အလှမယ်သရဖူဆုတံဆိပ်များကို ငွေကြေးဖြင့် ၀ယ်ယူမှုရှိနေသည်ဟုအလှမယ်ဇွန်သံစဉ်ဆို

အလှမယ်ပြိုင်ပွဲများ၌ သရဖူဆုတံဆိပ်ကို ငွေကြေးပေး၍ ၀ယ်ယူရရှိနေသည့် သတင်းများထွက်ပေါ်မှုကို Organization အားလုံးမဟုတ်သော်လည်း အချို့မှာ ရှိနေကြောင်း Miss Universe Myanmar 2017 Winner ဆုရရှိခဲ့သည့် အလှမယ်ဇွန်သံစဉ်က Tomorrow သို့ ပြောသည်။

“အားလုံးမဟုတ်ပေမယ့် တချို့ကရှိကောင်းရှိပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ စိတ်ဓာတ်ချင်းလည်း မတူသလို လုပ်ရပ်တွေလည်းမတူတဲ့အတွက် တစ်ယောက်က အဲဒီလိုလုပ်တာကို မြင်တာနဲ့ အားလုံးခြုံပြီး မထင်လိုက်ပါနဲ့လို့ ပြောချင်တယ်။ ဆုကို ပိုက်ဆံပေးဝယ်လို့ရတယ်ဆိုပေမယ့် ခုလို Winner ဆုရှင်ဖြစ်ခဲ့သူတစ်ယောက်အနေနဲ့လည်း ပရိသတ်တွေသိမှာပါ။ လွန်ခဲ့တဲ့ ၂၀၁၄ ကတည်းက ပြိုင်လာခဲ့ပေမယ့်ကိုယ့်ရဲ့လိုအပ်ချက်တွေကြောင့် ဆုနဲ့လွဲချော်မှုတွေရှိခဲ့တယ်။ ဒါတွေ အားလုံးပြောင်းပြန်လှန်ပြီး ပြောင်းလဲလိုက်တော့ ဒီဆုပိုင်ဆိုင်ရတာ အထွေအထူးပြောစရာမလိုပါဘူး”ဟု ၄င်းက ရှင်းပြသည်။

Miss Universe 2017 ပြိုင်ပွဲကြီးကို ပဉ္စမမြောက် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် နိုဝင်ဘာလအတွင်း သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး National Costume အနေဖြင့် မြန်မာ့ဆိုင်းဝိုင်းဖြင့် ကုန်းဘောင် ခေတ်ကို အခြေခံကာချုပ်လုပ်ထားသည့်ဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲယှဉ်ပြိုင်မည့်နေရာနှင့် နေ့ရက်ကို အတိအကျမသိရှိသေးကြောင်း သိရသည်။

ထို့အပြင် သရုပ်ဆောင်အလှမယ်ဇွန်သံစဉ်သည် ရတနာပုံဇာတ်လမ်းတွဲ၌ သရုပ်ဆောင်ထားပြီး ဗီဒီယိုဇာတ်ကားအနေဖြင့် သရုပ်ဆောင်နေတိုး၊ အိချောပိုတို့ဖြင့် “မနက်ဖြန်တိုင်းမှာ” ဇာတ်ကားကို ရိုက်ကူးထားကြောင်းသိရသည်။ လက်ရှိတွင် ကြော်ငြာရိုက်ကူးမှုများနှင့် ပြိုင်ပွဲကြီးအတွက် ဘာသာစကား၊ ခန္ဓာကိုယ်အချိုးအစားစသည်တို့ကို အဓိကထား၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

                                 
ဇင်မင်း

Category: 

Share