မကြောက်တတ်နှင့်ဟု ဆိုသော်လည်း အရဲမစွန့်ကြစေလို - မာဂျေ

H1N1 ဆိုတာ ၂၀၀၉ ခုနှစ်ကတည်းက ၀က်တွေကနေ လူတွေကိုကူးတဲ့ တုပ်ကွေးပိုးပါ။ အခုတော့ အဲဒီပိုးကို မြန်မာနိုင်ငံမှာ တွေ့ရုံမက လူ့အသက်တွေတောင် သေနေပါပြီ။ အဲဒီလိုပြောလို့ ၀က်သားမစားဘဲ မနေကြပါနဲ့။ မြန်မာနိုင်ငံမှာတော့ ၀က်တုပ်ကွေးလို့ မခေါ်ပါဘူးတဲ့။ အဲဒါကိုရာသီတုပ်ကွေးလို့ ခေါ်ပါတယ်တဲ့။ ရာသီတုပ်ကွေးဆိုပြီးတော့လည်း မပေါ့ကြပါနဲ့။ အသက်ဆုံးရှုံးတာ ခုနစ်ယောက်တောင် ရှိနေပါပြီ။ မပေါ့ကြနဲ့  ပြောလို့ မကြောက်ကြပါနဲ့။ ကူးစက်ပျံ့နှံ့တဲ့ အခြေအနေ မရောက်သေးပါဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောထားပါတယ်။ အဲဒီလိုပြောလို့လည်း ခပ်ပေါ့ပေါ့ မနေကြပါနဲ့။ တစ်နိုင်ငံလုံး ဟိုပြည်နယ်မှာ တွေ့လိုက်၊ ဒီတိုင်းဒေသကြီးမှာတွေ့လိုက် ဖြစ်နေပါပြီ။ အဲဒီလိုတွေ့တယ်ဆိုပြီးလည်း မလန့်ကြပါနဲ့။ ကူးစက်ရောဂါအဖြစ် ကြေညာဖို့ဆိုတာ လူတစ်ရာသေပြီးမှလို့ပြောတာ ကြားရပါတယ်။ အဲဒီလိုပြောလို့ မလန့်ဘဲလည်း မနေကြပါနဲ့။ ဆေးရုံက ဆရာဝန်တောင် ရောဂါကူးနေပါပြီ။ အဲဒီလိုကူးလို့လည်း မကြောက်ကြပါနဲ့။ အရက်သောက်တဲ့သူတွေမှာ အဲဒီပိုးမကူးနိုင်ပါဘူးတဲ့။ အဲဒီလိုပြောလည်း အရက်လည်း သောက်မနေကြပါနဲ့။ တုပ်ကွေးပိုးကြောင့် မသေဘဲ အသည်းရောဂါနဲ့ သေနေဦးမယ်။

သတင်းစာရှင်းလင်းပွဲ စလုပ်တုန်းက သေတာမပြောဘဲ ရောဂါပိုးတွေ့တာပဲ ပြောသွားပါတယ်။ ဒါကိုလည်း အပြစ်မမြင်ကြပါနဲ့။ လူတွေထိတ်လန့်မှာစိုးလို့ သေတဲ့နှစ်ယောက်ကို ချန်ထားတာဖြစ်နိုင်ပါတယ်။ အဲဒီလို ချန်ပေမယ့် အင်တာနက်ခေတ်ဆိုတော့ ပေါ်လာတာပါပဲ။ အဲဒီလိုပေါ်လာလို့လည်း မစိုးရိမ်ကြပါနဲ့။ သတင်း စာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက အခုတွေ့တဲ့ပိုးဟာ မပြင်းထန်ပါဘူးလို့ ပြောသွားပါတယ်။ အဲဒီလို ပြောတာ ကြားရဖတ်ရပြီးလည်း ခပ်ပေါ့ပေါ့မနေကြပါနဲ့။ သူတို့ပြောပြီးမှသေတာ နောက်ထပ် ငါးယောက် ရှိသွားပါပြီ။ အတိတ်ကံပါလာရင် သေမှာမို့လို့ သေမှာကိုလည်း တွေးမကြောက်ပါနဲ့။ သေမှာကို မကြောက်နဲ့ဆိုပေမယ့် သေပြီးရင် အလောင်းပျောက်မှာတော့ ကြောက်ကြပါ။ အဲဒီလိုပြောလို့လည်း စိတ်မပူပါနဲ့ သေပြီးမှတော့ ဘာမှမသိနိုင်တော့တာ။

H1N1 ကို လူတွေကြောက်နေကြတုန်း တနင်္သာရီတိုင်းက ထားဝယ်နဲ့ရန်ကုန်က မရမ်းကုန်းမှာရှိတဲ့ ကြက်ခြံတွေမှာ H5N1 ပိုးတွေ တွေ့ရပြန်ပြီလို့သိရတယ်။ H5N1 ကို ကြက်ငှက်တုပ်ကွေးပိုးလို့ သတ်မှတ်ပေမယ့် အခုတွေ့တာကိုတော့ ဘယ်လိုမြန်မာမှုပြုမယ်ဆိုတာ မသိရသေးဘူး။ ရာသီကြက်တုပ်ကွေးလို့ပဲ ပြန်မလား၊ စိုးရိမ်ဖွယ်မရှိသော အတောင်ပါသည့် သတ္တ၀ါတုပ်ကွေးလို့ပဲ ပြန်မလား၊ ဘယ်လိုပဲ ဘာသာပြန်ပြန် ကြက်ငှက်တုပ်ကွေးကတော့ ကြက်ငှက်တုပ်ကွေးပါပဲ။ ဒီလိုပြောလို့ ကြောက်စရာမလိုပါဘူး။ ဒီအချိန်မှာ ကြက်သားနဲ့ဝက်သားကို တ၀ကြီးစားဖို့ အခွင့်အလမ်းကောင်းလို့ သဘောပေါက်ပါ။ အဲဒီလိုပြောလို့လည်း မကြောက်မရွံ့မစားနေကြနဲ့ဦး။ သေချာချက်ပြုတ်ပြီးမှစားပါ။ အသားတွေကိုလည်း မခုတ်မထစ်ခင် ရေနွေးပူပူထဲစိမ်ပြီး ပိုးတွေသတ်လိုက်ပါဦး။ ဒီလိုပြောလို့ အဲဒီအတိုင်းလုပ်ရင် ပိုးသေမယ်လို့လည်း တစ်ထစ်ချမမှတ်နဲ့ဦး။ ကူးချင်ရင်တော့ ကြံဖန်ကူးမှာပဲ။ အဲဒီပိုးက မျက်စိနဲ့မှမမြင်ရတာ။ အဲဒီလိုပြောလို့လည်း မစိုးရိမ်ကြနဲ့ဦး။ ခုထိမြန်မာနိုင်ငံမှာ လူကို ကြက်ငှက်တုပ်ကွေးပိုးကူးတာ မတွေ့ရသေးဘူး။ လူကိုကူးတာ မတွေ့ရသေးဘူးလို့လည်း အတင့်ရဲမနေနဲ့ဦး။ ဖျားပြီးသေတဲ့အထဲမှာ ကြက်ငှက်တုပ်ကွေးနဲ့ သေတာမပါဘူးလို့ မပြောနိုင်ဘူး။

ဒီတုပ်ကွေးတွေကို လေထဲကနေ မကူးစက်အောင်ကာကွယ်ဖို့ နှာခေါင်းဖုံးတွေတပ်ဖို့လိုတယ်။ အဲဒီလိုပြောလို့ နှာခေါင်းဖုံးတပ်ရင် မကူးစက်ဘူးလို့ အာမမခံနိုင်ပြန်ဘူး။ အခုတပ်နေတဲ့ အစိမ်းရောင်နှာခေါင်းဖုံးတွေက ကိုယ့်ဆီကပိုး သူများဆီ မကူးအောင်ပဲ ကာကွယ်တာတဲ့။ သူများဆီက ပိုးကတော့ ကိုယ့်ဆီကို ကူးချင်ကူးမယ်တဲ့။ အဲဒီလိုပြောလို့ အကြောက်ပိုစရာမရှိပါဘူး။ နှာခေါင်းဖုံးမတပ်ဘဲ သွားလာနေတဲ့သူတွေက ပိုများနေတာပဲ။ ဒီလိုပြောလို့ မတပ်လည်း ရပါတယ်ကွာလို့ မတွေးနဲ့ဦး။ H1N1 ကာကွယ်နိုင်တဲ့ နှာခေါင်းဖုံး N95 ဆိုတာရှိသတဲ့။ ရှိတယ်ဆိုပြီး ပျော်မနေနဲ့ဦး။ ဈေးက မြောက်နေတာကို သတိထားဦး။

ဒီတုပ်ကွေးရောဂါတွေ ကာကွယ်ဖို့ဆိုတာက လူစုလူဝေးရှိတဲ့နေရာမသွားတာ အကောင်းဆုံးလို့ ပြောတယ်။ အဲဒီလိုပြောလို့ အလုပ်မဆင်းဘဲလည်း မနေနဲ့ဦး။ တုပ်ကွေးကနောက်၊ အလုပ်ပြုတ်တာအရင် ဖြစ်ဦးမယ်။ ဒီလိုပြောလို့ အတင့်မရဲနဲ့ဦး။ ကိုယ့်ဘေးမှာ ထိုင်တဲ့သူက တုပ်ကွေးပိုးရှိတဲ့သူ ဖြစ်နေဦးမယ်။

မကြာခင် အနယ်နယ်အရပ်ရပ်က နတ်ချစ်သူတွေ တောင်ပြုံးမှာ စုကြတော့မယ်။ အရင်က တောင်ပြုံးပွဲမှာHIV ပိုးပဲစစ်တာ။ အခုနှစ်တော့ စစ်စရာတွေက တိုးလာပြီ။ မန္တလေးတိုင်းအစိုးရလည်း ဒီပွဲကို ခွင့်ပြုရမလား ခွင့်မပြုရဘူးလား ခေါင်းခြောက်နေလောက်ပြီ။ အင်တာနက်ပေါ်မှာတော့ တောင်ပြုံးမင်းညီနောင် နှစ်ပါးတောင် နှာခေါင်းစည်းတွေနဲ့ ခေတ်မီနေကြတာ မြင်ရတယ်။ ဒီတော့ တောင်ပြုံးကို သွားမလား မသွားဘူးလား ဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်ကြရမှာပဲ။ မသွားလို့ မင်းကြီးမင်းလေး စိတ်ဆိုးမှာ စိုးရတာကတစ်မျိုး၊ သွားလို့ ရာသီတုပ်ကွေး၊ ကြက်ငှက်တုပ်ကွေးတွေကူးပြီး မသာပေါ်မှာ ကြောက်ရတာတစ်မျိုးနဲ့ နတ်ချစ်သူတွေအတွက် ရှေ့တိုးလည်းထမ်းပိုး၊ နောက်ဆုတ်လည်းလှည်းတုတ်ဆိုတဲ့ ဆုံးဖြတ်ရခက်တဲ့ ကာလပေပဲ။

ဒီတော့ မင်းညီနောင်နှစ်ပါးတောင် နှာခေါင်းစည်း ဆက်ကပ်ထားသေးတာ။ တောင်ပြုံးပွဲသွားမယ့်သူတွေလည်း နှာခေါင်းစည်းလေးတွေနဲ့သွားရင် ဖက်ရှင်လည်းဖြစ်၊ ရောဂါကူးစက်မှုကိုလည်း အထိုက်အလျောက် ကာကွယ်ပြီး ဖြစ်မယ်လို့ထင်ပါတယ်။ မာဂျေက ထင်တာပြောတာကို ဟုတ်ပြီဟဆိုပြီးလည်း အရဲစွန့်ပြီးလည်း မသွားနဲ့ဦး။ တစ်ခုခုဖြစ်ရင် မာဂျေတို့က ရေးစရာသတင်းထပ်ရမှာ။ သွားတဲ့သူတွေက အမှန်ဒုက္ခရောက်မှာ။ မာဂျေကြီးက ဘာလဲဟပြောသမျှတွေက အဖွင့်အပိတ်တွေနဲ့ချည်းပဲ။ လုပ်ရမှာလား၊ မလုပ်ရဘူးလား။ သွားရမှာလား၊ မသွားရဘူးလားဆိုပြီး ပြတ်ပြတ်သားသားလည်း အကြံမပေးဘူးဆိုပြီး အပြစ်တော့ မပြောကြနဲ့ဗျာ။ အခုတလော သွားသွားတက်တဲ့ အစည်းအဝေးတွေ အားလုံးမှာ အဲဒီလိုတွေချည်းကြားနေရပြီး ဘာလုပ်ရမှန်းမသိဖြစ်နေလို့ အဲဒီဓာတ်တွေက စာရေးတဲ့နေရာကို ကူးလာတာပါဗျား။

မာဂျေ

Category: 

Share