ ပြောရင် သူ့ဘက်က မျှောပြီး လိုက်ပြောလိုက်ပေါ့” တဲ့။ အလို ...ကိုယ့် ဘက်မှာ ဘယ်သူမှမရှိပါလားဆိုပြီး ညဘက် အိမ်ရောက်တော့ မဒမ်မာဂျေကို မိန်းမရေ ဒီနေ့တော့ ဒီလိုတွေ အပြောခံရတယ်ကွာလို့လည်း ညည်းမိရော မိန်းမက “အင်းလေ ရှင်ကလည်းရှင်ပဲ၊ ပါးရည်နပ်ရည်မရှိဘူး၊ အခြေအနေ အချိန်အခါကို မသုံးသပ်တတ်ဘူး။  ရှင်နဲ့ကျွန်မ အတွေးအခေါ်တွေကတော့ ပြဒါးတစ်လမ်း သံတစ်လမ်း၊ ခုလည်းမရှိမယ့်ရှိမယ့် တပည့်တစ်ယောက် ဆုံးရှုံးတာပဲ အဖတ်တင်တယ် မဟုတ်လား”လို့ ပြန်ပြီး ဘုတောတာ ခံလိုက်ရပြန်ရော။ ဘယ်လိုလဲဗျာ။ အကွဲသံသရာ မထွက်နိုင်တဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘယ်ဘက်ကမှ မလိုက်ဘဲ နေလို့မရတော့ဘူးလားဟင်။

မာဂျေ

 

Category: 

Share