ဇာဂနာ မရယ်ရတော့ဘူး (၂၂) - ဇာဂနာ

ဇာဂနာ အရမ်းကြောက်နေပါတယ် ခင်ဗျာ။ ဘယ်တုန်းကမှ မကြောက်တတ်ခဲ့တဲ့ ဇာဂနာ ခုတော့ တအားကြောက်နေပါတယ်ခင်ဗျာ။ သရဲမကြောက်တဲ့ဇာဂနာ ခုတော့အရမ်းကို ကြောက်နေပါတယ်။ မဟားဒယားကို ကြောက်နေပါတယ်။ ပက်ပက်စက်စက် ကြောက်နေပါတယ်။ ၀ရုန်းသုန်းကား ကြောက်နေပါတယ် ခင်ဗျ။
တကယ်ပြောတာပါ။ ဇာဂနာတို့က ရုပ်ရှင်ရိုက်ပွဲက ပြီးခါနာအတွက် ၀ါစာကမာလုပ်နေရသူတွေပါ။ ခုတော့ ဆင်ဆာလည်း မကြောက်ရပါဘူး။ ရုပ်ရှင်အစည်းအရုံးလည်း မကြောက်ရပါဘူး။ သဘင်အစည်းအရုံးလည်း မကြောက်ရပါဘူး။ ရဲဌာနလည်း မကြောက်ရပါဘူး။ ထောက်လှမ်းရေးလည်း မကြောက်ရပါဘူး ခင်ဗျ။

ဟိုတုန်းကတော့ အစိုးရ၀န်ကြီးတစ်ပါးက တရုတ်ကိုလည်း ကြောက်ရပါတယ်လို့သာပြောတာပါ။ ခုတော့ ဇာဂနာတို့က အကုန်ကို ကြောက်နေရတာပါ။ ဒေသခံတွေကိုရော၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကိုရော။ ဘာအဖွဲ့မှန်းမသိတဲ့သူတွေကိုရော အကုန်ကို ကြောက်နေရပါတယ်ဘုရာ့။

ရုပ်ရှင်ရိုက်ရင် ဆင်ဆာတင်ရပါတယ်။ ဆင်ဆာဖြတ်မှာ ကြောက်ရပါတယ်။ ခုတော့ ဆင်ဆာလည်း မကြောက်ရတော့ပါဘူး။ ဆင်ဆာဖြတ်ချင်ဖြတ်၊ မဖြတ်လို့ ခွင့်ပြုချင်ပြု၊ ဒေသခံတွေလို့ဆိုတဲ့ ဒေသခံတွေ၊ အရပ်ဖက်လို့ ပြောနေကြတဲ့အရပ်ထဲက ဖက်တွေကိုကြောက်နေရပါတယ် ဘုရာ့။

ဇာဂနာ့မိတ်ဆွေ ရုပ်ရှင်သမားတွေကိုလည်း ပြောရပါတယ်။ နောက်နောင် ရုပ်ရှင်ရိုက်မယ်ကြံရင် ဆင်ဆာမတင်ကြပါနဲ့ခင်ဗျာ။ ကိုယ်ရုပ်ရှင်ရိုက်မယ့်ဒေသကိုသာ သွားတင်ကြပါ။ ဒေသခံဆိုသူတွေနဲ့ ဆွေးနွေးကြပါ။ သူတို့မကျေနပ်ရင် မရိုက်ကြပါနဲ့။ သူတို့ကျေနပ်မှ ရိုက်ကြပါခင်ဗျာ။

အရက်သောက်ခန်းပါရင်လည်း သတိထားကြပါခင်ဗျာ။ ဘယ်လူမျိုးက အရက်သောက်သလဲ၊ ဘယ်လူမျိုးက အရက်မသောက်ဘူးလဲ သေသေချာချာ လေ့လာပြီးမှ ရုပ်ရှင်ရိုက်ကြပါခင်ဗျာ။ ကချင်ဝတ်စုံဝတ်ပြီး အရက်သောက်မယ်ဆိုရင် ကချင်ပြည်နယ်ကို အရင်သွားပြီး အရက်သောက်သင့် မသောက်သင့် မဲခွဲကြပါခင်ဗျ။ မဲနိုင်မှ ရိုက်တော်မူကြပါခင်ဗျာ။

အစိုးရလည်း မကြောက်ပါနဲ့။ ၀န်ကြီးတွေကိုလည်းမကြောက်ပါနဲ့၊ ကိုယ်ရုပ်ရှင်ရိုက်မယ့် ဒေသကလူတွေကိုသာ ကြောက်ကြပါ။ ဒီမိုကရေစီခေတ်ကြီးကိုးခင်ဗျာ။ ခုနေခါများ သင်္ကြန်မိုးဇာတ်ကားရိုက်ရင် ပြဿနာတက်မှာ သေချာတယ်။ စန္ဒရားဆရာ အရက်သောက်သင့်မသင့် မန္တလေးမြို့ခံတွေကိုမေးပြီးမှ ရိုက်ရမှာကိုးခင်ဗျ။ ဒဏ္ဍာရီဇာတ်ကား ဆိုရင်လည်း ပုဂံဒေသမှာ ရိုက်သင့်မရိုက်သင့် ဒေသခံတွေကိုမေးပြီး မဲခွဲပြီးမှ ရိုက်ရတော့မှာ သေချာတယ်ခင်ဗျ။ ဘုရားပရ၀ဏ်ထဲ ဂစ်တာတီးသင့် မတီးသင့်၊ သီချင်းဆိုသင့် မသင့်၊ အဂါရ၀ဖြစ်မဖြစ်မေးပြီး မြန်းပြီးမှသာ ရိုက်လို့ရမှာပါခင်ဗျ။

အနုပညာတွေ ဘာတွေ လာမလုပ်ကြပါနဲ့။ ဖျော်ဖြေရေးမျက်စိနဲ့ကြည့်ပါတွေ ဘာတွေလာမပြောကြပါနဲ့။ ဒေသခံတွေ အရပ်ထဲက ဖက်တွေ ကျေနပ်ရင် လုပ်ချင်တာလုပ်ကြပါခင်ဗျ။ န၀တ အစိုးရလက်ထက်က ဘုရားရင်ပြင်ပေါ် အရက်သောက်လည်း ဘယ်သူမှ မကန့်ကွက်ခဲ့ကြဘူးခင်ဗျ။ မြင်ရက်နဲ့ မမြင်ချင်ယောင် ဆောင်ကြတယ် ခင်ဗျ။ စစ်အစိုးရဆိုတော့ ဒေသခံတွေက ခံတယ်ခင်ဗျ။ ခံနေကျကိုး။ ခုတော့ ဒီမိုကရေစီခေတ် ကြီးကိုးလေ။ ပြောကို ပြောရမယ်ခင်ဗျ။ မပြောရင် ဒီမိုကရေစီမဖြစ်တော့ဘူးလေ။ တစ်ခုခုတော့ ပြောကို ပြောရမယ်ပေါ့။

လေယာဉ်ပေါ်မှာ ကျွေးတဲ့ မုန့်ဘူးတွေပေါ် ဘုရားစေတီပုံတွေ ပါလာရင်လည်း မစားကြနဲ့ ခင်ဗျ။ အမှိုက်ပုံးတွေ ဘာတွေထဲ သွားမပစ်ကြပါနဲ့ခင်ဗျ။ ၀ယ်တဲ့အင်္ကျီမှာ အလံတွေဘာတွေပါရင်လည်း ရုပ်ရှင်ထဲ ထည့်မရိုက်ကြပါနဲ့ခင်ဗျ။ အမေရိကန်အလံ၊ အင်္ဂလန်အလံဆို ထည့်သာရိုက် ဘာမှမဖြစ်ဘူးခင်ဗျ။ ရှမ်းအလံ၊ ကချင်အလံဆိုရင်တော့ ရှောင်သာရှောင်ပါ။ ကြောက်ရပါတယ် ခင်ဗျ။

ရှမ်းပြည်မှာ ကားရိုက်ရင်(ကျားကြောက်လို့ရှင်ကြီးကိုး၊ ကျားထက်ပင်ဆိုးမယ့်ဟန်ပြင်)ဆိုတဲ့ သီချင်းမျိုး ထည့်မဆိုနဲ့ခင်ဗျ။ ရှမ်းပြည်က ကျားကို အမွန်အမြတ်ထားပါတယ်။ (ကျားသနားမှ နွားချမ်းသာ)ဆိုတဲ့ စကားပုံလည်း မသုံးကြပါနဲ့ခင်ဗျ။ အိမ်သာတောင် ကျား၊မ ဆို ထည့်မရိုက်ကြပါနဲ့ခင်ဗျာ။

ဒီလိုပဲခင်ဗျ။ ချင်းပြည်ရောက်ရင် အောက်ချင်းငှက်ထည့်မရိုက်ပါနဲ့၊ ဆင်ဆာက ဘာမှမပြောဘဲ ဒေသခံဆိုသူတွေနဲ့ အရပ်ထဲက ဖက်တွေက ၀ိုင်းဆော်ကြလိမ့်မယ်။ နောက်နောင် အရက်သောက်ခန်း ရိုက်ချင်ရင် နာဂလိုသာ ၀တ်ပြီးသောက်ကြပါခင်ဗျာ။

သူဖုန်းစားတို့ ဒွန်းစဏ္ဍားတို့အကြောင်း ရိုက်ချင်ရင်လည်း သူတောင်းစားတွေကို ညီလာခံခေါ်ပြီး ဆွေးနွေးပါခင်ဗျ။ သူတို့ကလည်း အကြီးဆုံးအရပ်ဖက်အဖွဲ့အစည်းကြီးပါ။ သူတို့ကန့်ကွက်ရင် ရုပ်ရှင်ရိုက်ပြီး မပြရဘဲ ဖြစ်သွားပါမယ်။ ရုပ်ရှင်ရုံရှေ့ပိတ်ပြီး ဆန္ဒပြကြရင်ခက်ပါမယ်။ ဘာပဲလုပ်လုပ် ကြိုပြောတာ မမှားပါဘူးခင်ဗျာ။

ဇာဂနာတို့တိုင်းပြည်က ဒီမိုကရေစီကိုးခင်ဗျ။ စာပေဟောပြောပွဲဆိုပြီး နိုင်ငံရေးတွေ(တကယ်တော့ အပုပ်ချတာတွေ) ပြောနေလေ့ရှိကြတဲ့ ဆရာသမားများရဲ့ လမ်းညွှန်ချက်တွေလိုပေါ့ခင်ဗျာ။ ဒီမိုကရေစီဆိုတာ ပြည်သူပိုင် အုပ်ချုပ်ရေးကိုခင်ဗျ။ ပြည်သူက အုပ်ချုပ်တာဆိုတော့ အရပ်ထဲက ဖက်တွေလည်း ၀င်အုပ်ချုပ်တော့တာပေါ့။ သူတို့မှာလည်း အာဏာရှိတယ် ဖြစ်သွားတာပေါ့လေ။ ဒီမိုကရေစီကိုးခင်ဗျ။ By the People, of the People, for the People ကိုး။

ဇာဂနာ့ မိတ်ဆွေရုပ်ရှင်သမားတွေကို အကြံပေးချင်တယ်ခင်ဗျာ။ နောက်နောင် ရုပ်ရှင်ရိုက်ရင် ၂၂၀၀ ခုနှစ်တို့၊ ပုဂံကိုရိုက်ပြီး ဇလုံတိုင်းပြည်တို့၊ ပင်နီဝတ်ပြီး ကြံ့ခိုင်ရေးတို့ဆိုတာမျိုးသာ ရိုက်ကြပါခင်ဗျာ။ ကိုယ့်အန္တရာယ် ကိုယ်ကြည့်သာရှောင်ကြပါ။ မဟုတ်ရင် တရားစွဲချင်နေကြတာပါ။ တရားစွဲတာကလည်း တယ်ခေတ်စားနေတာကိုး။ ဒီမိုကရေစီနိုင်ငံကြီးကိုခင်ဗျာ။ ဒါတွေကြောင့် ဇာဂနာ မရယ်ရတာ ဘာဆန်းလဲ၊ ဒီမိုက ရေစီကိုးခင်ဗျာ။
ဇာဂနာ

 

Category: 

Share