“ရာဇ၀င်ရိုင်းသူများ” ရုပ်ရှင်ဇာတ်ကားကြည့်ရှုသူများအတွက် သရုပ်ဆောင်ပြိုင်ပွဲပြုလုပ်ကာ ဇာတ်ကားများ ရိုက်ကူးပေးသွားမည်

စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးသော “ရာဇ၀င်ရိုင်းသူများ” ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုသူအနယ်နယ်အရပ်ရပ်မှ ပရိသတ်များအတွက် သရုပ်ဆောင်ပြိုင်ပွဲတစ်ခု ကျင်းပသွားမည်ဖြစ်ပြီး စိန်ဌေးထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးမည့်ဇာတ်ကားများတွင် သင့်လျော်သောအခန်းကဏ္ဍများ၌ ထည့်သွင်း ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောသည်။

“အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ ဒီဇာတ်ကားကြည့်ရှုသူ တွေကို သရုပ်ဆောင်ပြိုင်ပွဲတစ်ခု လုပ်သွားဦးမှာဖြစ်တယ်။ ဆုရရှိသူတွေကို ဇာတ်ကားထဲမှာ ပါဝင်ရိုက်ကူးထားတဲ့သင်္ဘောကြီးပေါ်မှာ ညစာကျွေးမွေးမယ်။ နောက်ပိုင်းမှာလည်း စိန်ဌေးထုတ်လုပ်ရေးကနေ ရိုက်ကူးမယ့်ဇာတ်ကားတွေမှာ အလျဉ်းသင့်သလို ထည့်သွင်းရိုက်ကူးပေးမယ်”ဟု ၄င်းကပြောသည်။

အဆိုပါပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များကို ဇာတ်ကားထဲ၌ ပါဝင်သရုပ်ဆောင်ထားကြသည့် မင်းသား၊ မင်းသမီးတို့က ရွေးချယ်ပေးသွားမည်ဖြစ်သည်။ ပြေတီဦး၊ မြင့်မြတ်၊ လိုင်လာခန်း၊ ပက်ထရစ်ရှာတို့ အဓိကပါဝင် သရုပ်ဆောင်ထားသည့် ယင်းဇာတ်ကားကို သြဂုတ်လအတွင်းရုံတင်ပြသွားမည်ဖြစ်ကာ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က စီစဉ်ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် သရုပ်ဆောင်အဖြစ် ရှစ်ဦးရွေးချယ်သွားမည်ဖြစ်ကာ ဇာတ်ကားပြသပြီးချိန်ဋ္ဌ် ပြိုင်ပွဲဝင်များအတွက် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က အဆိုပါရုပ်ရှင်ဇာတ်ကား၏ အထူးပြပွဲကို သမ္မတရုပ်ရှင်၌ ပြသခဲ့ပြီး ဇူလိုင် ၂၉ရက် နေ့တွင် စံရိပ်ငြိမ်ဂမုန်းပွင့်၊ မင်္ဂလာရုပ်ရှင်ရုံ၌ ဒုတိယအကြိမ် အထူးပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

                       
ဇင်မင်း

Category: 

Share