ခရေမြိုင် ကျဆုံးခြင်း

နေရာ။ မောင်တောခရိုင်
အချိန်။ ၂၀၁၇၊ သြဂုတ်လ ၂၅ ရက်၊ နံနက် ၁ နာရီ။
မောင်တောမြို့နယ်အတွင်းရှိ ရဲစခန်းများကို သြဂုတ်လ ၂၅ ရက်၊ နံနက်လင်းအားကြီးအချိန်တွင် ဘင်္ဂါလီအကြမ်းဖက်သမားများက ၀င်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား တစ်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးတို့ ကျဆုံးခဲ့သလို လက်နက်နှင့် ခဲယမ်းမီးကျောက်များလည်း ဆုံးရှုံးခဲ့သည်။ ထို့နောက် ဘင်္ဂါလီအကြမ်းဖက်မှုများက အရှိန်မြင့်တက်လာပြီး မောင်တောမြို့ပေါ်အထိ ဗုံးခွဲမှုများ၊ တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများ ပြုလုပ်လာသည်။ ဘင်္ဂါလီများမှာ ထောင်ချီရှိနေပြီး တိုင်းရင်းသားများမှာ လူအင်အားနည်းသည့်အတွက် ရွာလုံးကျွတ်စွန့်ခွာပြီး ထွက်ပြေးရလျက်ရှိသည်။

နေရာ။ ခရေမြိုင်ကျေးရွာ
အချိန်။ ၂၀၁၇၊ သြဂုတ်လ ၂၆ ရက်၊ ညနေ ၅ နာရီ။
ဘူးသီးတောင်၊ မောင်တောခရိုင်တစ်ခုလုံး ကမ္ဘာပျက်နေချိန်တွင် နေရာဒေသအသီးသီးသို့ လုံခြုံရေးတပ်ဖွဲ့များ အလျင်အမြန်ရောက်ရန်မှာ ပထ၀ီမြေပြင်အနေအထားအရ အခက်အခဲများ ရှိနေသည်။ ဘင်္ဂါလီအကြမ်းဖက်များက ဘူးသီးတောင် မောင်တော သွားလာရာ လမ်းတစ်လျှောက်ရှိ တံတားများကို ဖျက်ဆီးထားသလို ဗုံးများကိုလည်း လမ်းတစ်လျှောက် ထောင်ထားသည့်အတွက် သွားလာရေးမှာ နှောင့်နှေးလျက်ရှိသည်။ ထိုအခြေအနေပေါ်မူတည်၍ မြို့နှင့် ဆက်သွယ်ရေး ခက်ခဲနေသော ခရေမြိုင်ကျေးရွာ ရဲစခန်းအား ကပ်လျက်ရှိသော ဒုချရားတန်းကျေးရွာနှင့် နိုရူလာကျေးရွာများမှ ထောင်ဂဏန်းရှိသော ဘင်္ဂါလီများက လာရောက်ဝိုင်းရံ ပိတ်ဆို့ပစ်ခတ် တိုက်ခိုက်လာသည်။ ညနေစောင်းတွင် နိုရူလာဘက်မှ ဘင်္ဂါလီများ စတင်ရောက်ရှိလာပြီး မကြာမီတွင် ဒုချရားတန်းဘက်မှလည်း နောက်ထပ် ဘင်္ဂါလီအင်အားစု တစ်စု ချီတက်လာသည်။ ရွာကင်းစခန်းရှိ ရဲတပ်ဖွဲ့အင်အားမှာ နည်းပါးနေသည့်အတွက် ရွာထဲရှိ အမျိုးသားများအားလုံး ရဲတပ်ဖွဲ့နှင့်အတူ ရွာကို ခုခံကာကွယ်ရန် ပူးပေါင်းလိုက်သည်။
နေရာ။ ခရေမြိုင်ကျေးရွာ
အချိန်။ ၂၀၁၇၊ သြဂုတ်လ ၂၆ ရက်၊ ညနေ ၆ နာရီ။
ရွာကို ၀ိုင်းရံထားသော ဘင်္ဂါလီအရေအတွက်က အဆမတန် များပြားနေသော်လည်း ခရေမြိုင်ရွာသားများက သတိ္တပြောင်မြောက်စွာဖြင့် ရဲတပ်ဖွဲ့နှင့်အတူ လက်တွဲ၍ ရွာကျမသွားစေရန် အပြင်းအထန် ခုခံလျက်ရှိသည်။ ယခုလိုအချိန်တွင် စစ်ကူများ ရောက်ရှိလာရန်မှာလည်း မျှော်လင့်၍ မရနိုင်သောကြောင့် ကျေးရွာလူကြီးများ အားလုံး ဆွေးနွေးတိုင်ပင်ပြီး ရွာထဲရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများကို မလှမ်းမကမ်းတွင်ရှိသော လေးမိုင်ရွာဘက်သို့ ပြောင်းရွှေ့ရန် စီစဉ်ရသည်။ ရွာအား လေးဖက်လေးတန်မှ ဘင်္ဂါလီများ ၀ိုင်းပတ်မလာခင် အမျိုးသမီးများနှင့် ကလေးများကို ရွာသားတချို့၏ ဦးဆောင်မှုဖြင့် အမြန်ကယ်ထုတ်ကာ လေးမိုင်ရွာသို့ ဘေးကင်းလုံခြုံစွာ ပို့နိုင်ခဲ့သည်။

နေရာ။ ခရေမြိုင်ကျေးရွာ
အချိန်။ ၂၀၁၇၊ သြဂုတ်လ ၂၆ ရက်၊ ညနေ ၆ နာရီခွဲ။
အချိန်မှာ တဖြည်းဖြည်း မှောင်ရီသန်းလာသည်။ ခရေမြိုင်ကျေးရွာသို့ ၀ိုင်းထားသော ဘင်္ဂါလီ အရေအတွက်မှာလည်း တစ်စတစ်စ များပြားလာသည်။ ဘင်္ဂါလီများက လော်စပီကာများဖြင့် ဟစ်ကြွေးရင်း ညာသံပေးနေသည်။ ရွာရှိ ယောက်ျားသားများနှင့် လက်တစ်ဆုပ်စာ ရဲတပ်ဖွဲ့မှာ ရွာထဲသို့ ဘင်္ဂါလီများ ၀င်မလာစေရေးအတွက် ခြောက်ပစ် ပစ်ရင်း တတ်နိုင်သမျှ ခုခံကာကွယ်နေရသည်။ အချိန်မှောင်လာသည့် နှင့်အမျှ ရွာသားများမှာလည်း ထိတ်လန့်တုန်လှုပ်လာသည်။ ရွာသားများက ကင်းစခန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီးကို အလွန်ခက်ခဲသည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
“အခြေအနေက မကောင်းတော့ဘူး ဆရာကြီး။ ကျွန်တော်တို့လည်း ရွာကိုစွန့်ခွာတော့မယ်”
စတင်းဂန်းသေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ရဲတပ်ကြပ်ကြီးက အသာအယာ ခေါင်းညိတ်ပြသည်။
“ဂရုစိုက်ပြီးသွား ကိုရွှေလှဦး...ကျွန်တော်တို့ကတော့ အမိန့်နဲ့ တာဝန်အရ ခရေမြိုင်ကို အသက်စွန့်ကာကွယ်ဖို့နေခဲ့မယ်။ လေးမိုင်ကို ချောချောမောမောရောက်ရင်လည်း ဖုန်းဆက်ဖို့ မမေ့ပါနဲ့”
ခရေမြိုင်ရွာသားကြီးသည် တပ်ကြပ်ကြီးကို အားပေးနှစ်သိမ့်ရန် စကားလုံးရှာမရသည့်အတွက် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် တစ်ချက်စိုက်ကြည့်ပြီး ကျောခိုင်းလိုက်သည်။ ခရေမြိုင်ရွာအတွင်းမှာ တော့ နိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် လက်တဆုပ်စာ ရဲတပ်ဖွဲ့ဝင်များက သတ်္တိရှိရှိ ကျန်ရစ်ခဲ့သည်။

နေရာ။ ခရေမြိုင်ကျေးရွာ
အချိန်။ ၂၀၁၇၊ သြဂုတ်လ ၂၆ ရက်၊ ညနေ ၇ နာရီ။
ခရေမြိုင်ရွာသည် အမှောင်ထုအတွင်းသို့ လုံးဝကျရောက်လျက်ရှိသည်။ ရွာပတ်ပတ်လည်တွင်တော့ မီးတုတ်များ ကိုင်ထားသော ဘင်္ဂါလီအရေအတွက်မှာ တစ်စတစ်စများပြားလာသည်။ ရွာမှ စွန့်ခွာသွားသော ရွာသားများမှာ လေးမိုင်ရွာရှိ ဒုက္ခသည်များ စုဝေးရာ စာသင်ကျောင်းစုရပ်သို့ အကျအဆုံးမရှိဘဲ ရောက်ရှိသွားခဲ့သည်။ သို့သော် ခရေမြိုင်ရွာတွင် ကျန်ခဲ့သော ရဲတပ်ကြပ်ကြီးထံသို့ မိမိတို့ ချောချောမောမော ရောက်ရှိကြောင်း ဆယ်အိမ်မှူးက ဖုန်းဆက်လိုက်သော်လည်း ဖုန်းဖြေမည့်သူ မရှိတော့ပေ။ ခရေမြိုင်ရွာနှင့် လေးမိုင်ရွာကြားမှာ အဆက်အသွယ်ပြတ်တောက်သွားပြီဖြစ်သည်။
သို့သော် ခရေမြိုင်ရွာအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကတော့ ကဗျာဆရာမောင်မင်းယာ၏ ကဗျာတစ်ပိုင်းတစ်စအတိုင်း “တို့မြေ တစ်လက်မ၊ ကျူးကမခံ၊ ရန်တုံ့ပြန်အံ့”ဆိုသည့်အတိုင်း နောက်ဆုံး သွေးတစ်စက်ကျန်သည်အထိ ရွာကိုကာကွယ်စောင့်ရှောက်ရန် မောင်းပြန်သေနတ်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ကြသည်။
(နောက်ဆုံးရရှိသော သတင်းအရ အကြမ်းဖက်ဘင်္ဂါလီများ လက်အောက်သို့ ခရေမြိုင်ရွာ ကျသွားပြီဖြစ်ကြောင်း သိရှိရသည်။)

 

Category: 

Share