လောက်ဋီကာ - မာဂျေ

လောက်ဆိုတဲ့စကားဟာ မြန်မာတွေနဲ့မစိမ်းပါဘူး။ ဒါပေသိ ကောင်းတဲ့အနက်နဲ့တော့ မဟုတ်ပါဘူး။ အသားထဲက လောက်ထွက်၊ ချေးကျရာ လောက်ပျော်ဆိုတဲ့ စကားတွေကိုကြည့်လေ။ တစ်ခုမှ မကောင်းဘူး။ ပြီးတော့ အခုလို ယင်လုံအိမ်သာတွေ ရေလောင်းအိမ်သာတွေ မရှိသေးတဲ့ တွင်းအိမ်သာခေတ်၊ မြေကြီးပေါ် အိမ်သာဆောက်ပြီး ဒီအတိုင်း အီးပါတဲ့ခေတ်မှာ မစင်ပုံထဲက လောက်တွေကို လူအတော်များများ မြင်ဖူးကြပါလိမ့်မယ်။ တချို့တောရွာတွေမှာဆို အဲဒီမစင်ပုံကို ကြက်ကယက်လိုက်၊ ၀က်ကယက် လိုက်နဲ့ နေတာလည်း တွေ့ဖူးကြပါလိမ့်မယ်။ အခုနောက်ပိုင်းတော့ ခေတ်မီလာကြ၊ ကျန်းမာရေး အသိတွေရှိလာကြတာဆိုတော့ လောက်ဆိုတာမြင်ဖို့ အတော်ခဲယဉ်းသွားပြီ။ ဒါပေသိ တလောကတော့ လောက်နဲ့ပတ်သက်ပြီး အသံတွေပြန်ကြားလာရတယ်။

ဘာသံတွေလဲဆိုတော့ ရန်ကုန်က နာမည်ကြီးစားသောက်ဆိုင်နှစ်ခုက အစားအသောက်တွေထဲမှာ လောက်တွေ တွေ့နေရတဲ့ အကြောင်းပါ။ တချို့ဆိုင်တွေမှာ အသားပေါင်းထဲမှာ လောက်တွေ တွေ့ရသလို အချို့ဆိုင်တွေမှာတော့ အစားအသောက်ထဲမှာ တွေ့နေကြပါသတဲ့။ ဒီအကြောင်းတွေကလည်း လူတိုင်းကို မီဒီယာပိုင်ဆိုင်ခွင့်ပေးထားတဲ့ ဖွဘုတ်ကြီးမှာ တက်လာတဲ့ မြန်မာသတင်းတွေပါ။ ဒီနေရာမှာ စဉ်းစားစရာ နှစ်ခုရှိပါတယ်။ တစ်ခုက စီးပွားပြိုင်ဘတ်ချင်း ဆော်ကြနှက်ကြ နာမည်ဖျက်ကြတာလား ဆိုတာရယ်၊ နောက်တစ်ခုက ကိုယ်တိုင်တွေ့ကြုံခဲ့လို့ စေတနာနဲ့ အများပြည်သူကို သတိပေးတာလား ဆိုတာရယ်ပါ။ အခုရက်ပိုင်းတက်လာတဲ့ အစားသောက်ထဲ လောက်တွေ တွေ့တဲ့သတင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ အနုပညာရှင်တစ်ယောက်က သူကိုယ်တိုင် သူ့ပုံနဲ့တင်တာဖြစ်သလို နောက်မှာလည်း ဆိုင်ရဲ့ဆိုင်းဘုတ်ကြီးက ပါနေလေတော့ ဒီသတင်းအပေါ် ယုံကြည်စိတ်ချရမှု ရာခိုင်နှုန်းပြည့်ဖြစ်ပြီး နောက်တစ်ဦးကတော့ သတင်းပဲရေးတင်ထားတာရယ်။ ပြီးတော့ ဒီဆိုင်မှာ မစားကြနဲ့တော့ဆိုပြီး တခြားဆိုင်နာမည် တစ်ခုရေးပြထားတာရယ်။ အဲဒီနောက်တစ်ဆိုင်ကို အရမ်းညွှန်ထားတာတွေရယ်ကြောင့် စိတ်ချယုံကြည်ရမှု အားနည်းပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီဆောင်းပါးမှာ လောက်တွေ့ခြင်း မတွေ့ခြင်းကို ဆွေးနွေးမှာမဟုတ်ဘဲ လောက်ဟာ လူသားတို့အတွက် အစာအာဟာရဖြစ်တယ်။ စားလို့ရတယ်ဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူသားတွေပုံမှန်မဟုတ်ဘဲ စားလို့ရတဲ့ အကောင်အုပ်စု ၁၁ ခုရှိတယ်လို့ သိရပါတယ်။ ဒါတွေကတော့ တီကောင်၊ လောက်၊ ပုရွက်ဆိတ်၊ ခြ၊ ပြ၊ ခရုနဲ့ ပက်ကျိ၊ ချေးပိုးထိုး၊ နှံကောင်၊ ပုရစ်နဲ့ ခြေထောက်အများကြီးပါတဲ့ ကင်းခြေများလို ပိုးနားသန်ကောင်လို အကောင်အုပ်စုတွေဖြစ်တယ်။ မာဂျေက ကိုယ်နဲ့အတူ လက်ဝှေ့ပွဲလုပ်တဲ့ ဂျပန်တွေ မြန်မာပြည်လာရင် ပုရစ်ကြော်ကျွေးလေ့ရှိပါတယ်။ ဒါကို သူတို့က မှတ်ထားပြီး ဂျပန်လည်းရောက်ရော သကြားရည်နဲ့ ကြော်ထားတဲ့ နှံကောင်တွေ ကျွေးလို့ တစ်ကောင်နှစ်ကောင် စားပြလိုက်ရသေးတယ်။ အရသာက ပုရစ်လိုပါပဲ။ ဒါပေသိ ကိုယ်မှ စားလေ့မရှိတော့ ၀ါးသာဝါးရတယ်။ မျိုချရတာအတော် ကသိကအောက်နိုင်လှပါတယ်။ ပြီးတော့ ဂျပန်တွေကို ရှမ်းပြည်ကလာတဲ့ ၀ါးပိုးတွေနဲ့ သင်ပေါင်းပိုးတွေ ကြော်ကျွေးတော့ သူတို့က Maggots (လောက်တွေ)လို့ အော်ပြီး ထိတောင်မထိတော့ပါဘူး။ ဒီတော့ တတ်ကျွမ်းနားလည်သူတွေကို လောက်ဟာစားလို့ရမရ မေးစမ်းကြည့်ပါတယ်။ လောက်ဆိုတာ ပျံနိုင်တဲ့ အင်းဆက်တွေရဲ့ ပိုးတုံးလုံးဘ၀မရောက်ခင် ဥကနေ ပေါက်တဲ့အဆင့်ကို ခေါ်တာဖြစ်ပါတယ်။ လောက်တစ်ကောင်မှာ ကယ်လိုရီ တစ်ယူနစ်ပါတာက လွဲရင် ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ဖိုင်ဘာလို့ခေါ်တဲ့ အမျှင်ဓာတ်၊ ပရိုတိန်းလုံးဝမပါပါဘူး။ လူတစ်ယောက်ရဲ့ ပျှမ်းမျှကယ်လိုရီ လိုအပ်ချက်ဟာ တစ်နေ့ကို ၂၀၀၀ ယူနစ်ရှိလို့ လူတစ်ယောက်ဟာ တစ်နေ့ကို လောက်အကောင် ၂၀၀၀ စားရင် လုံလောက်ပါတယ်။ ပုရစ်တစ်ရာဂရမ်ဆိုရင် ကယ်လိုရီ ၁၂၆ ယူနစ်၊ အဆီ ၅.၅၈ ယူနစ်၊ ပရိုတင်း ၁၂.၉ ဂရမ်ပါတာနဲ့ယှဉ်ရင် ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက် လောက်က ပိုသင့်တော်ပါတယ်။

တရုတ်မှာတော့ လောက်တွေကို စီးပွားဖြစ်မွေးပြီး ငါးမွေးကန်တွေကို အစာအဖြစ် ပြန်ရောင်းချတဲ့ စီးပွားရေးက ကြီးထွားနေပါတယ်။ တောတွင်း အသက်ရှင်ခြင်း တီဗီအစီအစဉ်တွေမှာဆိုရင် ရေမရှိလို့ ကျင်ငယ်ရေကို သောက်တာတို့ လောက်တွေကို အာဟာရအတွက် စားတာတို့ကို လူတော်များများ ကြည့်ဖူးကြပါလိမ့်မယ်။ ကမ္ဘာပေါ်မှာတော့ တရုတ်လူမျိုးတွေဟာ အင်းဆက်တွေနဲ့ လောက်တွေကို အမျိုးအစားပေါင်း ၅၀ ကျော်ထိ စားသုံးကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လကဆိုရင် တရုတ်မှာ အင်းဆက်ပိုးကောင် အစားပြိုင်ပွဲတောင် ကျင်းပခဲ့သေးတယ်။

ကမ္ဘာကြီးမှာ တစ်နေ့တခြား လူတွေက တိုးပွားလာ၊ ရာသီဥတုတွေက ဖောက်ပြန်နဲ့ စားနပ်ရိက္ခာ မလုံမလောက်ဖြစ်နေတယ်။ ၁၉၆၅ ခုနှစ်က ကမ္ဘာပေါ်မှာ လူသန်းသုံးထောင်ကျော်ပဲရှိပြီး ၂၀၅၀ ကျရင် သန်းကိုးထောင်ကျော်ရှိလာလိမ့်မယ်။ အများစုဟာ စီးပွားရေးအဆင်မပြေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်ကြရမှာဖြစ်ပါတယ်လို့ သိရပါတယ်။ ဒီ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ၂၀၁၃ ကတည်းက လူတွေကို အင်းဆက်ပိုးမွှားတွေစားဖို့ တိုက်တွန်းခဲ့တယ်။ ဒါဆိုရင် အင်းဆက်မဖြစ်ခင် လောက်ဘ၀တို့ ပိုးတုံးလုံးဘ၀တို့မှာရော စားလို့မရဘူးလားဆိုတာ စဉ်းစားသင့်တယ်လို့ထင်ပါတယ်။ ဒါကြောင့် စီးပွားရေး အမြင်ရှိရင် အခုကတည်းက အင်းဆက်ပိုးမွှားတွေနဲ့ လောက်တွေကို မျိုးစုံကြော်လှော်ချက် ပြုတ်ရောင်းချတဲ့ဆိုင်တွေ ဖွင့်ကြပါလားလို့ တိုက်တွန်းလိုပါတယ်။ ကြားဖူးတာကတော့ လောက်တွေ တီကောင်တွေကို နွားနို့ထဲထည့်စိမ်ပြီး အဲ့အကောင်တွေ ဖောင်းကားလာမှ ဆီပူလေးနဲ့ လှိမ့်လိုက်ရင် သိပ်စားကောင်းတယ်ဆိုပဲ။ ဒါကြောင့် လောက်နဲ့ပတ်သက်ပြီး သိသမျှကို ဆရာစားမချန် ဖော်ပြပေးလိုက်ရပါတယ်။ ဒီအတိုင်းသာကျင့်သုံးကြရင်ဖြင့် လောကမှာ ငတ်သေတဲ့မသာဆိုတာရှိမှာ မဟုတ်တော့ဘူး။

ဒါပေသိပေါ့ဗျာ။ မာဂျေကြီးကို ကျေးဇူးရှင်ကြီးရယ်၊ ဟင်းစားတင်မက ကွန်ချက်ပါပြတာ၊ အရမ်းကျေးဇူးတင်တာပဲ။ ခင်ဗျားရဲ့ သူမတူတဲ့ အတွေးအခေါ်တွေအတွက် ကျေးဇူးဆပ်ပါရစေ။ ကျွန်တော်တို့ ဆိုင်မဖွင့်ခင် လောက်ဆိုတာ ဘယ်လိုအရသာလဲဆိုတာ သိရအောင် လောက်တွေကို ကြော်ပြီး ဆရာ့ဆီလာပို့ပေးမယ်တော့ မပြောနဲ့ဗျ။ မာဂျေက သက်သတ်လွတ်စားနေတာကြာပြီဆိုတော့ ကန်တော့ဆွမ်းပါပဲ။

မာဂျေ

 

Category: 

Share