မိတကွဲ ဖတကွဲ ခံစားချက်ကြောင့် မိဘမဲ့ကလေးငယ်များကို အဓိကထား ကူညီပံ့ပိုးမှုများ ပြုလုပ်မည်ဆိုသော သရုပ်ဆောင် ခိုင်နှင်းဝေ

ပြီးခဲ့သည့်နှစ်က ကလေးသူငယ် လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ အထူးသံတမန် အဖြစ်ခန့်အပ်ခြင်း ခံထားရသည့် သရုပ်ဆောင်ခိုင်နှင်းဝေသည် လတ်တလောတွင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေပြီး ပရဟိတလုပ်ငန်းများအနက် မိတကွဲ ဖတကွဲ ခံစားချက်ကြောင့် မိဘမဲ့ကလေးငယ်များကို အဓိကထား ကူညီပံ့ပိုးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

“အစ်မကိုယ်တိုင်က ငယ်ငယ်ကတည်းက မိတကွဲဖတကွဲနေလာရတော့ ကလေးတွေမှာ ခံစားချက် သိမ်ငယ်စိတ်ဆိုတာရှိတယ်။ ဒီလိုကလေးတွေအပေါ်မှာ နှိမ်ချင်တာတွေရှိတယ်။ မသန်စွမ်းတဲ့ လမ်းဘေးရောက် ကလေးတွေကို နွေးနွေးထွေးထွေး မဆက်ဆံတာတွေလည်းရှိတယ်။ ကလေးတွေအပေါ်မှာ ခွဲခြားမဆက်ဆံဘဲ မေတ္တာနဲ့ ဆက်ဆံစေချင်တယ်။ ဒါကြောင့် မိဘမဲ့ကလေးတွေနဲ့ ပတ်သက်ပြီးတော့ အများကြီးကူညီသွားဖို့တော့ရှိတယ်။ ပရဟိတအလုပ်ကတော့ ဆက်တိုက်လုပ်ဖြစ်သွားမှာပါ”ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ကာလများက မြစ်ကြီးနားမြို့၌ စစ်ဘေးရှောင်ကလေးသူငယ်များနှင့် ပြည်သူများ၏ အခြေအနေ စိတ်ခံစားချက် အကြောင်းအရာတို့ကို သွားရောက်ရိုက်ကူးခဲ့ပြီး လတ်တလောတွင် ခိုင်နှင်းဝေပရဟိတ အသင်းထူထောင်ကာ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

 
ထို့အပြင် သရုပ်ဆောင်ခိုင်နှင်းဝေသည် လတ်တလောတွင် ရွှေမန်းချမ်းသာ နှစ် ၄၀ ပြည့်အမှတ်တရ အနုပညာဖျော်ဖြေပွဲ၌ ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး လက်ရှိတွင် သစ္စာသွေးနှင့် ရင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီး အပြင် ကိုယ်ပိုင်ထုတ်လုပ်ရိုက်ကူးထားသည့် ပန်းရိုင်းမျက်ရည်ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်ကျော်ရဲအောင်၊ နေသွေး၊ နေနော်၊ မိုးယံဇွန်စသော သရုပ်ဆောင်များဖြင့် ရိုက်ကူးထားကြောင်း သိရသည်။

 
ဇင်မင်း

Category: 

Share