မောင်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုံးနှင့် အင်တာဗျူး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် ယာလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံ မြိုလူမျိုး ခြောက်ဦးအား သတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် ဒေသခံလူမျိုးများ ဆက်လက်နေထိုင်ရန် စိုးရိမ်မှုများရှိလာသဖြင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ ယင်းအကြမ်းဖက်မှုနှင့်ပတ်သက်၍ ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဂယက်များကို သိရှိစေရန် မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုံးအား ယခုလိုဆက်သွယ်မေးမြန်းခဲ့ပါသည်။

 

Tomorrow ။   ။ ရခိုင်ပြည်နယ် မောင်တောမြို့က ဒေသခံတိုင်းရင်းသားခြောက်ဦးကို သတ်ပြီး  နှစ်ဦးကို ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုပြဿနာက စတာလဲဆိုတာ သိချင်ပါတယ်။
အုံး ။   ။ အခု အသတ်ခံရတဲ့ခြောက်ဦးနဲ့ ဖမ်းဆီးခြင်းခံရတဲ့ နှစ်ဦးတို့က ယာလုပ်နေတဲ့သူတွေပါ။ ကျွန်တော်တို့ဘက်မှာက ယာလုပ်နိုင်တဲ့သူတွေကို မလုပ်နိုင်တဲ့သူတွေက ကူညီပေးတာကလည်း ဓလေ့လိုဖြစ်နေပါပြီ။ ဖြစ်တဲ့နေ့ကလည်း သူတို့အားလုံး ယာလုပ်နေတာကို အကြမ်းဖက်အဖွဲ့က လာပြီး သေနတ်နဲ့ပစ်တယ်။ ဓားနဲ့ခုတ်တယ်။ မသေမချင်း သတ်တာပါ။ ထွက်ပြေးတဲ့သူတွေကိုလည်း လိုက်ပြီး ဓားနဲ့ ခုတ်ပါတယ်။ ရခိုင်မျိုးနွယ်စု မြိုလူမျိုးတွေကလည်း ရန်ရှာတဲ့သူမျိုးတွေ မဟုတ်ပါဘူး။ တောင်ယာလုပ်စားတဲ့ လူမျိုးတွေပါ။ အခုဖြစ်စဉ်က အကြမ်းဖက်အဖွဲ့တွေနဲ့ အသတ်ခံရတဲ့သူတွေ ဖမ်းဆီးခံရတဲ့သူတွေနဲ့က ဘာပြဿနာမှ မရှိခဲ့ဖူးပါဘူး။ အဲဒီအပေါ်မှာ ကျွန်တော့်အမြင်ကို ပြောရရင် အခုတောင်ယာလုပ်တဲ့သူတွေ အဲဒီနေရာမှာရှိရင် အကြမ်းဖက်အဖွဲ့တွေက ဘာမှလုပ်လို့မရဘူးဆိုတော့ အဲဒီလူတွေမရှိအောင် သူတို့က လုပ်တဲ့အနေနဲ့ လာတဲ့သူတွေကို သတ်ပစ်တယ်။ အဲ့လို သတ်ပစ်တဲ့အတွက် မနေရဲကြတော့ဘူး။ ထွက်ပြေးမယ်။ အဲဒီအခါမှာ သူတို့က အကြမ်းဖက်အလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ် ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်တာဖြစ်ပါတယ်။

Tomorrow ။  ။ အခုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သေဆုံးသွားတဲ့သူတွေကို ဒေသခံတွေက ဘယ်လိုစီစဉ်ပေးလဲ။ ဖြစ်ပွားခဲ့တဲ့နေရာမှာရော လုံခြုံရေးဆောင်ရွက်မှု အခြေအနေလေးလည်း သိချင်ပါတယ်။
အုံး ။    ။ ကျွန်တော်တို့ဒေသမှာရှိတဲ့ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေက ကူညီပေးကြပါတယ်။ ပြီးတော့ အစိုးရအဖွဲ့ကလည်း သေဆုံးသွားတဲ့ သူတွေအတွက် ထောက်ပံ့မှုတွေလည်းလုပ်ပေးပါတယ်။ ဒီနေ့ဆိုရင်လည်း ကျွန်တော်တို့ ပြည်နယ်လွှတ်တော်ကလည်း ထောက်ပံ့မှုတွေ လုပ်ပေးပါတယ်။ ဖြစ်စဉ်နေရာကို လက်ရှိလုံခြုံရေးအနေနဲ့ ကတော့ လုပ်ပေးထားပါတယ်။ ပြီးတော့  ဖမ်းဆီးခေါ်ဆောင်သွားတဲ့နှစ်ဦးမှာ တစ်ဦးရဲ့အလောင်းကိုလည်း သြဂုတ် ၅ ရက်မှာ ပြန်လည်တွေ့ရှိပါပြီ။ တစ်ဦး ကျန်နေပါသေးတယ်။ အဲ့တစ်ဦး တွေ့ရှိဖို့အတွက်ကိုလည်း ဆက်လက်စုံစမ်းမှုတွေ လုပ်နေကြပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းရှာဖွေနေတဲ့အပြင် ကျေးရွာလုံခြုံရေးအတွက်လည်း ဆောင်ရွက်ပေးထားပါတယ်။

 

Tomorrow ။   ။ ဒီလိုအကြမ်းဖက်ခံရတဲ့အတွက် ရွာလုံးကျွတ် ပြောင်းရွှေ့နေရတဲ့ အခြေအနေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်ကို ပြောင်းရွှေ့နေရတာလဲ၊ သူတို့ပြောင်းရွှေ့တဲ့နေရာကရော လုံခြုံမှုရှိရဲ့လား။
အုံး ။  ။ စပြီးအကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်တဲ့နေ့ကဆိုရင် ဒေသခံတွေမနေရဲဘဲ ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ တပ်မတော်နဲ့တွေ့လို့ တပ်က အားလုံးကို ပြန်ခေါ်သွားတယ်။ လုံခြုံရေးလည်း လုပ်ပေးထားပါတယ်။ ဒီနေ့လည်း အဲဒီမှာရှိတဲ့ ဒေသခံတွေနဲ့ ကျွန်တော်တို့နဲ့ သူတို့ဒေသမှာရှိတဲ့ စာသင်ကျောင်းမှာ တွေ့ဆုံခဲ့ပါတယ်။ ဒေသခံတွေက လက်ရှိဒီဒေသမှာ မနေရဲတဲ့အတွက် လုပ်ကိုင်စားသောက်ဖို့ ယာနဲ့နေအိမ်ဆောက်လို့ရရှိမယ့်နေရာကို တောင်းဆိုကြပါတယ်။ ဒီနေရာမှာ မနေရဲကြတော့လို့ပါဆိုပြီး ပြောကြတယ်။ ရွာကိုစွန့်ပြီး ပြောင်းရွှေ့တဲ့သူတွေကလည်း တစ်ဦးစ နှစ်ဦးစ ပြောင်းရွှေ့တာမဟုတ်ဘဲ အားလုံးစုပေါင်းပြီး ပြောင်းရွှေ့တာဖြစ်တဲ့အတွက် တပ်နဲ့တွေ့ပြီး အားလုံးကို တစ်စုတစ်ဝေးတည်း ပြန်ခေါ်သွားတာပါ။ အားလုံး ရွာကိုပြန်လိုက်သွားကြပါတယ်။ အခု အကြမ်းဖက်ခံ ရတဲ့ရွာတွေကို တပ်က လုံခြုံရေး ယူပေးထားပါတယ်။

 

Tomorrow ။   ။ လွှတ်တော်ကိုယ်လှယ်တစ်ဦးအနေနဲ့ ဒေသခံတွေတောင်းဆိုတဲ့မြေနဲ့ လုပ်စားစရာ ယာတွေအတွက် ပြည်နယ်လွှတ်တော်မှာ တင်ပြဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါလား။
အုံး ။    ။ သူတို့ တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်ပြဖို့ အစီအစဉ်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လွှတ်တော်မှာ သူတို့နဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ပေးဖို့အတွက် တောင်းဆိုရမှာပါ။ ဒါပေမဲ့လည်း အစီအစဉ်တော့ မကျသေးပါဘူး။ လုပ်ဖြစ်အောင်တော့ လုပ်မှာပါ။ ကျွန်တော့်ပြည်နယ်ထဲမှာရှိတဲ့ ဒေသခံတွေ တစ်ခုခုဖြစ်အောင် လုပ်ပေးမှာပါ။ တစ်ခုရှိတာက ကျွန်တော်တစ်ယောက်တည်းအနေနဲ့ လုပ်လို့မရသေးပါဘူး။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ဒီကိစ္စကို လွှတ်တော်မှာ ၀ိုင်းဝန်းဆွေးနွေးဖို့ကို အကြံပြု ပြောကြားလိုပါတယ်။

 

Tomorrow  ။   ။ လက်ရှိ အကြမ်းဖက်မှုဖြစ်ပွားတဲ့ဒေသရဲ့ လုံခြုံရေးအခြေအနေက ဘယ်လိုရှိပါသလဲ။
အုံး ။    ။ ဖြစ်နိုင်ရင်တော့ အခုဖြစ်တဲ့နေရာမှာ စခန်းချပြီးတော့ လုံခြုံရေးတွေက နေရာယူထားသင့်တယ်။ အခုဖြစ်နေတဲ့နေရာက တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတယ်။ ပြီးတော့ အကြမ်းဖက်သမားတွေ အများဆုံး ခိုအောင်းနေတဲ့နေရာလည်း ဖြစ်တယ်။ အဲ့ဒီလိုခိုအောင်းနေတဲ့သူတွေများလာရင် တစ်ချိန်ချိန်မှာ မြို့ကိုတက်လာပြီး ရန်ရှာနိုင်တယ်။ ပြီးတော့ အဲဒီမှာရှိတဲ့ ကိုင်းကြီးရခိုင်ရွာကိုလည်း ထပ်ပြီး အကြမ်းဖက်လာမယ့် အခြေအနေတွေရှိပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ စခန်းချပြီး လုံခြုံရေး ယူထားသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။

 

Tomorrow ။   ။ ရခိုင်မျိုးနွယ်စုတွေကို အကြမ်းဖက်အဖွဲ့တွေက အခုလိုသတ်ဖြတ်မှုတွေ လုပ်နေတာ ဘယ်နှစ်ကြိမ်ရှိပါသလဲ။
အုံး ။    ။ အဲ့ဒီလိုမျိုး အကြိမ်အရေအတွက်နဲ့ ပြောလို့တောင် မရတော့ပါဘူး။ အခုဖြစ်တာက တောင်ပိုင်း၊ မြောက်ပိုင်းမှာလည်း မကြာသေးခင်ကမှ ရွာသားနှစ်ဦးကို အကြမ်းဖက်အဖွဲ့တွေက သတ်ခဲ့တယ်။ အခု သိပ်မကြာဘူး။ အခုတစ်ခါ ထပ်ပြီး တောင်ပိုင်းမှာ အသတ်ခံရတယ်။ ဒါကြောင့် အကြိမ်အရေအတွက်နဲ့ ပြောရတယ်။ ရေလို့တောင် မရတော့ပါဘူး။ အခုလိုဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းကလည်း ကျွန်တော်တို့ဘက်မှာ စစ်အုပ်ချုပ်ရေးကမရှိတော့ဘူး။ ဒါပေမဲ့လည်း တပ်က၀င်ထွက်နေတာတော့ ရှိပါတယ်။ ဒါကြောင့် အခုဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် အဓိက ကျွန်တော်တို့ဘက်မှာ လိုအပ်နေတာက တပ်မတော် လိုအပ်နေတာပါ။ တပ်က ၀င်ပြီး နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အကြမ်းဖက်သမားတွေက ရဲတပ်ဖွဲ့ဝင်တွေဆိုရင် သိပ်မကြောက်ကြဘူး။ တပ်ကိုပဲ ကြောက်ကြတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောရရင်လည်း ဥပဒေကြောင့် ဖြစ်နေရတာပါ။ ရဲတပ်ဖွဲ့မှာက လုပ်ပိုင်ခွင့်ပါဝါက သိပ်မရှိတော့ဘူး။ တပ်မှာပဲရှိနေတော့ အကြမ်းဖက်အဖွဲ့တွေက တပ်ကိုပဲ ကြောက်ကြတာပါ။

 

Tomorrow ။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ ဖြည့်စွက်ပြောကြားလိုများရှိရင် အကြံပြုပြောကြား ပေးစေလိုပါတယ်။
အုံး ။    ။ ကျွန်တော်တို့ဒေသတွေကို တရားဥပဒေစိုးမိုးဖို့လိုတယ်။ ဥပဒေကိုလည်း လေးစားလိုက်နာဖို့ လိုတယ်။ ကိုယ့်တာဝန်ကိုကိုယ် ကျေပွန်ဖို့လည်း လိုတယ်။ ပြည်သူရဲ့အသံကိုလည်း အစိုးရက နားထောင်ဖို့ လိုတယ်။ ပြည်သူက ပြောလာတဲ့သတင်းတွေကို အစိုးရက တိတိကျကျ နားထောင်ဖို့လိုပါတယ်။ ဒါတွေ အားလုံး တစ်ဦးကိုတစ်ဦး လေးစားလိုက်နာမှုတွေနဲ့ လုပ်သွားမယ်ဆိုရင် ဒီနေရာကို ထိန်းချုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
Tomorrow ။   ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်


ဆက်သွယ်မေးမြန်းသူ-ပိုင်လေး

 

Category: 

Share