ဇာဂနာမရယ်ရတော့ဘူး (၂၃) - ဇာဂနာ

ဇာဂနာ ကောလိပ်ကျောင်းသားဘ၀တုန်းက လူရွှင်တော်ပြိုင်ပွဲနဲ့ တည့်တည့်တိုးဖူးပါတယ်။ ဇာဂနာဆိုတဲ့ သတ္တ၀ါက ဇာတ်စင်လည်း မကြောက်၊ ပရိသတ်လည်းမကြောက်၊ ရယ်စရာလည်း ပြောတတ်သူဆိုတော့ သူငယ်ချင်းတွေက ၀င်ပြိုင်ခိုင်းကြတာပေါ့လေ။ ဒါပေမဲ့ ဇာဂနာက လက်မခံခဲ့ဘူးခင်ဗျ။ ဇာဂနာဆိုတာ မူနဲ့လူပါ ခင်ဗျာ။ Principle နဲ့ နေတဲ့လူပေါ့လေ။ လူရွှင်တော်ကို ဘယ်လိုပြိုင်ပွဲကြီးလုပ်ပြီး ရွေးမှာတဲ့လဲ။ ဘယ်ပေတံနဲ့ ရွေးမှာတဲ့လဲ။ ဘယ်လိုဆုံးဖြတ်မှာလဲ။ ဘာပေါ်မူတည်ပြီး ဆုံးဖြတ်မှာလဲ။ အရေးကြီးဆုံးကတော့ ဘယ်သူတွေက ဆုံးဖြတ်ကြမှာလဲ။

လူပြက်တစ်ယောက်ဆိုတာ လေယူ၊ မျက်နှာ၊ မူရာမချို့၊ ဖော်၊ ပို့၊ ထိ၊ မိဆိုတာ ရှိရပါမယ်။ တစ်ခါ ပစ်၊ ဆိတ်၊ ဘောက်၊ ကန်၊ ခွင်ချ၊ ပြန်၊ နင်းရန် နဘေမှတ်ဆိုတာလည်း ရှိသဗျ။ သေသေချာချာ စဉ်းစားကြည့်ရင် အဲဒီ လူပြက်တစ်ယောက်ရဲ့ အရည်အချင်းဆိုတာကိုက နှစ်မျိုးလုံး တစ်မျိုးနဲ့တစ်မျိုး မအပ်စပ်ဘူးဖြစ်နေတယ်လေ။ လူရွှင်တော်တစ်ယောက်ရဲ့ ရှိသင့်ရှိအပ်တဲ့ အရည်အချင်းတွေဆိုရင်လည်း တစ်ခုနဲ့တစ်ခု လွဲနေပြန်ပါတယ်။

ဒီတော့ လူရွှင်တော်တစ်ယောက်ရဲ့ အရည်အချင်းကို ဘယ်လိုဆုံးဖြတ်မှာလဲ။ မျက်နှာအမူအရာကိုလား၊ (သဘင်အခေါ်ကတော့ ရှုခံပေါ့ခင်ဗျာ)၊ လေသံစကားလုံးကိုလား၊ ပြီးတော့ လူရွှင်တော်တစ်ယောက်က ပြက်လုံးအဟောင်းတွေကိုပဲ ကွက်တိအံကျ ပြက်တတ်ရမှာလား၊ အသစ်ထွင်ပြီး ပြက်တတ်ရမှာလား၊ ဘယ်နှုန်း ဘယ်စံနဲ့ တိုင်းမှာလဲ၊ ပရိသတ်ကို ဝေါခနဲရယ်ရအောင်ပြောရင် အမှတ်ပေးမှာလား၊ ခုမရယ်သေးဘူး၊ အိမ်ပြန်ရောက်မှ တစိမ့်စိမ့်တွေးရင်း ရယ်ရရင် အမှတ်ပေးမှာလား၊ ဒါတွေကို ဘယ်လိုဆုံးဖြတ်မှာတဲ့လဲ။

ဇာဂနာ ဒီလိုနဲ့ ပြိုင်ပွဲမ၀င်ပြိုင်ဖြစ်ခဲ့ပါဘူး။ ပြိုင်ပွဲဝင်ကြတဲ့လူတွေ ကျောင်းရဲ့ဂုဏ်ဆောင် လက်ရွေးစင် လူပြက်တွေဖြစ်နေကြချိန်မှာ ဇာဂနာဟာ ပရိသတ်ပါခင်ဗျ။ ခုတော့ သူတို့က လူရွှင်တော်အလုပ်တွေ စွန့်လွှတ်ပြီး စီးပွားရေးသမားကြီးတွေ၊ အစိုးရအရာရှိမင်းကြီးတွေ ဖြစ်ကုန်ကြချိန်မှာ ဇာဂနာကတော့ လူပြက်ဟာ လူပြက်ပါပဲခင်ဗျာ။

တိုက်ဆိုင်တယ် ပြောမလား၊ အကုသိုလ်ဝင်တယ် ပြောမလားပဲ။ ဇာဂနာ ၁၉၉၅ ခုနှစ်မှာ အင်းစိန်ထောင်ကနေ လွတ်လာတော့ မြ၀တီအငြိမ့်ပြိုင်ပွဲကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ အထက်မှာ ပြောခဲ့သလိုပါပဲ။ ဇာဂနာဟာ မူနဲ့လူပါခင်ဗျ။ ဒီတော့ မပြိုင်ဘူးခင်ဗျ။ ငြင်းခဲ့ပါတယ်ခင်ဗျ။ အဲဒါရဲ့ အကျိုးဆက်က ၂၄ နှစ်တိတိ အငြိမ့်ကပြခွင့် ပိတ်ပင်ခံရတော့တာပါပဲ။ ငြှိုးတာပေါ့လေ။ ငြှိုးတာပေါ့။ သူတို့ခိုင်းတာ မလုပ်တဲ့အတွက် ဇာဂနာသိပ်ချစ်တဲ့ လူပြက်အလုပ် ပေးမလုပ်ဘူးပေါ့ဗျာ။

ပိတ်ပင်ခံရတာ၊ ကန့်သတ်ခံရတာ ဇာဂနာ့ဘ၀မှာ မထူးဆန်းခဲ့ပါဘူး။ တချို့ကတော့ ခြောက်လလောက် တစ်နှစ်လောက်နဲ့ ငိုပြလို့မဆုံးကြဘူးခင်ဗျ။ ထားပါတော့လေ။ ပြောချင်တာက ဇာဂနာ လူပြက်အလုပ်ကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ဘူးဆိုတာပါပဲ။ ဒီလိုပဲ ပြိုင်ပွဲလုပ်ပြီး အမှတ်ပေးဆုံးဖြတ်တာကိုလည်း လက်မခံခဲ့ဘူးခင်ဗျ။ ဒါပေမဲ့ ပြောင်းလဲချိန်တန်တော့လည်း ပြောင်းလဲရတော့တာပါပဲ။ ဒီမိုကရေစီကိုးခင်ဗျ။ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ သဘောပေါ့လေ။ (ဒီလိုပဲ ကြီးကြီးကျယ်ကျယ် လူအထင်ကြီးအောင် ပြောရတာ။ အမှန်ကတော့ ဆရာကြီးလုပ်ချင်တာပါ)။ ငြိမ်းချမ်းရေး အငြိမ့်ပြိုင်ပွဲဆိုပြီး ခပ်တည်တည် လုပ်ချခဲ့ပါတယ်။ ကိုယ့်ပိုက်ဆံပေးရတာမှ မဟုတ်တာ။ Sky Net က ပေးတာကိုးလေ။ ဒါနဲ့ ဇာဂနာလည်း လူအထင်ကြီး ပြီးရောဆိုပြီး အငြိမ့်ပြိုင်ပွဲကြီး ကောက်လုပ်ပစ်လိုက်တော့တာခင်ဗျ။ ဒီတုန်းက ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းတို့လည်း တက်ရောက်ချီးမြှင့်တယ်ဆိုတော့ ပွဲကကြီးတော့တာပေါ့။ အဖွဲ့တွေလည်း နာမည်ကြီးကုန်တယ်ခင်ဗျ။ ဒီစတား၊ မြန်မာပြည်စတား၊ ဟားငါးကောင်တို့ဆိုတာ နေလိုလလို ထင်ရှားလာ တော့တာပါပဲ။

ဒီမိုကရေစီဆိုတော့လည်း ငြိမ်းချမ်းရေးနဲ့ တွဲပါလာတော့တာကိုး။ ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲခင်ဗျာ။ ငြိမ်းချမ်းရေး အငြိမ့်ပြိုင်ပွဲကြီး ၀ှဲချီးကျင်းပအပြီးမှာ ဆုရသွားတဲ့အဖွဲ့တွေလည်း တစ်စစီ ကွဲထွက်ကုန်တော့တာပါပဲ။ ငြိမ်းချမ်းသွားတဲ့သဘောပေါ့လေ။ မတူတာတွေ ပေါင်းထားတာက ဒီမိုကရေစီ ဆိုသလို ခွဲလုပ်ခဲ့ကြရတာကလည်း ဒီမိုကရေစီပါပဲကိုး။ ခုဆို အဲဒီအဖွဲ့တွေ ဘယ်ရောက်ကုန်မှန်းမသိ။ ဘယ်လိုက်ရှာရမှန်း မသိတော့ဘူးခင်ဗျ။ ဇာဂနာတို့တိုင်းပြည်က မကွဲရရင် မနေနိုင်ဘူးကိုးခင်ဗျာ။

ဟော  ခုလည်းမမှတ်ဘူးခင်ဗျ။ ပြန်ကြားရေးဝန်ကြီးဌာနကနေ မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲလုပ်မယ်ဆိုတော့ ဇာဂနာပါလာပြန်တော့တာပါပဲ။ အစကတော့ လူပြက်ကို ဘယ်လိုအမှတ်ပေးမလဲ၊ ဘယ်သူအမှတ်ပေးမလဲနဲ့ စကားကြီးစကားကျယ်တွေ ပြောခဲ့တဲ့ ဇာဂနာဟာ ခုတော့ တိုက်ပုံတကားကားနဲ့ ပွဲတွေလျှောက်တက်နေပါပြီ။ ဒီတစ်ခါတော့ ရန်ကုန်တင်မက မန္တလေးကိုပါ ရောက်တော့တာပါပဲ။
 
မန္တလေးဆိုတာကလည်း သဘင့်မြို့တော်ကြီးကိုး။ (ဒါလည်း သူများပြောလို့ လိုက်ပြောရတာပါ)။ ရန်ကုန်တစ်မြို့တည်း အငြိမ့်ပြိုင်ပွဲလုပ်ရင် ဘယ်တရားပါတော့မလဲ။ မန္တလေးမှာပါလုပ်မှ သဘာဝကျပေတော့မပေါ့။ မန္တလေးက အငြိမ့်အဖွဲ့တွေဆီ ဆက်သွယ်၊ ပြိုင်ပွဲဝင်လျှောက်လွှာတွေပို့နဲ့ အလုပ်တွေရှုပ်တော့တာပါခင်ဗျ။ ဒီမှာတင် ၀ဋ်က စလည်တော့တာပါ။ အငြိမ့်ဆိုတာ ဘယ်လိုပြိုင်ကြမှာလဲ၊ ဘယ်သူတွေက ဘယ်လိုဆုံးဖြတ်မှာလဲ၊ ဘာစည်းမျဉ်းတွေနဲ့ဆုံးဖြတ်မှာလဲ။ ဇာဂနာ လာရှင်းပြပါဆိုတော့ မရယ်ရတော့ဘူးပေါ့ ခင်ဗျာ။

ကိုယ်စတဲ့ဇာတ် ကိုယ်တာဝန်ယူရမယ် မဟုတ်လား။ ဒီလိုနဲ့ အထက်မြန်မာပြည်တစ်ကြော ဇာဂနာ မျောရပါတော့တယ်။ ရွှေဘို၊ မုံရွာ၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊  မြင်းခြံ၊ ပခုက္ကူ အကုန် လှည့်ရပါတော့တယ်။ အငြိမ့်ပြိုင်ပွဲဆိုတာ ဘယ်လို၊ ဘာဆုတွေပေးမယ်၊ ဘယ်လိုပြိုင်ရမယ်ဆိုတာ အာပေါက်မတတ် လိုက်ရှင်းပြရတယ်ခင်ဗျ။

ဒီတော့မှ ရှင်းသွားတော့တယ်ဗျာ။ အငြိမ့်အဖွဲ့တွေကိုက မရှိတော့တာပါတဲ့။ စီးပွားရေးအရကို တွက်ခြေမကိုက်လို့ အငြိမ့်မကတော့တာပါတဲ့။ အဖွဲ့မရှိတော့တာပါတဲ့။ ပြိုင်ပွဲဝင်မယ်ဆိုမှ ဟိုကတစ်ယောက် ဒီကတစ်ယောက် လိုက်ခေါ်လူစုရမှာတဲ့။ အငြိမ့်မြို့တော်ကြီးကိုကြည့်ရင်း ဇာဂနာ ရယ်ရမလိုငိုရမလို ဖြစ်သွားပါတော့တယ်။ ခုကျမှ ပြိုင်ပွဲမလုပ်တော့ပါဘူးဆိုပြီး နောက်ဆုတ်လို့ကလည်း မဖြစ်ဘူးခင်ဗျ။ ဟုတ်ဟုတ်မဟုတ်ဟုတ် လူအထင်ကြီးအောင် စွတ်တိုးရတော့မှာပါ။ ရိုးရာအမွေတွေထိန်းသိမ်းကြစို့တို့၊ ဘာတို့ ကြီးကြီးကျယ်ကျယ် မပြောရဲတော့တာအမှန်ပါ။ ရုပ်သေးလည်းပျောက်ပြီးပါပြီ။ တော်ကြာ အငြိမ့်ပါ ပျောက်ပါတော့မယ်။ နောင် ဆိုင်းတွေ ဇာတ်တွေ ပျောက်တဲ့ကိန်းလည်း ဆိုက်လာပါမယ်။ လောလောဆယ် ကိုယ်တိုင်ဆို၊ ကိုယ်တိုင်ကတဲ့ အငြိမ့်မင်းသမီးတွေ၊ ခွန်းထောက်ကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတတ်တဲ့ အငြိမ့်လူပြက်တွေ ပျောက်စပြုလာပါပြီ။ ဒါကလည်း သိပ်တော့မဆန်းပါဘူးခင်ဗျ။ ရုပ်ရှင်မင်းသား မင်းသမီးတွေက လူပြက်ဝင်လုပ်နေကြတာကိုးဗျာ။ ဒါကြောင့်လည်း ဇာဂနာ မရယ်ရတော့တာ ဘာဆန်းလဲလို့။

ဇာဂနာ

 

Category: 

Share