ဇာဂနာမရယ်ရတော့ဘူး အပိုင်း (၂၄) - ဇာဂနာ

ခုရက်ပိုင်း ဇာဂနာတော်တော်ကို အိမ်မကပ်နိုင်ဘူး ဖြစ်နေပါတယ်ခင်ဗျ။ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ဆိုတာကြီးကို ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ပါတယ်။ တစ်ဆင့်တက်လာပြီး အငြိမ့်ပြိုင်ပွဲရော၊ ပဒေသာက ပွဲရောပါလာတယ် ခင်ဗျ။ သတ်မှတ်ထားတဲ့ရက်ကလည်း စက်တင်ဘာလ ၁၅ ရက်နေ့ဆိုတော့ ဇာဂနာတို့လည်း ပန်ဒါဝက်ဝံကလေးဓာတ်လိုက်သလို ဖြစ်နေတာပေါ့ခင်ဗျာ။

ရုပ်ရှင်ဆိုတာကလည်း ခေတ်နဲ့အညီ ပြောင်းလဲလာတော့ 7.1 Surround System တွေ ဆိုတာကလည်း လုပ်ရပါတယ်။ တော်တော်ဇယားရှုပ်ပါတယ်ခင်ဗျ။ အသံဖမ်းထားတဲ့လိုင်းတွေ အများကြီးနဲ့ ဒစ်ဂျစ်တယ်ဆိုတာတွေ ပါလာတော့ ဇာဂနာတို့ ဘာမှနားမလည်တော့ဘူးခင်ဗျ။ ဒီကြားထဲ DCP ဆိုတာကြီးနဲ့ ပြရမယ်တဲ့။ အရင်ကလို ရုပ်ရှင်ဖလင်နဲ့ မီးထွန်းထားတဲ့ စက်ကြီးတွေနဲ့ပြတာ မဟုတ်တော့ဘူးခင်ဗျ။ လက်ဖ၀ါးသာသာလောက် သေတ္တာလေးထဲမှာ အရုပ်တွေ အသံတွေ စုပြုံထည့်ထားပြီး တစ်တောင်သာသာရှိတဲ့ သေတ္တာပုံးထဲထည့်ပြရတာကိုး ခင်ဗျာ။

ခေတ်ကာလက ပြောင်းလာလေလေ၊ သိပ္ပံပညာတွေကလည်း တိုးတက်လာလေလေ၊ နည်းပညာတွေကလည်း အံ့မခန်း ဆန်းပြားလာတာခင်ဗျ။ အဲတစ်ဖက်မှာ အလွယ်တကူ ခိုးယူလို့ ရတာတွေကလည်း ပေါများလာတယ်ခင်ဗျ။ စောစောက ဇာဂနာပြောတဲ့ လက်ဖ၀ါးသာသာ သေတ္တာလေးထဲက အရုပ်တွေ အသံတွေကို KDM လို့ခေါ်တဲ့ လျှို့ဝှက်စကားလုံးနဲ့ ဖွင့်ရပိတ်ရတယ်ခင်ဗျ။ ဒါကိုတောင် ရအောင်ခိုးတဲ့သူတွေကလည်း ခိုးတယ်ခင်ဗျ။ တော်လိုက်ကြတာနော်။

ကိုယ့်အိမ်ကိုယ်ထိုင်နေရင်း Video ကြည့်နေတဲ့သူတွေကို နိုင်ငံခြားဆင်ဆာမဲ့ ကားကြည့်လို့ဆိုပြီး ဖမ်းတယ်ခင်ဗျ။ ဇာဂနာတောင် ဆင်ဆာမဲ့ကား လက်ဝယ်ထားရှိမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရဖူးပါတယ်။ ခုလို ပေါ်တင်ကြီးခိုးတဲ့သူတွေကျတော့ ဘယ်သူကမှ မထိမတို့နိုင်ပြန်ဘူးခင်ဗျ။ တရားဥပဒေစိုးမိုးရေးလို့ ဆိုတာကိုးနော့်။ ဖေ့စ်ဘွတ်ခ်ပေါ် စာရေးတာကျတော့ ၆၆(ဃ)နဲ့ ဖမ်းတယ်ခင်ဗျ။ တရားစွဲပါတယ်ခင်ဗျ။ တရားရုံးကို ပို့ပါတယ်ခင်ဗျ။ ဒါပေမဲ့ ရုပ်ရှင်တွေကို ဖေ့စ်ဘွတ်ခ်ပေါ် အဆီးအတားမရှိ တင်နေတာကျတော့ ဖမ်းမယ့် သူမရှိတော့ပါဘူး ခင်ဗျ။ တရားဥပဒေစိုးမိုးရေးကိုးခင်ဗျာ။

တစ်ခါ အငြိမ့်ပြိုင်ပွဲလုပ်ပြန်တော့ လူရွှင်တော်တွေက မေးလာပြန်ပါတယ်။ အစိုးရကို ဝေဖန်လို့ရသလား။ ပြက်လုံး ထုတ်လို့ရသလားတဲ့။ ဘယ့်နှယ်ဗျာ။ ဘာကြောင့် အစိုးရကိုမှ ပြက်လုံးထုတ်ချင်ရတာပါလိမ့်။ ဇာဂနာလည်း မနေနိုင်တော့ မေးကြည့်ရပါတယ်။ ဘာလို့ ဘယ်လို ပြက်လုံးထုတ်ချင်ရတာလဲလို့။ သူတို့ကလည်း ပြောတယ်ခင်ဗျ။ H1N1 အကြောင်းပြပြီး တောင်ပြုံးမှာ ပွဲမကရတော့တာကို ပြက်လုံးထုတ်ချင်တာတဲ့။

တစ်ခါ အစိုးရအကြောင်းတဲ့။ ဟိုတုန်းက အစိုးရက ခုတစ်မျိုးတော်ကြာတစ်မျိုးတဲ့။ ခုအစိုးရကတော့ ခုတစ်မျိုး ခုတစ်မျိုးတဲ့။ ကြာကြာ မစောင့်ရပါဘူးတဲ့။ တော်ကြာတစ်မျိုးထိ မစောင့်ရပါဘူးတဲ့။ ခုတစ်မျိုး ခုတစ်မျိုးပါတဲ့။ မပြက်ရင် မရဘူးလားဆိုတော့ ဒီမိုကရေစီအငြိမ့်ပွဲတော်လေ။ လွတ်လွတ်လပ်လပ် ပြောရပြက်ရမယ်တဲ့။ ဇာဂနာ ဘာများတတ်နိုင်ဦးမှာလဲ။ တစ်ခါ ငြိမ်းချမ်းရေးအကြောင်း ပြက်လုံးထုတ်ချင်တယ်တဲ့။ ငြိမ်းချမ်းရေး လိုချင်ရင် ကံ့ကော်ပင်အောက်သွားပြီး ထိုင်စောင့်တဲ့။ ငြိမ်းချမ်းရေးရမယ်တဲ့။ တဆက်ထဲ အရိမေတ္တယျဘုရားပါဖူးလို့ရသတဲ့။ ဒါတော့ လွန်တာပေါ့ဗျာ။ အရိမေတ္တယျဘုရားက ဘယ်တော့ ပွင့်မယ်မှန်းမသိ၊ အဲဒီအချိန်ကျမှ ငြိမ်းချမ်းရေးရမယ်ဆိုတာတော့ လွန်တာပေါ့ဗျာ။ ဒါလဲ ဇာဂနာ မတားရဲဘူးခင်ဗျ။ သူတို့က ဒီမိုကရေစီပွဲတော်လေလို့ ပြောဦးမှာကိုး။

တစ်ခါ ဒီမိုကရေစီပဒေသာ ကပွဲတဲ့။ လွှတ်တော်အမတ်မင်းက သူ့မဲဆန္ဒနယ်မြေထဲ လိပ်စာရှာမတွေ့တာကို ပြဇာတ်ကချင်တာတဲ့။ ဒါသက်သက်မဲ့ရိတာခင်ဗျ။ လွှတ်တော်ကိုယ်စားလှယ်လုပ်ပြီး ကိုယ့်နယ်မြေထဲက လမ်းတောင်မသိ၊ ရပ်ကွက်တောင် မသိဘူးလို့ သရော်ချင်တာ။ ဒီလောက်တော့ ဇာဂနာလဲပေါက်ပါတယ်။ မတုံးပါဘူးခင်ဗျ။ ဒီလောက်တော့ ဇာဂနာ့ကို မအဘူးထင်လို့လားလို့ မေးလိုက်ချင်တယ်။

ပြဇာတ်ထဲ အမတ်မင်းက အိမ်လိပ်စာသာ ရှာမတွေ့တာ အနှိပ်ခန်းကျ တန်းရောက်သွားတယ်တဲ့။ ဘုရားဘုရား။ မလုပ်ကြပါနဲ့လို့လည်း မပြောရဲ၊ မတားရဲဖူးခင်ဗျ။ ဒီမိုကရေစီလို့ ပြန်ပြောကြဦးမလေ။ သူတို့မို့လို့ ကြံကြံဖန်ဖန်ပြက်လုံး ထုတ်တတ်တယ်။ ဇာဂနာတို့ကတော့ မပြောရဲဖူးခင်ဗျ။

ရှေးက ဇာတ်ထုပ်ကို ကကြပါလို့ ဆိုတာလည်း ကောင်းကောင်း မကဘူးခင်ဗျ။ တိုင်းပြည်မှာ ဘုရင်က အခွန်တွေတိုးကောက်၊ ကျောင်းတွေကျတော့ ဆရာမရှိ၊ ဆေးရုံတွေကျ ဆေးမရှိ။ ဆေးထိုးအပ်မရှိ။ ကျူရှင်ဆရာလေးတွေက အင်တာလာဗျူးတော့ ပြဿနာတက်။ ဘုရင့်ဆီရောက်တော့ ဘုရင်က သူကြောင့်ဖြစ်တာကို ၀န်မခံဘဲ လွှဲချတယ်ဆိုတဲ့ ဇာတ်ထုပ်ကမယ်တဲ့။ ကောင်းကြသေးရဲ့လားဗျာ။ ရှေးဘုရင်တွေလက်ထက်က ဘယ်မှာ ဆေးရုံရှိမှာတဲ့လဲ။ ဘယ်လို ကျူရှင်ဆရာရှိမှာတဲ့လဲ။ ငါမကောင်း ငါ့အကြောင်းရေး၊ ငါ့မိဖုရားမကောင်း ငါ့မိဖုရား အကြောင်းရေးဆိုတာ မင်းတုန်းမင်းခင်ဗျ။ သူက ၆၆(ဃ) တွေ ၅၀၀ တွေ သိတာမဟုတ်ဘူး။ အာမခံတောင် မရဘူးဖြစ်သွားမှာ။

မြန်မာ့ဒီမိုကရေစီပွဲတော် စီစဉ်သူဆိုတဲ့နေရာကနေ နုတ်ထွက်ခွင့်ပြုဖို့ ပြောပြန်တော့လည်း မရဘူးခင်ဗျ။ ဒီမိုကရေစီတဲ့။ အများဆန္ဒနဲ့ ရွေးချယ်ထားတာတဲ့။ ကိုယ့်သဘောနဲ့ကိုယ် ထွက်ချင်တိုင်းထွက် ၀င်ချင်တိုင်းဝင်လို့ မရပါဘူးတဲ့။ ခက်ပါလေရော။ ဒီလောက် ပြည်ဗဟိုရ်ပွေလီတဲ့ ဒီမိုကရေစီတော့ တောင်းခဲ့မိတာ မှားလိုက်တာလို့ ဇာဂနာဖြင့် ဟစ်လို့သာ ငိုလိုက်ချင်ပါတော့တယ်။ ဒါကြောင့် မရယ်ရတာ ဘာဆန်းလို့လဲဗျာ။

ဇာဂနာ

Category: 

Share