“ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားသည် ကော်ပီပြုလုပ် ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဒါရိုက်တာစတီး ၀န်ခံရှင်းလင်း

လက်ရှိ ရုံတင်ပြသနေသည့် “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားသည်  ရုံစတင်ပြသချိန်၌ ပရိသတ်များ၏ အားပေးမှုများရရှိခဲ့သော်လည်း အိန်္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကားကို အခြေခံကာ မှီငြမ်းရိုက်ကူးထားခြင်း ကြောင့် အွန်လိုင်းစာမျက်နှာများပေါ်၌ မိမိကိုတိုက်ခိုက်လိုသော ရည်ရွယ်ချက်တို့ဖြင့် ဝေဖန်ရေးသားမှုများ ရှိနေကြောင်း အဆိုပါဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာစတီးက ပြန်လည်ရှင်းလင်းခဲ့သည်။

“ဒီဇာတ်ကားက ပရိသတ်အားပေးမှုရရှိနေတယ် ဆိုပေမယ့်လည်း တချို့ဝက်ဘ်ဆိုက်တွေမှာ ကိုယ့်တစ်ယောက်တည်းကို တိုက်ခိုက်နေတာတွေရှိနေတယ်။ အနုပညာရှင်တစ်ယောက်က အနုပညာတစ်ခုဖြစ်ဖို့ဆိုရင် ဘယ်လောက်ထိဒုက္ခရောက်သလဲဆိုတာ သူတို့မသိကြဘူး။ သူတို့က လွယ်လွယ်ထိုင်ရေးနေကြတယ်။ ကိုယ်တိုင်လည်း ဒီဇာတ်ကားက ကော်ပီဖြစ်ကြောင်းဝန်ခံထားပါတယ်။ ပုညခင်ဝတ္ထုကို ကိုယ်တိုင်ရိုက်ခဲ့တော့လည်း မဲပြာပုဆိုးဆိုပြီး ပြောခံရပြန်တယ်။ ကော်ပီရိုက်တော့လည်း ခိုးကူးဆိုပြန်တယ်။ ဒါဆို ဘာရိုက်ကြရမတုန်း၊ ကျွန်တော်သိတဲ့ အနုပညာဆိုတာက ပရိသတ် =ကို ဖျော်ဖြေမှုတစ်ခုအနေနဲ့ပေးချင်တယ်။ ပရိသတ်က ဇာတ်ကားကောင်းရင်ကြည့်မယ်။ မကောင်းရင်မကြည့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချထားတာတွေ့ရတော့ ဒီအပေါ်မှာကို ကျေနပ်တယ်”ဟု ၄င်းက ပြောသည်။

ထို့အပြင် ပွဲခံမယ်ရုပ်ရှင်ဇာတ်ကားကြီး ရုံမတင်မီအချိန်က နမူနာပုံစံဇာတ်ဝင်ခန်းများ၌ နယ်ပရိသတ်များ အားပေးမှုရှိနေသည့် ၀ါရင့်သရုပ်ဆောင် မိုးပြည့်ပြည့်မောင်၏ သရုပ်ဆောင်ခန်းများစွာ ပါဝင်ခဲ့သော်လည်း ကြော်ငြာနှင့် ပိုစတာများ၌ ပါဝင်ထားခြင်းမရှိခဲ့မှုအပေါ် နယ်ပရိသတ်များ၏ ဝေဖန်ရေးသား ပြောဆိုမှုများလည်း ရှိခဲ့သည်။

အဆိုပါဇာတ်ကားသည် R Square ရုပ်ရှင်ထုတ်လုပ်ရေး၏ ပွဲဦးထွက်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာစတီးက  ပုံဖော်ရိုက်ကူးခြင်းဖြစ်ကာ သရုပ်ဆောင်များဖြစ်ကြသော အကယ်ဒမီထွန်းထွန်း၊ ခန့်စည်သူ၊ အိချောပို၊ မိုးပြည့်ပြည့်မောင်စသော သရုပ်ဆောင်များပါဝင်ထားကြောင်း သိရသည်။  

           
ဇင်မင်း

Category: 

Share