မျိုးချစ်တို့ရဲ့ တိုင်းပြည် - ယင်ကောင်

ယင်ကောင်တို့ တိုင်းပြည်က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အင်မတန်ချစ်ကြတဲ့သူတွေချည်း စုနေကြတာခင်ဗျ။ ဘယ်နားကြည့်ကြည့် တကယ့်မျိုးချစ် ပုဂိ္ဂုလ်တွေချည်းပဲ။ ဘယ်နိုင်ငံမှ  မြန်မာလောက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်ပုံမရဘူး။ အင်္ဂလိပ်တွေတောင် သီပေါမင်းခေတ်က နယ်ချဲ့ခဲ့လို့ခင်ဗျ။ ၂၁ ရာစုမှာသာ လာနယ်ချဲ့လို့ကတော့ နားကားသွားမှာခင်ဗျ။ နားမကားရင်တောင် ခြေကား၊ လက်ကားတော့ ဖြစ်လောက်တယ်။ မြန်မာပြည်မှာ မျိုးချစ်ဘယ်လောက်ပေါလဲဆိုတာ တခြားသွားမကြည့်နဲ့ လူမှုကွန်ရက်မှာပဲကြည့်။ ရခိုင်အရေး ပစ်မပြေးနဲ့တို့၊ ဗုဒ္ဓဘာသာအရေး အစိုးရက ဒုက္ခလာလာပေးတို့ဆိုတဲ့ စာချိုးလေးတွေနဲ့ ချစ်ပြနေလိုက်ကြတာကို ယင်ကောင်ဖြင့် အနောက်နိုင်ငံတွေကို မြင်စေချင်စမ်းပါဘိ။ ရှိစေတော့ ...။

အခုလည်း NLD အစိုးရ ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ မျိုးချစ်တို့ရဲ့အခန်းကဏ္ဍက အရေးပါအရာရောက်လာပြီခင်ဗျ။ အစိုးရသစ်က ဘင်္ဂါလီအရေးကိစ္စ ဆောင်ရွက်တဲ့နေရာမှာ လမ်းဘေးရပ်ထားတဲ့ ကားကို ဆွဲသလောက် မမြန်ဘူးဖြစ်နေတယ်။ ကားဆွဲခွင့်ရထားတဲ့ ကန်ထရိုက်တွေဆို ထိုင်စောင့်နေသလားမှတ်ရတယ်။ ကားပေါ်ကနေ ပလက်ဖောင်းပေါ် ခြေနှစ်ချောင်းတင်ရုံရှိသေး ကားတံခါးလော့ခ်ကျ မကျ ပြန်စစ်ချိန်တောင် မရလိုက်ဘူး။ ကားက ပါသွားပြီတဲ့။ ယင်ကောင်ကတော့ ကိုယ်ပိုင်ကားမရှိလို့ မသိပါဘူး။ ကားရှိတဲ့သူတွေ ပြောတာကြားမိတာပဲခင်ဗျ။ ဒါကြောင့် အစိုးရသစ်အနေနဲ့ ဘင်္ဂါလီအရေး ကိစ္စဆောင်ရွက်တဲ့နေရာမှာ ကားဆွဲခွင့်ရထားတဲ့ ကန်ထရိုက်တွေလို မြန်စေချင်တယ်တဲ့။ ဘယ်သူတွေက ပြောတာလဲဆိုတော့ မျိုးချစ်အဖွဲ့က ပြောတာခင်ဗျ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ကိုယ့်ဗုဒ္ဓဘာသာကို ဖိနှိပ်ထားမှုကိုလည်းယက် အဲ... ရပ်စေချင်ပါသတဲ့။ ဘယ်မှာဖိနှိပ်ထားလို့လဲဆိုပြီး အစိုးရသစ်အနေနဲ့ အထွန့်တက်မတက်ပါနဲ့။ အမျိုးဘာသာ စောင့်ရှောက်နေတဲ့ ဆရာတော်တစ်ပါးကို တရားပွဲစခါနီးမှ မဟောရဆိုပြီး ပိတ်လိုက်တော့ တရားနာပရိသတ် စိတ်ဘ၀င် တအားညှိုးပြီး လိပ်ဖင်သွားထိုး မှာစိုးလို့ ဆရာတော်ခင်ဗျာ ပါးစပ်ကို တိပ်နဲ့ပတ်ပြီး စင်ပေါ်တက်ထိုင်ခဲ့ရတယ်ဆိုပဲ။ ဒီဆရာတော်ကို ဟောပြောခွင့်ပိတ်ခြင်းက ကိုယ့်ဗုဒ္ခဘာသာကို ဖိနှိပ်တာပဲတဲ့ခင်ဗျ။ ယင်ကောင်တော့ ထောက်ခံတယ်။ ယင်ကောင် ဒီလိုထောက်ခံလို့ နေ့စားခ ကျပ်တစ်သောင်းနဲ့အထက် ရတယ်လို့ မထင်နဲ့ ဘေးစကားနဲ့ အတွေးမပွားစေချင်ဘူး။ ဒီအစိုးရသစ်လက်ထက်ကျမှ တရားပွဲတောင် ကျင်းပခွင့်မရကြဘူးရယ်။ တရားပွဲကို မဟားတရားနွှဲချင်တဲ့ ပြည်သူတွေဆန္ဒကို အလေးထားပါလို့ ယင်ကောင်ကတော့ ဖတ်တဲ့သူကို တိုက်တွန်းပါရစေ။ ဘာကြောင့် ဖတ်တဲ့သူကို တိုက်တွန်းလဲဆိုတော့ အစိုးရကစာဖတ်ချင်မှ ဖတ်မှာ၊ ဒါပေသိ တပ်မတော်ကတော့ ရေးသမျှစာ အကုန်ဖတ်ဆိုပဲ။ ထားတော့...။

တချို့က မျိုးချစ်တွေကို စော်စော်ကားကားနဲ့ မော်မော်ကြွားကြွား ပြောတဲ့သူက ရှိသေးတယ်။ ဘာတဲ့ သူတို့ပြောတာ၊ ပထမအကြိမ် လွှတ်တော်ထဲ ဘင်္ဂါလီရောက်နေတုန်းက ဘယ်သွားသေနေလဲလို့၊ မြန်မာလုပ်သားတွေ ထိုင်းနိုင်ငံတို့၊ မလေးရှားနိုင်ငံတို့ရဲ့ ထောင်ထဲရောက်နေပြီ။ ခရီးလွန်နေလား မျိုးချစ်တို့ရေလို့ သကြားပလာတာ မဟုတ်တဲ့ စကားအရာနဲ့ အသည်းမာပြီး ပြောရက်ခဲ့ကြတယ် မဟုတ်လားဗျာ။ ဒါပေသိ မြန်မာနိုင်ငံက မျိုးချစ်တွေက မတုန်လှုပ်ပါဘူး။ မွေးကတည်းက နား၊ မျက်စိမပါသလိုလို နေနေကြတာကလား။ ယင်ကောင်ဖြင့် မျိုးချစ်တို့ စိတ်ဓာတ်ကို အားကျပါဘိနဲ့။ ယင်ကောင်တို့ဆို ခြင်ကိုက်တာတောင် ခံနိုင်တာမဟုတ်ဘူး။ ကိုက်သွားတဲ့ ခြင်မမိမချင်း အိပ်လို့ကိုမရတာ။ ဒီလိုမျိုး စော်ကားလို့ကတော့ ရုံးတိုင်၊ ဂတ်တိုင် လုပ်ပြီးပြီ။ မျိုးချစ်တို့ကတော့ အမျိုးမျိုးအချင်းချင်း ကျီစားတယ်လို့ သဘောထားတယ်ထင်တယ်။ ရုံးတိုင်၊ ဂတ်တိုင် မလုပ်တာကိုက အထင်ကြီးစရာ။ ဒါကြောင့် မျိုးချစ်တို့အဖွဲ့ရဲ့ ခနီ်္တတရားကို ယင်ကောင်တို့ အားကျတယ်လို့ဆိုနေ။

အရင်အစိုးရတုန်းကဆိုရင်  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြင် ငြိမ်းချမ်းရေး၊ လူမျိုးရေးအစ ကျန်းမာရေး၊ ပညာရေးအဆုံး၊ ဘာမှကို ပြောစရာမရှိတာ။ ဒါကြောင့် မျိုးချစ်ပုဂိ္ဂုလ်တွေလည်း အရင်အစိုးရကို ပိုသဘောကျပုံရတယ်ခင်ဗျ။ ဒါယင်ကောင့်အထင်ကို ပြောတာပါ။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ အရင်အစိုးရကလည်း အမျိုးသိပ်ချစ်တာ။ ဘယ်လောက် တောင်ချစ်လဲဆို ၀န်ကြီးများရုံးကိုတောင် တရုတ်ကို နှစ်ရှည်အငှားချဖို့ လုပ်နေတာကို ပယ်ဖျက်ပြီး သက်သေပြခဲ့တဲ့အပြင် တိုင်းပြည်ရဲ့ သွေးကြော ဧရာဝတီမြစ်ကြီးကိုလည်း ကယ်တင်ခဲ့သေးတယ် မဟုတ်လားဗျာ။ အဲ..ထူးခြားတာက ဒီစီမံကိန်းနှစ်ခုကို သူတို့ပဲ အဆိုတင် သူတို့ပဲ ပယ်ဖျက်ခဲ့တာလေးတစ်ခုပဲ။ ဒီအစိုးရကျတော့ ဒီလိုမလုပ်တတ်လို့ထင်တယ်။ မျိုးချစ်တွေ အားရပုံမပေါ်ဘူး။

အခုဆို အစိုးရကို အားမရတဲ့ သံဃာတော်တချို့နဲ့ မျိုးချစ်တွေက ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့မှာရှိတဲ့ အထင်ကရဘုရားတွေအနီးမှာ သပိတ်စခန်းတွေဆိုလား ဖွင့်ကုန်ပြီတဲ့ခင်ဗျ။ ဖွင့်ပြီးရက်ပိုင်းပဲ ရှိသေးတယ် မန္တလေးသပိတ်စခန်းကို ဘယ်နေ့ ဘယ်အချိန် နောက်ဆုံးပိတ်သိမ်းရမယ်ဆိုပြီး ရာဇသံပေးခံရတယ် ကြားတယ်ခင်ဗျ။ သိပ်မကြာပါဘူး။ ညကြီးမင်းကြီး ကားကြီးကားငယ်အသွယ်သွယ်နဲ့ ပါသွားတော့တာပါပဲ။ ဖြစ်ပုံရယ် အထူးကြုံရတာက သပိတ်စခန်းကို ၀န်းရံသူတွေက အသည်းအေးမယ့် ပြည်ထဲရေးက သူတွေဖြစ်နေပြီး ဒီဝန်းရံသူတွေကပဲ သပိတ်မှောက်သူတွေကို လက်ထိပ်ခတ်သွားတာတဲ့ဗျာ။ ဒီသတင်းကို ကြားတဲ့မြို့ကြီးပြကြီးတချို့က သပိတ်စခန်းတွေလည်း အသာတကြည်ပိတ်ကြသတဲ့။ ခေါင်းစဉ်ကတော့ ယာယီပိတ်တာပါတဲ့။

ဒါပေသိ မန္တလေးက အစိုးရ နုတ်ထွက်ပေးရေး သပိတ်စခန်း ဖြိုခွဲခံရလို့ ရန်ကုန်က သပိတ်စခန်း ပိတ်ပစ်လိုက်တာလို့ မနာလိုတစ်စုက လျှာအပိုဆုရထားသလို ပြောနေလေရဲ့။ ယင်ကောင်ကတော့ မထင်ပါဘူး။ အခုခေတ်စားနေတာလဲ သုံးရက် တရားစခန်းတို့၊ ငါးရက် တရားစခန်းတို့ ဖြစ်နေလေတော့ သံဃာတွေဦးဆောင်တဲ့ သပိတ်စခန်းကိုလည်း ရက်တိုပဲလုပ်တယ်ထင်တယ်ဗျ။ ၀ါတွင်းမို့လည်း ဖြစ်တာပါမှာပေါ့။ နောက်တစ်ခါ သပိတ်စခန်းပြန်ဖွင့်ရင်တော့ ယင်ကောင်ရဲ့ မှာတမ်းကတော့ ၀န်းရံသူတွေကို သတိထားခင်ဗျ။ ၀န်းရံသူက အတွင်းရန်သူဖြစ်နေရင် ကိုယ်ကျိုးနည်းရချည့်ရဲ့။ ဘာကြောင့်လဲဆို မြန်မာနိုင်ငံမှာ မျိုးချစ်ဆိုတာ အပြင်မှာထက် လူမှုကွန်ရက်မှာသာ တိုင်းပြည် တစ်ပြည်စာ ရှိနေပါသဗျ။

ယင်ကောင်

Category: 

Share