ဆရာဝန်နှင့် ဆေးဆိုင်များပူးပေါင်း၍ ဆေးဆိုင်များနှင့် ဆေးခန်းများသို့ တရားမ၀င်ဆေးများအား တိုက်ရိုက်ရောင်းချနေ

တရားမ၀င်ဆေးဝါးများ ပပျောက်ရန် နိုင်ငံတော်က ကြိုးစားဆောင်ရွက်နေသော်လည်း အချို့ဆေးဆိုင်များမှာ ဆရာဝန်များနှင့် ပေါင်း၍ ဆေးခန်းများသို့ တရားမ၀င်ဆေးများ တိုက်ရိုက်ရောင်းချနေမှုများရှိနေကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(နေပြည်တော်ဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

ယင်းသို့ တရားမ၀င်ရောင်းနေသည့်ကိစ္စရပ်များကို ပြတ်ပြတ်သားသား ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာထွန်းလင်းအောင်က ဆက်လက် ပြောကြားသည်။

“ကျွန်တော့်ဆေးခန်းမှာ ဆေးလိုလို့ တပည့်ကို သွားဝယ်ခိုင်းတယ်။ အဲ့ဆေးဆိုင်ကလည်း ကျွန်တော်ကိုယ်တိုင် ၀င်စစ်ထားပြီးသား။ အဲဒါကိုမှ ဆေးတစ်လုံးကိုဝယ်တာ မှတ်ပုံတင်ထားတဲ့ဟာက ၆၀၀။ မတင်တာက ၄၀၀ တဲ့။ ၄၀၀ ယူရင် နောက်မှာ သွားထုတ်ပေးတယ်။ ဆိုလိုတဲ့သဘောက FDA က ဘယ်လောက်ပဲလုပ်လုပ် ဈေးကွက်ထဲမှာ သူ့နည်းသူ့ဟန်နဲ့သူ ရှိနေတုန်း။ အထူးသဖြင့် ဆေးခန်းထိုင်တဲ့ ဆရာဝန်နဲ့ ဆေးဆိုင်တွေနဲ့က သဟဇာတတောင် ဖြစ်နေသေးတယ်။ ဘာလို့ဆို ဈေးကကွာတာကိုး။ တချို့က ဈေးကွက်ထဲမှာတောင် မထားတော့ဘူး။ တစ်ခါတည်း clinic ကို ပို့လိုက်တာ။ ဒါမျိုးတွေကရှိနေသေးတယ်”ဟု ဒေါက်တာထွန်းလင်းအောင် ပြောသည်။

FDA မှ ဈေးကွက်အတွင်း ၀င်ရောက်စစ်ဆေးရာတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ သတင်းပေါက်ကြားမှုမရှိစေရန် ကြိုတင်အသိမပေးဘဲ ရှောင်တခင်သာ ၀င်ရောက်စစ်ဆေးခြင်းဖြစ်ကာ ယခုနှစ်အတွင်း FDA မှ ဈေးကွက်အတွင်းရှိ အစားအသောက်နှင့် ဆေးဝါးများတွင် ဓာတုဆေးများ၊ တရားမ၀င်ဆေးဝါးများ ထည့်သွင်းရောင်းချမှု ရှိမရှိ ရှောင်တခင်စစ်ဆေးဖမ်းဆီးမှုများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ကနဦးအနေဖြင့် ပိုက်စိပ်တိုက်စစ်ဆေးလျက်ရှိနေကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာ၌ ဈေးဆိုင်များကို ရှာဖွေစစ်ဆေးရာတွင် နေရာကျဉ်းသဖြင့် ဆေးဝါးများ ဖွက်ထားလျှင် အလွယ်တကူတွေ့ရှိဖမ်းမိသော်လည်း အိမ်နှင့်ဆိုင် တွဲဖွင့်ထားသည့်ဆိုင်များတွင် အိမ်ထဲသို့ ရှာဖွေရာ၌ အခက်အခဲများရှိနေသေးကြောင်း သိရသည်။

“သတင်းတွေက သိပြီးသားပါ။ ဥပဒေကလည်း တရားဝင်ရှိပြီးသား။ တရားမ၀င်ဆေးကို ရောင်းရင် အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကျကို ကျမှာ။ အင်မတန်မှ အပြစ်ကြီးတာကို သူတို့မသိတာ။ ပစ္စည်းသိမ်းရုံ၊ လိုင်စင်သိမ်းရုံအဆင့်လောက်ဆို မကြောက်ကြဘူး။ ဒါကြောင့် နေပြည်တော်မှာစစ်တုန်းက မိတာနဲ့ ချက်ချင်းအရေးယူတာ၊ အာမခံတောင်မရဘူး။ မီဒီယာတွေကနေလည်း ကြေညာထားတော့ ပေါ်ပေါ်ထင်ထင်တော့ မရောင်းရဲတော့ဘူး။ ခိုးရောင်းတာတွေ ရှိသေးတယ်။ အဲလို ခိုးရောင်းနေတာတွေလည်း တနည်းနည်းနဲ့ ရအောင်ဖော်ထုတ်မှာပါ”ဟု ဒေါက်တာထွန်းလင်းအောင်က သတိပေးပြောကြားခဲ့သည်။

ယခင်နှစ်ပေါင်းများစွာကတည်းက စစ်ဆေးမှုများ ရှိခဲ့သော်လည်းအရေးမယူခဲ့၍ ဆေးရောင်းချသူများက ကြောက်လန့်မှုမရှိကြကြောင်း၊ ယခုအခါတွင် FDA အနေဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

တရားမ၀င်ဆေးဝါးများ၊ စံမညီဆေးဝါးအတုများ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိ ကျခံရမည်ဖြစ်ပြီး ငွေဒဏ်အားဖြင့်လည်း ကျပ် ၅ သောင်းမှ ၅ သိန်းထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ရွှေရင်ငြိမ်းအေး

Category: 

Share