အတိတ်၏ အရိပ်တစ္ဆေများကြောင့် သမိုင်းထဲတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံ - လက်စောင်းထက်

အစိုးရသစ်၏ တစ်နှစ်ခွဲတာ သက်တမ်းအတွင်း မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်ကို ပြည်တွင်းနှင့်ပြည်ပ ကျွမ်းကျင်သူပညာရှင်များက ဖိုရမ်တစ်ခုပြုလုပ်ရန် သုံးသပ်လျက်ရှိသည်။ ထိုဖိုရမ်တွင် စစ်ဘက်မှ အရပ်ဘက် အုပ်ချုပ်မှု ကူးပြောင်းခြင်း၊ ဈေးကွက်စီးပွားရေးစနစ်နှင့် ငြိမ်းချမ်းရေးကဏ္ဍကြီးသုံးရပ်ကို သုံးသပ်ဆွေးနွေးခြင်း ဖြစ်သည်။

စစ်ဘက်မှ အရပ်ဘက်အုပ်ချုပ်မှု ကူးပြောင်းဖြစ်စဉ်အား ဆွေးနွေးကြရာတွင် အင်ဒိုနီးရှားနိုင်ငံမှ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Wi Jojo က အင်ဒိုနီးရှားတွင် အရပ်ဘက်ကူးပြောင်းမှုဖြစ်စဉ် Model ကို တင်ပြဆွေးနွေးခဲ့သည်။ အင်ဒိုနီးရှားတွင် ကူးပြောင်းမှုအောင်မြင်ခဲ့ရခြင်း အဓိကအချက်မှာ အင်ဒိုနီးရှားနိုင်ငံကို ထူထောင်ခဲ့သော သမ္မတဆူဟာတိုက ၁၉၉၈ ခု မေလ ၂၁ ရက်နေ့တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရှေးရှု၍ ရာထူးမှနုတ်ထွက်သွားခြင်းသည် အဓိကကျကြောင်း ထောက်ပြသွားခဲ့သည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ ၁၉၄၅ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖျက်သိမ်းဘဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ရှေးရှုသော ဖြည့်စွက်ချက်များကိုသာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ၁၉၄၅ ခုနှစ် တပ်မတော်ကရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြည့်စွက်ချက်ဥပဒေဖြင့် ၁၉၉၈ အောက်တိုဘာလ ၅ ရက်နေ့တွင် Paradigm အသစ်အဖြစ် သမ္မတကြီးဆူဟာတို နုတ်ထွက်သွားပြီး ဒုတိယသမ္မတ ဒေါက်တာ Habible ကို သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်းက အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည်။ ၁၉၉၉ မှ ၂၀၀၂ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း သမ္မတအသစ် ဒေါက်တာ Habible သည် ၁၉၄၅ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို အလေးထားဆောင်ရွက်ခဲ့သလို New Paradigm ကြောင့် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေများကိုလည်း လွှတ်တော်၌ ပြင်ဆင်နိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်မှာ အင်ဒိုနီးရှားတပ်မတော်၏ လက်အောက်မှ ရဲတပ်ဖွဲ့ကို အရပ်ဘက် အုပ်ချုပ်ရေးသို့ ရွှေ့ပြောင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ ပြည်သူများက တိုက်ရိုက်ရွေးချယ်နိုင်သည့် သမ္မတရွေးကောက်ပွဲကို ထိုနှစ်မှာပင် ကျင်းပနိုင်ခဲ့သည့်အတွက် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ Yudhoyono မှာ ရွေးကောက်ပွဲမှ ပထမဆုံးပေါ်ထွက်လာသည့် သမ္မတ ဖြစ်ခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် တပ်မတော်ကသာ စိတ်ထက်သန်မှုပါဝင်နေခြင်းမှာ အောင်မြင်ရခြင်း၏သော့ချက် ဖြစ်သည်။

မြန်မာနိုင်ငံတွင်မူ အရပ်ဘက်ဆိုင်ရာအုပ်ချုပ်ရေး အားကောင်းစေရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရန်ကိုသာ နိုင်ငံရေးအဖွဲ့အစည်းများက တစိုက်မတ်မတ် တွန်းအားပေးနေခဲ့သည်။ အင်ဒိုနီးရှားလို Paradigm မဖြစ်ပေါ်ရသည့် ပြဿနာမှာ Stakeholder များ၊ Institution အသီးသီးနှင့် အစိုးရမှ မြန်မာ့ တပ်မတော်ကို ပြောင်းလဲချင်စိတ်ဖြစ်ပေါ်စေရန် စေ့ဆော်မှုမပေးနိုင်ခြင်း ဖြစ်သည်။ စေ့ဆော်မှုမပေးနိုင်ခြင်း၏ အခြေခံအကြောင်းတရားမှာ နိုင်ငံအတွက် ယုံကြည်မှုတည်ဆောက်ရန်လိုကြောင်း သဘောပေါက်ရန် ပျက်ကွက်နေခြင်းကြောင့်ဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အတိတ်သမိုင်း ဖြစ်ရပ်များကြောင့် နိုင်ငံရေးပါတီများကို မယုံရဲသေးဘဲ ကာလအတိုင်းအတာတစ်ခုအထိ Save Zone ထဲတွင် နေထိုင်လိုပုံရသည်။ ထိုအချက်များက အရပ်ဘက်အုပ်ချုပ်ရေးကူးပြောင်းရန် ဟန့်တားမှုများဖြစ်နေသည်။ Wi Jojo ကတော့ အချိန်ယူပါဟု ပြောသည်။ အင်ဒိုနီးရှားတွင် ၁၅ နှစ် အချိန်ယူခဲ့ရကြောင်း သိရသည်။  

ဈေးကွက်စီးပွားရေးစနစ်ကို သုံးသပ်ရာတွင်လည်း မြန်မာနိုင်ငံ၏ လတ်တလောစီးပွားရေးအခြေအနေမှာ ငွေကြေးဖောင်းပွမှု၊ ဘတ်ဂျက်မလုံလောက်မှု၊ ပို့ကုန်တန်ဖိုးများ ကျဆင်းနေမှု၊ ကုန်သွယ်မှု လိုငွေများပြနေမှု၊ လယ်ယာကဏ္ဍနှင့် အလုပ်သမားကဏ္ဍများတွင် အထွေထွေဆုတ်ယုတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ဖိုရမ်၏ ဒုတိယနေ့၌ ဆွေးနွေးရာတွင် မြန်မာ့နိုင်ငံ၏စီးပွားရေး ထုံထိုင်းနေခြင်း၏ အကြောင်းအရင်းများတွင် အကန့်အသတ် ဖြစ်နေသည့်  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြောင့်ဖြစ်ကြောင်း၊ လွှတ်တော်၌ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရယူထားသလို ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ၏ အုပ်ချုပ်မှုသည် တပ်မတော်အောက်တွင် ရှိသည့်အတွက် အရပ်သားအစိုးရက ထိထိရောက်ရောက် ထိန်းကျောင်းနိုင်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ထိုအကြောင်းပြချက်အပေါ် စာရေးသူအနေဖြင့် သဘောတူစရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုပြောဆိုချက်သည် ယေဘုယျဆန်ပြီး စီးပွားရေး ထုံထိုင်းနေရခြင်းအတွက် လုံလောက်မှုမရှိခြင်းကြောင့် ဖြစ်သည်။ စာရေးသူအနေဖြင့် အစိုးရသစ်လက်ထက် အဘယ့်ကြောင့် စီးပွားရေးထုံထိုင်းနေသည်ကို ဆောင်းပါးအဖုံဖုံဖြင့် ထောက်ပြခဲ့ပြီးဖြစ်သည်။ အရှိတရားများကို လေ့လာကြည့်ပါက ၂၀၁၁ ခုနှစ် အစိုးရအပြောင်းအလဲတွင် သမ္မတဦးသိန်းစိန်လက်ထက်၌ ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်ပေါ်လာခြင်းအတွက် ပြည်ပလုပ်ငန်းရှင်များစွာ ၀င်ရောက်ခဲ့ပြီး GDP လည်း တိုးတက်ခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် GDP တိုးတက်မှုနှုန်းမှာ ၂၀၁၂ ခုနှစ်တွင် ၇.၃ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ၈.၄ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၈ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၇.၃ ရာခိုင်နှုန်း ရောက်ခဲ့သော်လည်း သမ္မတဦးထင်ကျော်လက်ထက် မြန်မာ့ GDP တိုးတက်မှုမှာ ၆.၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ထိုသို့ ကျဆင်းရခြင်းတွင် ဗဟိုဘဏ်မှ စည်းကမ်းများ၊ ညွှန်ကြားချက်များ အမျိုးမျိုးထုတ်ပြန်ခြင်း၊ တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုအတွက် တိုက်ရိုက်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ပတ်သက်၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ အစိုးရသစ်တွင် စီးပွားရေးတိုးတက်စေရန် တိကျသော Master Plan မရှိခြင်း (ဗဟိုအစိုးရ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒထုတ်ပြန်ရန် နှောင့်နှေးခြင်း)၊ ဆောက်လုပ်ရေးဆိုင်ရာမူဝါဒများ အားနည်းခြင်း (ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းလိုက်သည့်ဖြစ်ရပ်နှင့် နိုင်ငံခြားသားများအား ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပြုမည့် ကွန်ဒိုမီနီယံဥပဒေ အလုပ်မဖြစ်ခြင်း)၊ နိုင်ငံတွင်း၌ အလုပ်အကိုင် ဖန်တီးမှုအားနည်းခြင်း၊ လယ်ယာကဏ္ဍတွင် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုမရှိခြင်းများကြောင့် စီးပွားရေးအကျိုးဆက်များကို ခံစားနေရခြင်း ဖြစ်သည်။

ထို့အပြင် အစိုးရသစ်လက်ထက် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှု နှောင့်နှေးနေရခြင်းမှာ ပြင်ပပယောဂများကြောင့်မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ အခြေခံအဆောက်အအုံ မပြည့်စုံခြင်း၊ အခွန်ကြီးမြင့်ခြင်း၊ လူနေမှုစရိတ် မြင့်မားခြင်းများကြောင့်သာ ဖြစ်သည်။ ပြည်တွင်းရှိ စီးပွားရေး အင်အားစုများအပေါ် လျစ်လျူရှုခြင်းများကြောင့် မြန်မာနိုင်ငံ၏ ပြည်ပ၀င်ငွေရရှိသည့် လမ်းကြောင်းဖြစ်သော အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အလုပ်သမားများနှင့် အလုပ်ရှင်ကြား လုပ်ခ၊ လစာ၊ အချိန်ပို ပြဿနာများကို အလုပ်သမားဝန်ကြီးဌာနက မဖြေရှင်းနိုင်သည့်အတွက် ကမ္ဘာကျော် နာမည်ကြီးအ၀တ်အထည် အမှတ်တံဆိပ်များ ထုတ်လုပ်နေသော တရုတ်နိုင်ငံမှ CMP မှာ မြန်မာနိုင်ငံတွင် ဆုံးရှုံးမှုများကြုံခဲ့ရသည်။ စာချုပ်ချုပ်ဆို၍ ပေးပို့ရသော အမှာစာများအတွက် အလုပ်သမားပြဿနာပေါ်ပေါက်ပါက ရင်းနှီးမြှုပ်နှံသည့် အထည်ချုပ်ကုမ္ပဏီသာ ဒေ၀ါလီခံရမည်ဖြစ်သည်။ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တာစူနေသည့် အထည်ချုပ်လုပ်ငန်းများမှာ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မွန်ဂိုလီးယားနိုင်ငံများသို့ လှည့်သွားခဲ့ပြီဖြစ်သည်။ ပြည်တွင်းစီးပွားရေးနှေးကွေးမှုကြောင့် ယခုအခါ ဘဏ်များတွင် အပ်နှံငွေများ စုပုံနေပြီး ငွေများစီးဆင်းမှု နည်းပါးသွားသလို ဘဏ်များအနေဖြင့်လည်း အတိုးစရိတ်များကြောင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိနေသည်။ ထိုအခြေအနေများကြောင့် တပ်မတော်မှ ၀န်ကြီးဌာန သုံးခုကို တိုက်ရိုက်ချုပ်ကိုင်ထားခြင်းဟူသည့် အကြောင်းပြချက်မျှဖြင့် လုံလောက်မည်မဟုတ်ပေ။

ပြည်တွင်းစစ်များ ချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးရရှိရန် လုပ်ငန်းစဉ်များမှာလည်း ရိုးရိုးသားသား သုံးသပ်ပါက ဖြစ်ပေါ်တိုးတက်မှုများမှာ နှေးကွေးလျက်ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ ငြိမ်းချမ်းရေးရရှိရန်အတွက် အုပ်ချုပ်ရေးစနစ်ဟောင်းထဲမှ ပြုပြင်ပြောင်းလဲရေးကို မလိုလားသောအင်အားစုများ၊ ပဋိပက္ခရှိသော အင်အားစု နှစ်ဖက်စလုံးမှ အတိတ်၏ အရိပ်များကြောင့် ခေါင်းမာပြီး မလိုက်လျောနိုင်သော အင်အားစုများကို ဖျောင်းဖျ စည်းရုံးနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အတိတ်ကာလ ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့မှုများကို လေ့လာကြည့်ပါကလည်း ပါလီမန်အစိုးရခေတ်တွင် ၁၉၅၈ ခုနှစ်၏ လွတ်ငြိမ်းချမ်းသာခွင့် သဘောတူညီချက်ဖြင့် တောတွင်းရောက် အဖွဲ့အစည်းများကို စေ့စပ်ဆွေးနွေးခဲ့သော်လည်း အစိုးရ၏ အထွေထွေအားနည်းမှုကြောင့် အောင်မြင်မှုမရှိခဲ့ပေ။ ထိုနည်းတူ တော်လှန်ရေးကောင်စီတက်လာပြီး ၁၉၆၃ ခုနှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သဘောတူညီမှုဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့သော်လည်း ပြည်ထောင်စုနိုင်ငံတော်မှ တချို့သော အင်အားစုများ ခွဲထွက်လိုခြင်း၊ တပ်မတော်က ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လက်မခံခြင်းကြောင့် မအောင်မြင်ခဲ့ပေ။ တပ်မတော်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးခြင်း၊ လက်နက်ဖြုတ်သိမ်း၍ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲခြင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ အပစ်အခတ်ရပ်စဲခြင်းမျိုးစုံကို ပြုလုပ်ခဲ့သော်လည်း နိုင်ငံတွင်းနှင့်နိုင်ငံပြင်ပမှ အစိုးရအပေါ် တရားဝင် အသိအမှတ်ပြုမှုပြဿနာကြောင့် အောင်မြင်မှုမရခဲ့ပေ။ ယခု ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှု ဖြစ်စဉ်တွင် ယခင်အတိုင်း အတိတ်၏အရိပ်တစ္ဆေများကြောင့် သမိုင်းထဲတွင် ပိတ်မိနေပါက ကမ္ဘာပေါ်တွင် အစစအရာရာ ကျရှုံးနေသောနိုင်ငံအဖြစ် ကျန်ရစ်ခဲ့လိမ့်မည်ဖြစ်ကြောင်း သက်ဆိုင်သူအားလုံးအား သတိပြုစေချင်ပါသည်။

လက်စောင်းထက်

Category: 

Share